မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, September 13, 2018

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ - ၁

သာဓုအကြိမ်တစ်သန်းမက ခေါ်ထိုက်တဲ့ ( ဖြစ်ရပ်မှန်ပါ )


နိုက်ကလပ်မှ မြတ်ဗုဒ္ဓ
 --------------------------
အမေရိကန်ရောက် မြန်မာလူငယ်တစ်ယောက် အကြောင်းပါ ... ဗုဒ္ဓဘာသာဝင်တိုင်း အတုယူဖွယ် အလွန်ကောင်းလှပါတယ် ။ စာရှည်လွန်းလို့ မဖတ်ဘဲ မနေကြပါနဲ့ ဖတ်ဖြစ်အောင် ဖတ်ကြပါ။ အင်တာနက်မှာတွေ့လို့ တင်လိုက်တာပါ၊။


နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘဝ သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံကြည် ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘဝအောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ဘဝခရီး လျှောက်လှမ်းနိုင်ဖို့ဆိုတဲ့ လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက် ကိုယ့်အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ ခု သြဂုတ် လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။ အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။ ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ဝါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင် သွားမယ်ဆိုပြီး ဘယ်သူမှ မခေါ်၊ ဘယ်သူမှ မတိုက်တွန်းဘဲ သွားချင် လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည၁၀နာ ရီကျော်မှ ၂နာရီအထိ နိုက်ကလပ် အဖြစ် ဖန်တီးပြင်ဆင် လိုက်တာပါ ။ ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရားဘုရား–”လို့ ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။



တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်း မြင်နေကျပါ။ ဆိုင်မှာ အလှအပ အဖြစ်ထားတယ်လို့ပဲ သူနားလည်ထား ခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော်လင့် ခဲ့ဘူး။ ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော် မူနေရရှာတယ်။


လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်းကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့် အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အဝတ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မ လေးများက သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက် မှောင်အောင် ဆွဲဆောင်နေပြန်တယ် ။ ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီ ရောင်စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေး ဝန်းကျင်ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ် အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့် ထိုးပြနေသလို စီမံထား လေသလားတော့မသိ။ ဆင်းတုကိုယ်တော်မြတ်ကြီးက  “ငါဘုရား အဇ္ဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများဖြစ်တဲ့ တဏှာ၊ ရတီ၊ ရာဂါတို့ ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမလေးတွေက ညတိုင်း လာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမ လားမသိ ။

ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။ ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီး ချဉ်းကပ်သွားခဲ့တယ်။ အလား–လား– ပိုဆိုး ပါလား။ စကပ်လေးတိုနန့်နန့်နဲ့ မိန်းကလေးက ဘုရားခုံပေါ် ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင်နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကို ကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ တင်ထား ပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက် ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။


ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း ထွက်မိတယ်၊ ဖြစ်နိုင်ရင် ဝါးရင်းဒုတ်နဲ့ အားလုံးကို မောင်း ထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊ “ခါကျဉ်ကောင်မာန်ကြီး ပေမဲ့ တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ ခါးကမသန်” ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာ တတ်နိုင်ပါမည်နည်း။ ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီး ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်း မွှန်နေတဲ့ အရက်နံ့၊ မျက်နှာတော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါး ပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလှုပ်ကာ မြူဆွယ်ပြနေ တဲ့အက၊ ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာ ပဲနော်လို့ သူ့အတွေး သူ့အမြင် နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။


ဘုရားဆိုတာ သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာတော့ တကယ်သနား နေမိတယ်။ ဘုရားနဲ့ဒီဝန်းကျင်က လုံးဝဆန့်ကျင် နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့မျက်နှာတော်ကို စိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ”လို့  မိန့်တော်မူ နေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက် လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက် လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေ ကများ ဒီမြင်ကွင်းကို ခေါ်ပြလေ သလား မသိ။ မည်သို့ပင် ဖြစ်စေ အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာ အတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန် ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက် ရမယ်။ ရန်မျိုးအောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန် အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ်ရမယ့် တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာ ခံယူ လိုက်တော့တယ်။
 “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။

သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင်ကာမမှောင်ကို ကျော်လွန်ကာ တောက်ပခဲ့ပေပြီ၊၊ ရန်မျိုးအောင် ဟာ နောက်နေ့မှာ စောစော အလုပ်ဆင်းဖြစ်တယ်၊၊ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင်သူဋ္ဌေး အလာကို စောင့်နေတယ် ။ သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ဘဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်း မော့ကြည့်တယ်။

“သူဋ္ဌေးကို ပြောစရာရှိလို့ပါ”

“အေး-ပြော ”

“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ 
ဒါမှမဟုတ် ကျွန်တော် လုပ်ခမယူဘဲ တနှစ်လုပ်ပေးပါ့မယ်”

ရန်မျိုးအောင်ဟာ သူ့ကြံ စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင်မတန်မရာ ဘာတွေလာပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင် ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ ရန်မျိုးအောင်ဟာ အလျှော့မပေး စိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာ အမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲ မဖြစ်နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ ရင်းနှီးနေလို့  မန်နေဂျာ ကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။ တနေ့တော့ မန်နေဂျာကိုပြောမိတယ် ...

ဒီဗုဒ္ဓရုပ် ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလို မရိုမသေ မဖွယ် မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့ မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကိုမြင်ရတော့ ငါသိပ် စိတ် ဆင်းရဲ ရတယ်
လို့ မအောင့်ပဲခံစားမိတဲ့ အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင်စကားကြောင့် မန်နေဂျာငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲ ပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။

ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညက မြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့ အရက် ခွက်တွေ၊ ပေကျန်နေတဲ့ အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွား ကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကို ပင့်နိုင်ရပါလို၏ လို့လည်း အကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ် ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှ အကောင်အထည် ပေါ်မလာသေး။ “ဆန္ဒဝတော ကိံနာမကိစ္စံ န သိဇ္ဈတိ”  (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့် အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း ထဲသို့ ဝင်ခဲ့မိပြန်တယ်။

သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူဘဲ 
အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ
ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့ မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိတယ်။ မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။

“မင်း ဒီလောက်တောင် လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီးတစ်ကောင်ရှာပေးပါ”
ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊
“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်” လို့ ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။
အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံက လည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျလိစ် မှာရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများ ကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်း ဖုံးဆက်ခဲ့တယ် ...

“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင် မလဲဘုရား”
“တရုတ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ” လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင် သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်က လည်း တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံ သော်လည်း အကြံကမထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲ မလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုး တစ်ကုံးနဲ့ မော်တော်ကားသာ ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့ အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှော မွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘဝကိုပင် ပေးဆပ်ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ် ထားပြီး ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။

ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ် မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး ထားတဲ့ အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော်လောက် ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ် သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်း ကိုမိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ ထိုးပြီး “အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။ နောက်ရက် အလုပ်ဆင်းတော့ ဝတ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား” လို့ အားပါးတရ  လျှောက်ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ဝင်ခဲ့ပြန်တယ်။ တတိယအကြိမ် ဝင်ခဲ့ခြင်းပေါ့။

“ရန်- မင်းနဂါးတွေ့ပြီလား” 

“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ”

“မင်း နဂါးက ဘယ်နှစ် ပေလောက်ရှိလဲ”

“၇-ပေရှိပါတယ် ခင်ဗျာ”

“ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက် နဂါးပဲလိုချင်တယ်”

ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်။ ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့ စဉ်းစား နေမိတယ်။ ဆိုင်ပေါင်းစုံ ရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီး ဖြစ်သား။ ဇာတ်လမ်းကတော့ ပြီးလေပြီ.. ။ ဒါပေမဲ့ ရန်မျိုးအောင် အရှုံး မပေးချင် ဆက်လက်ကြိုးစား ချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ စဉ်းစားဆင်ခြင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ် အလင်းရောင် ပေါ်လာတယ် “ဟုတ်ပြီ – ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာ ဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအားတက် သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။

ဇာတ်လမ်းအနည်းငယ် ရှည်လျားနေပါ၍ နှစ်ပိုင်းခွဲထားရသည့်အတွက်
ဒုတိယပိုင်းကို နိုက်ကလပ်မှ မြတ်ဗုဒ္ဓ -၂ တွင် ဆက်လက်ဖတ်ရှုပေးပါရန်...

facebook links -
1    https://www.facebook.com/permalink.php?story_fbid=1941095856172040&id=100008149329661
2    https://www.facebook.com/permalink.php?story_fbid=1941382439476715&id=100008149329661

+++++++++++++++++++++++++++++++++++++++++



No comments:

Post a Comment