မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, October 24, 2014

သစ်သီးစားဖို့လိုအပ်တယ်...


အဆိပ်အပုတ် ရှင်းထုတ်ပေးခြင်း
လူတွေနေ့စဉ် အစာစားမှုကြောင့် အူထဲမှာ မနည်းလှတဲ့ အညစ်အကြေးများ ဖြစ်ပေါ်ရပါတယ်။ ယင်းမှ အဆိပ်အပုပ်များကို ခန္ဓာကိုယ်က အပြန်ပြန်အထပ်ထပ် စုပ်ယူမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် စားလိုက်တဲ့ အစာများကို နေ့စဉ် ရှင်းလင်းပေးဖို့လိုတယ်။ သစ်သီးထဲမှာပါတဲ့ အချို့ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေသလို အဆိပ်အပုပ် ရှင်းထုတ်ပေးနိုင်စွမ်းလဲ ရှိနေပါတယ်။ ဒါကြောင့် သစ်သီး များများ စားပေးပါတဲ့။

စတော်ဘယ်ရီသီး။ အဆိပ်အပုပ် ရှင်းထုတ်နိုင်စွမ်းရှိတဲ့ သစ်သီးတွေအနက် ဦးစားပေးစားရမယ့်အသီးပါပဲ။ ပါဝင်မှု ကယ်လိုရီမမြင့်ပေမယ့် ဗီတာမင်စီတော့ ကြွယ်ဝစွာပါရှိပါတယ်။ သဘာဝကုထုံးနည်းအဖြစ် စတော်ဘယ်ရီသီးကို အစာအိမ်နဲ့အူလမ်းကြောင်း ရှင်းလင်းဖို့၊ အသည်း ကြံ့ခိုင်အားကောင်းစေ ဖို့တွေအတွက် သုံးနိုင်ပါတယ်။ သို့သော် အက်စပရင်နဲ့မတည့်သူများ အစာအိမ်၊ အူ အားနည်းသူများ အနေဖြင့် မစားသင့်ပါ။


စပျစ်သီး။ တစ်နှစ်ပတ်လုံးနီးနီး တွေ့ရ၊ စားရတဲ့ အညိုရင့်ရောင် စပျစ်သီးဟာ အဆိပ်အပုပ် ရှင်းထုတ်အား သိပ်ကောင်းတဲ့အသီးပါ။ အူထဲမှာ အကျိရည်ဖြစ်ပေါ်စေတဲ့အပြင် အသည်း၊ အူ၊ အစာအိမ်၊ ကျောက်ကပ်တို့ရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှုကို အားပေးကူညီတယ်။

          စပျစ်သီးရဲ့ တစ်ခုတည်းသော ချို့ယွင်းချက်က ကယ်လိုရီပါဝင်မှု အနည်းငယ် မြင့်ခြင်းပါပဲ။ စပျစ်သီး အလုံး ၄၀ နဲ့ ပန်းသီးနှစ်လုံးတို့မှာ ပါဝင်မှု ကယ်လိုရီတန်ဖိုးခြင်း တူညီပါတယ်။

ပန်းသီး။ ဝမှာကြောက်လျှင် ပန်းသီးကို ရွေးစားပါတဲ့။ ပန်းသီးမှာ ဖိုင်ဘာအမျှင်တွေ ကြွယ်ဝစွာပါဝင်နေတဲ့အပြင် နောက်တစ်မျိုးဖြစ်တဲ့ ဂလောက်တူရိုနစ် အက်စစ် (Galacturonic acid)ဟာ အဆိပ်အပုပ် ရှင်းထုတ်မှုကို အားကောင်းစေတယ်။ နောက်ပြီး ပန်းသီးထဲက ပက်သင်ဟာလည်း အစာတွေ အူတွင်းမပုပ်မသိုးအောင် ကူညီနိုင်စွမ်းရှိတယ်။ ဒီမှာ အကြံပြုလိုတာကတော့ ပန်းသီးစားမယ်ဆိုလျှင် အရောင်အမျိုးမျိုး ပြောင်းပြီးစားပါက ပိုပြီး အကျိုးရှိစေပါတယ်။

ချယ်ရီသီး။ လူ့ခန္ဓာကိုယ်အတွက် အဆိပ်အပုပ်နှင့် မသန့်တဲ့အရည်များ ရှင်းထုတ်ပေးမှုအရှိဆုံး သစ်သီးအဖြစ် အများက အသိအမှတ်ပြုထားကြတယ်။ ကျောက်ကပ်နှင့် အဆိပ်အပုပ်ရှင်းထုတ်တဲ့ စွမ်းအားကို များစွာ ပံ့ပိုးပေး နိုင်တယ်။ နောက်ပြီး ဝမ်းမှန်စေတယ်။

သစ်တော်သီး။ ဆံပင်ဆေးဆိုး၊ ဆံပင်ကောက်တဲ့အခါမှာ ဆံပင်က ရေဓာတ်နှင့် အဆီများကို ကုန်ခန်းစေလို့ ဆံပင်ဟာယ ခြေက်သွေ့ဝါကြန်လာတတ်တယ်။ ရင့်မှည့်တဲ့ သစ်တော်သီးမှာ အဖိုးထိုက်တဲ့ အိုလိန်းအက်စစ် (Olein acid) ၃၀% ပါရှိလို့ ခြောက်သွေ့ဝါကြန်နေတဲ့ ဆံပင်အတွက် ထူးခြားအာနိသင် ရှိတယ်။

သီးမွှေးငှက်ပျော။ ဦးနှောက်အသုံးများမှုကြောင့် လူ့ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကယ်လိုရီများ လျော့ပါးချို့တဲ့လာနိုင်တယ်။ ဒီတော့ ဦးနှောက်ပင်ပန်းနွမ်းနယ်ရုံသာမက စိတ်ဓာတ် ကျတာတွေပါ ခံစားရတတ်တယ်။ ဒီအခါမျိုးမှာ သီးမွှေးငှက်ပျောစားလျှင် လိုအပ်တဲ့အာဟာရဓာတ်များကို ပံ့ပိုးနိုင်လို့ စိတ်ဓာတ်ကျမှုကိုလည်း ပျောက်စေတယ်။ ဦးနှောက်အသုံးများတဲ့အခါ ဗီတာမင်မျိုးစုံ ကုန်ဆုံးနိုင်လို့ တစ်ချိန်ထဲမှာ ဗီတာမင်စုံကိုလည်း ဖြည့်တင်းပေးဖို အာဟာရပညာရှင်များက တိုက်တွန်း ထားပါတယ်။
          ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ Spot Banana လို့ခေါ်တဲ့ ဖားအုကဲ့သို့ အစက်အပြောက် အမည်းများနှင့် ငှက်ပျောသီးဟာ သာမန်အသီးတွေထက် ပိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။ ယင်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများ များစွာ ပါရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီလိုအသီးကို တစ်နေ့ ၁လုံးမှ ၂လုံး စားသူတွေ ဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကျွဲကောသီး။ (အသားအရေအတွက် ကျွဲကောသီးအစွမ်း) အသားအရေဆိုသည်မှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံကာရံပေးထားသော အကြီးဆုံးအင်္ဂါတစ်ခုဖြစ်သည့် အရေပြားကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ မိမိ၏ နေ့တဒူဝ နေထိုင်စားသောက်မှုကြောင့် ဝက်ခြံ၊ အဖုအပိန့်နှင့် အစက်အပြောက်များ ထွက်လာနိုင်သလို၊ ကြည်လင် စိုပြေသည့် အသားအရေကိုကိုလည်း ပိုင်ဆိုင်နိုင်ပါသည်။ ဘေးဥပါဒ် ကင်းဝေးစွာဖြင့် အသားအရေ လှပမှုအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာများကတော့ အရောင်အဆင်း အမျိုးမျိုးရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များသာ ဖြစ်ပါသည်။
          ကျွဲကောသီးသည် အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအသီးဖြစ်သဖြင့် ဗီတာမင်စီ ကြွယ်ဝစွာ ပါရှိခြင်း ကြောင့် အရေပြားထဲက ကိုလေဂျင်ခေါ် အမျှင်ဓာတ်ကို ကျန်းမာပြီး တင်းရင်းစေသည့်အတွက် အသားအရေကို နုပျိုလှပစေကာ အရွယ်တင် နုပျိုစေမှာ အမှန်ပါ။ အထူးသဖြင့် ကျွဲကောသီးအခွံထဲတွင် အသားအရေကို ဖြူစင် ဝင်းမွတ်စေသည့် ဆေးဘက်ဝင် အစွမ်းထက်မြက်သော အဆီတစ်မျိုး ပါရှိပါသည်။ ထိုအဆီကို အခြေခံ၍ မျက်နှာ လိမ်းကရင်မ်နှင့် ဂျိုင်းလိမ်း Roll On တို့ကို ထုတ်လုပ်ကြပါသည်။
          မပင်မပန်း အလုပ်မရှုပ်စေဘဲ၊ မိမိအိမ်မှာပင် ကျွဲကောသီးဖြင့် အသားအရေကို ထိန်းသိမ်းနိုင်ပါသည်။ ဦးစွာ ရေချိုးပြီးနောက် မျက်နှာအနှံ့နှင့် ဂျိုင်းသားများကို အရည်ညှစ်ထားသော ကျွဲကောသီးအရည်ဖြင့် စိမ့်ဝင်အောင် လိမ်းပေးပါ။ ကျွဲကောသီးအခွံကို အနည်းငယ်ညှစ်ပြီး ထွက်လာသော သတ္တုရည်ဖြင့် ဂျိုင်းသားများကို လိမ်းကျံ ပေးနိုင်ပါသည်။ နောက် ၁၅-မိနစ်ခန့်အကြာတွင် မျက်နှာနှင့် ဂျိုင်းသားများကို ရေအေးဖြင့် ပြန်လည်ဆေးကြော ပေးဘို့ မမေ့ပါနှင့်။ ထိုကဲ့သို့ တစ်နေ့တစ်ကြိမ် မှန်မှန် လိမ်းပေးရုံဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဂျိုင်းသား များ ဖြူဖွေးလာပါလိမ့်မည်။ မျက်နှာ အသား အရေကို အစိုဓာတ် ထိန်းသိမ်းပေးပြီး တင်းရင်းဝင်းစိုလာခြင်း၊ ချွေးပေါက်များ ပွင့်စေပြီး ဝက်ခြံပျောက်ခြင်း.. စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါလိမ့်မည်။

မှတ်ချက်
  • အသားကို ဖုံးအုပ်ထားသော အဖြူရောင်အခွံပါးသည် အတန်ငယ် ခါးသက်သက်ရှိသော်လည်း ကင်ဆာဆဲလ် များကို ကောင်းစွာ နှိမ်နှင်းနိုင်သည့်အတွက် ထိုအခွံပါးကိုလဲ စားပေးသင့်ပါသည်။
  • အလေးချိန်စီးသော ကျွဲကောသီးသည် အရည်လည်း ပိုရွှမ်းပါသည်။
  • အဖြူရောင်အသီးထက် ပန်းရောင် (သို့) အနီရောင်အသီးတို့က အရသာ ပိုချိုပြီး အဟာရဓာတ်လဲ ပိုပါသည်။
အမှည့်လွန်ပြီး ပျော့နေသော အသီးများနှင့် ဒဏ်ရာရှိနေသော အသီးများကို ရှောင်ရှားသင့်ပါသည်။
 
သတိပြုရန
  • အချို့သောသူများသည် မွေးရာပါ ဗိုက်တာမင်စီနှင့် ဓာတ်မတည့်သူများ ရှိတတ်သည့်အတွက် ဗိုက်တာမင်စီ ကြွယ်ဝသော ကျွဲကောသီးကို စားမိပါက၊ အရေပြားပေါ်တွင် အဖုအပိန့် အနီစက်များထွက်ပြီး အရေပြားကို ရောင်ရမ်း စေတတ်ပါသည်။
  • ဗိုက်တာမင်စီ ကြွယ်ဝသော သီးနှံဖြစ်သဖြင့် အလွန်အကျွံ စားသုံးပါက၊  ကျောက်ကပ် ကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်း စသည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
  • ကျွဲကောသီးကို သံပုရာသီးနှင့် တွဲဖက်မစားသင့်ပါ။ သေစေနိုင်ပါသည်။

သင်္ဘောသီး။ ကွန်ပျူတာ (သို့) တီဗွီဖန်သားပြင်ကို ကြာရှည်ကြည့်ခဲ့လျှင်၊ မျက်စိ အသုံးများခဲ့လျှင် အမြင်ရုံလွှာ (Retina)က အလင်းလက်ခံရာမှာ အဓိက အမှီပြုရတဲ့ ဗီတာမင်အေဟာ အမြောက်အမြား ကုန်ဆုံးသွားရတယ်။ ဒီအခါ မျက်စိခြောက်တာ၊ နာတာ၊ အလင်းကြောက်တာ ဖြစ်ပေါ်စေပြီး ဒီထက် ဆိုးဝါးလျှင်တော့ အမြင်အား ကျဆင်းတာပါ ဖြစ်နိုင်တယ်။ ဒီလိုအခါမျိုးမှာ ဗီတာမင်အေကြွယ်ဝတဲ့ သင်္ဘောသီးကို စားပေးဖို့ လိုပါတယ်။

ကီဝီသီး။ (Kiwi Fruit) သွားဖုံးကျန်းမာရေးဟာ ဗီတာမင်စီနဲ့ များစွာ ဆက်စပ်နေတယ်။ ဗီတာမင်စီ ချို့တဲ့လျှင် သွားဖုံးအားနည်းပြီး သွေးထွက်လွယ်လေ့ရှိတယ်။ ရောင်တင်းနေတတ်တယ်။ သွားတွေလဲ ချောင်ချိ လှုပ်လဲ့လာ နိုင်တယ်။ အသီးတွေထဲမှာ ဒီ ဗီတာမင်စီ အကြွယ်ဝဆုံးဟာ ကီဝီသီးလို့ ဆိုရပါမယ်။ ဒါကြောင့် ဒီအသီးဟာ သွားဖုံးကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အသီးပါပဲ။

ဂရိတ်ဖရုသီး။ (Grape Fruit) ကိုလက်စထရောလ်မြင့်လွန်းလျှင် နှလုံးသွေးကြောပြွန်ကို ထိခိုက်နိုင်တယ်။ အထူးသဖြင့် နှလုံးရောဂါသည်များဟာ ကိုယ်တွင်းက ကိုလက်စထရောလ်ဓာတ်ကို ထိန်းချုပ်နိုင်ဖို့ အင်မတန် လိုအပ်ပါတယ်။ ဂရိတ်ဖရုသီးရဲ့ အမွှာမျှင်မှာ ကိုလက်စထရောလ်ကို ချပေးနိုင်တဲ့ သဘာဝ ပက်သင် ပါဝင်တဲ့အတွက် နှလုံးသွေးကြော ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ဆေးပညာရပ်နယ်ပယ်မှာ ဒီ ဂရိတ်ဖရုသီးကို ဆေးဖက်အင်မတန်ဝင်တဲ့အသီးအဖြစ် သတ်မှတ်ထားကြတယ်။

နာနတ်သီး။ ကြွက်သား အတွင်းကြေဒဏ်ရာရတဲ့အခါ တစ်သျှူးရောင်ရမ်းတာ သွေးလှည့်ပတ်မှု မသွက်တာ၊ နီမြန်းရောင်ကိုင်းပြီး ပူရှိန်းနာကျင်တာတွေ ဖြစ်တတ်တယ်။ နာနတ်သီးမှာပါတဲ့ ပရိုတင်းနယ့် (Proteinase)ဓာတ်ဟာ ရောင်ရမ်းတာကို ကျစေတယ်။ တစ်သျှူးများ ပြန်လည်ကောင်းမွန်ရေးကို အားပေးတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ပိုသွက်စေလို့ သွေးလှည့်ပတ်မှုကို တိုးစေတယ်။ အရောင်ကျစေတယ်။ ဒါကြောင့် ဒီလိုအခါမျိုးမှာ နာနတ်သီးဟာ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံး အသီးပါပဲ။
သရက်သီး။ အရေပြားရဲ့ ကိုလက်ဂျင် ပရိုတင်း (Collagen protein)မှာ ကျုံ့ကန်အားမပြည့်လျှင် အတွန့်အရစ်တွေ ထလွယ်တာပေါ့။ အတွန့်အရစ်ထတာ ကာကွယ်ဖို့ အကောင်းဆုံးအသီးဟာ သရက်သီးပါပဲ။ သရက်သီးမှာ ပါတဲ့ ဘီတာကာရိုတိန်း (Betacarotene)နှင့် အခြားအင်ဇိုင်းတစ်မျိုးတို့ဟာ အရေပြားဆဲလ်များရဲ့ ဇီဝစွမ်းအားကို တွန်းတင်ပေးခြင်း၊ အညစ်အကြေးကို စွန့်ပစ်ဖို့ အားပေးခြင်း၊ ကိုလက်ဂျင်ပရိုတင်းရဲ့ ကျုံ့ကန်အားကို ပံ့ပိုးပေးခြင်း အာနိသင်တွေရှိလို့ အရေပြား အတွန့်အရစ် ထတာကို နှေးကွေးစေခြင်း ဖြစ်ပါတယ်။
 
လိမ္မော်သီး။ ဗီတာမင် ဘီဝမ်းချို့တဲ့လျှင် ဘာရီဘာရီ (Beriberi) ရောဂါ ဖြစ်လွယ်ပါတယ်။ ဒီအခါ လိမ္မော်သီး များများ စားပေးပါ။ ဒီအသီးမှာ ဗီတာမင်ဘီဝမ်း ကြွယ်ဝစွာပါလို့ ဂလူးကို့စ်ရဲ့ ဇီဝကမ္မဖြစ်ပျက်စဉ်ကို ပံ့ပိုးပေးတဲ့ အတွက် ဘာရီရောဂါကို ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်။
ပညာရှင်များရဲ့သတိပေးချက်
          ဖိုင်ဘာအမျှင် ကြွယ်ဝတဲ့ အစာများဟာ အဆိပ်အပုပ် ရှင်းထုတ်တာနဲ့အတူ ကိုယ်တွင်းရှိ အာဟာရဓာတ် များကိုပါ စွန့်ပစ်နိုင်တာမို့ ကြီးထွားဆဲ ကလေးငယ်များ၊ အဖျားပျောက်စ နာလန်ထများအနေနဲ့ များများ မစားသင့် ပါတဲ့။

သက်သတ်လွတ်စားသူဟာ ဖြူဖတ်ဖြူရော်၊ မကျန်းမမာဖြစ်တတ်သလား…အာဟာရ လုံလောက်ပါ့မလား…?

သက်သတ်လွတ်စားရာမှာလည်း သိပ္ပံနည်းကျဖြစ်ဖို့ လိုပါတယ်။ အစာအာဟာရပညာကို နားမလည်လျှင် တော့ အစာစုံပဲစားစား၊ သက်သတ်လွတ်ပဲစားစား အာဟာရဓာတ်စုံ မရနိုင်ပါ။ လက်တွေ့မှာတော့ သက်သတ် လွတ်စားရာမှာ ထားရမယ့် အာဟာရစံညွှန်းဟာ အလွန် ရိုးရှင်းပါတယ်။ အစာကို အရောင် ၅-မျိုးစုံအောင်၊ မျှအောင် စားနိုင်လျှင် အခြေခံအာဟာရဓာတ်များ လုံလောက်မှာပါ။
နေ့စဉ် စားသောက်တဲ့အခါမှာ အစာကို အရောင် နီ၊ ဝါ၊ စိမ်း၊ ဖြူ၊ မည်း စုံအောင်၊ မျှအောင် စားပေးနိုင်ဖို့ပဲ လိုပါတယ်။
နီ     ခရမ်းချဉ်သီးလို ဗီတာမင်စီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ။
ဝါ     ကန်စွန်းဥ၊ ရွှေဖရုံသီးလို ဖိုင်ဘာအမျှင်ကြမ်းပါရှိလို့ အစာချေမှုကို အားပေးတဲ့ အစာများ။
စိမ်း  ဗီတာမင်မျိုးစုံနှင့် ဖိုင်ဘာအမျှင်ကြမ်းများ ဖြည့်စွက်ပေးနိုင်မယ့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ။
ဖြူ  ပရိုတင်း၊ ကယ်လစီယမ်နှင့် ကာဗိုဟိုက်ဒရိတ်တွေကို လုံလောက်စွာပေးနိုင်တဲ့ ဆန်၊ ဂျုံနှင့် ပဲပြားများ။
မည်း  အဆိပ်အပုပ်ရှင်းထုတ်ရေး သို့မဟုတ် နှလုံးသွေးကြော ပျော့ပျောင်းရေးကို အားပေးတဲ့ မှိုမွှေးနဲ့ ကြွက်နားရွက်မှိုများ။
          ဒါ့အပြင် သက်သတ်လွတ်စားလို့ အာဟာရဓာတ် မစုံလင်မှာကို စိုးရိမ်ဖို့မလိုကြောင်း အောက်ပါ ဥပမာဖြင့် သိသာနိုင်ပါတယ်။
          သက်သတ်လွတ်စားသူများအတွက် ပဲပြားဟာ အကောင်းဆုံး အစာပါပဲ။ ပဲပြားထဲက ပရိုတင်းနဲ့ ကယ်လစီယမ်ဟာ အသားထဲပါတာထက် ပိုများရုံမက လူအဖို့ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။
          လူဟာ အသားမှာပါတဲ့ ပရိုတင်းကို စုပ်ယူနိုင်တဲ့နှုန်းဟာ ၀.၃ သာရှိလျှင်၊ ပဲပြားမှာပါတဲ့ ပရိုတင်းကို စုပ်ယူ နိုင်တဲ့ နှုန်းဟာ ၀.၇၊ ၀.၈ အထိ ရှိနိုင်ပါတယ်။

          ဒါကြောင့် အစာအမယ်စုံပြီး မျှအောင်စားလျှင် လူအတွက် အာဟာရစုံ ရနိုင်ပါတယ်။ အသားပါမှ ရယ်လို့ မဟုတ်ပါဘူး။

စားလိုက်တဲ့အစာ အဆိပ်မဖြစ်စေလိုပါ
           
   ရှေ့ပိုင်းမှာ အဆိပ်အပုပ် ရှင်းထုတ်ဖို့အတွက် ထိရောက်တဲ့ စားသောက် နည်းတွေ ဖော်ပြပေးခဲ့ပြီးဖြစ်တယ်။ ခုတဖန် အချို့အချိန်မှာ စားသောက်နည်းမမှန်၊ မကောင်းတဲ့အတွက် အဆိပ်အပုပ် ရှင်းထုတ်ပေးဖို့ နေနေသာသာ အဆိပ်သင့်တာတောင် ဖြစ်တတ်ကြောင်း ဖော်ပြလိုတယ်။ ဒါ့အပြင် ရောဂါတော်တော်များများ သို့မဟုတ် ကိုယ်ပေါ်က အခြင်းအရာဆိုးတွေဟာ မသင့်တဲ့ အစားအသောက် အကျင့်ကြောင့် ပေါ်ရတာဖြစ်တယ်။ ဒါကြောင့် အဆိပ်အပုပ်ရှင်းထုတ်တာလုပ်တဲ့ တစ်ချိန်တည်းမှာ အဆိပ်အပုပ်တွေ စားသွင်းနေတာမျိုးမဖြစ်အောင် ဂရုစိုက်ရမယ်။ ဒီတော့ မသင့်တဲ့ အစားအသောက် အကျင့်ရှိနေလျှင် အရင်ဦးဆုံး ပြုပြင်ပါ။
          ဖွေးသန့်မုန့်ညက်အောင် အဆင့်မြင့် အချောကိုင်ထုတ်လုပ်ထားတဲ့ အစာတွေကို အားမပေးသင့်ဘဲ သဘာဝအစာများကို မပြုမပြင်ဘဲ စားနိုင်သမျှ စားပေးပါ။ နောက်ပြီး ကျန်းမာရေးအတွက် မသင့်တဲ့ အောက်ဖော်ပြပါ အစာတွေကို အမြဲစားလေ့ရှိ၊ မရှိ ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

ခဲဓာတ်ပါတဲ့အစာ
          ဥမမာအားဖြင့် ဆေးဘဲဥလို ခဲဓာတ်ပါတဲ့ အစာမျိုးတွေထဲက ခဲဓာတ်ဟာ ဦးနှောက်ထဲမှာ နော်အာဒရီ နလင် (Noradrenaline)၊ ဒိုပါမင်း (Dopamine) နှင့် ဟိုက်ဒရာစီထရစ်တမင်း (Hydroxytryptamine)တို့ ပါဝင် မှုကို သိသာစွာ ကျဆင်းစေတယ်။ အကျိုးဆက်အားဖြင့် အာ    ရုံကြော ဆင့်ကမ်းမှုအပိုင်းမှာ အတားအဆီးဖြစ်လို့ မှတ်ဥာဏ်အားကျတာ၊ နုံအတာ၊ ဦးနှောက် မဖွံ့ဖြိုးတာတွေ ပေါက်ပေါက်နိုင်တယ်။
          ခန္ဓာကိုယ်အတွင်း ခဲဓာတ်လွန်ကဲနေလျှင် အာရုံကြောဆဲလ်အတွင်းရှိ မျိုးရိုးဗီဇပစ္စည်းဖြစ်တဲ့ ဒိုင်အောက်စီ ရီဗိုနျူကလစ် အက်ဆစ် (Deoxyribonucleic acid) DNA ရဲ့စွမ်းရည်ကို တိုက်ရိုက် ထိခိုက်နိုင်လို့ နုံအတဲ့ရောဂါ ဖြစ်စေလွယ်ရုံမက မျက်နှာပြာနှမ်းမွဲခြောက်ပြီး အရွယ်နဲ့မလိုက်အောင် ရင့်ရော်ခြင်းတွေ ဖြစ်တတ်တယ်။

ဆားနယ်သိပ်တဲ့အစာ
          ဆားနယ်ပြီးသိပ်ထားတဲ့ အသား၊ ငါး၊ ဟင်းရွက်တွေမှာ ပါတဲ့ဆားဟာ ပရိုတိုနိုက်ထရိတ် (Protonitrate) ဓာတ်ဆားအဖြစ်ပြောင်းလဲပြီး ကိုယ်တွင်းရှိ အင်ဇိုင်းများနဲ့ ဓာတ်ပြုပြီးနောက် အခြားအရာများနဲ့ ထပ်ဆင့်ပေါင်းစပ် ရာမှ ကင်ဆာဖြစ်စေတဲ့ အီမင်း (Imine) ပေါ်လာနိုင်တယ်။ ဒါကြောင့် ဆားနယ်ပြီးသိပ်ထားတဲ့ အစာများကို အစားများလျှင် ကင်ဆာဖြစ်လွယ်ရုံမက စောစီးစွာ အိုမင်းခြင်းကို ဖြစ်စေပါတယ်။

မှိုတက်တဲ့အစာ
          ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ဆီ၊ အသား၊ ငါးများမှာ မှိုတက်၊ မှိုစွဲတဲ့အခါ ရောဂါပိုးနှင့် အာဖလာတော့ဆင် (Aflatoxin)ဆိုတဲ့ အဆိပ်တွေ အမြောက်အမြား ပေါ်တတ်တယ်။ ဒါကြောင့် ဒီလိုမှိုတက်၊ မှိုစွဲတဲ့ အစာတွေကို စားမိတဲ့အခါ ပေါ့လျှင် ဝမ်းလျှောတာ၊ ပျို့အန်တာ၊ ခေါင်းမူးတာ၊ မျက်စိပြာဝေတာ၊ ဂနာမငြိမ်တာ၊ အူရောင်တာ၊ နားကြားအာရုံ အားနည်းတာနှင့် တစ်ကိုယ်လုံး အားမရှိတာတွေ ခံစားရလိမ့်မယ်။ ပြင်းလျှင်တော့ ကင်ဆာ ဖြစ်စေနိုင်ပြီး စောစီးစွာ အိုမင်းခြင်းဖြစ်လိမ့်မယ်။
 
ရေချိုး
          လက်ဖက်ရည်အိုး သို့မဟုတ် ရေထည့်တဲ့ခွက်တွေမှာ သုံးစွဲတာ ကာလကြာလာတဲ့အခါ ချိုးကပ်လာတာ တွေ့လိမ့်မယ်။ ဒီရေချိုးတွေကို အချိန်မီ ရှင်းပစ်ခြင်းမပြုဘဲ ဆက်သောက်နေလျှင် အစာခြေ၊ အာရုံကြော၊ အညစ် အကြေးစွန့်၊ သွေးထုတ်လုပ်၊ သွေးလှည့်ပတ်တဲ့ အစုအဖွဲ့ အင်္ဂါတွေမှာ ရောဂါဖြစ်ပွားပြီး အားနည်းလာနိုင်တယ်။ ရေချိုးထဲမှာ ကက်ဒမီယမ်(Cadmiun)၊ ပြဒါး၊ အာဆင်းနစ်(ခေါ်)စိန် (Arsenic) နှင့် ဒန်တို့လို ဆိုးကျိုးပြု သတ္တု ဒြပ်စင်များ အမြောက်အမြား ပါဝင်နေ မှုကြောင့် ဖြစ်ရတာပါ။
          သိပ္ပံပညာရှင်တွေဟာ ၉၈-ရက်ကြာ အသုံးပြုခဲ့ပြီးတဲ့ ဓာတ်ဘူးထဲက ရေချိုးဓာတ်ကို ဓာတ်ခွဲစမ်းသပ် ကြည့်ခဲ့ရာ ကက်ဒမီယမ် ၀.၀၃၄ မီလီဂရမ်၊ ပြဒါး ၀.၄၄ မီလီဂရမ်၊ စိန် ၀.၂၁ မီလီဂရမ်နှင့် ဒန် ၀.၁၂ မီလီဂရမ် ပါဝင်နေတာ တွေ့ရတယ်။ ဒီပမာဏရှိတဲ့ သတ္တုဒြပ်စင်များဟာ လူကို ဒုက္ခကောင်းကောင်း ပေးနိုင်တယ်။

လစ်ပစ်ပါအောက်ဆိုဒ် (Lipidperoxide)
          လစ်ပစ်ပါအောက်ဆိုဒ်ဆိုတာ မပြည့်ဝ ဖက်တီးအက်ဆစ်တစ်မျိုးရဲ့ ပါအောက်ဆိုဒ်ဒြပ်ပေါင်းပါ။ ဥပမာ - ဆီနဲ့ကြော်ထားတဲ့ ငါး၊ ပုဇွန်နှင့် အသားတွေမှာပါတဲ့ဆီဟာ အထားကြာတဲ့အခါ လစ်ပစ်ပါအောက်ဆိုဒ် ဖြစ်လာနိုင်တယ်။ ကြာရှည်နေလှန်းထားတဲ့ ငါးခြောက်၊ ဆားနယ်ထားတဲ့ အသားတွေ၊ ကာလကြာရှည် သိမ်းဆည်းထားတဲ့ မုန့်နှင့် အဆီခဲတွေမှာ ဆီချေးစော်နံလာလျှင် လစ်ပစ်ပါအောက်ဆိုဒ် ပေါ်နေကြောင်းမှတ်ပါ။
          သုတေသီများရဲ့တွေ့ရှိချက်က လစ်ပစ်ပါအောက်ဆိုဒ်များ ကိုယ်တွင်းရောက်ရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့ အက်စစ်စနစ်နှင့် ဗီတာမင်တွေကို ဖျက်ဆီးပစ်နိုင်ရုံမက လူကို အမြန် အိုမင်းရင့်ရော်စေတယ်။

ဆီပူအခိုးငွေ့
          သုတေသနဌာနတစ်ခုက နှိုင်းယှဉ်လေ့လာ ထောက်ပြထားတာရှိပါတယ်။ တရုတ်တွေဟာ အိုးပူပြင်းပြင်း တိုက်ထားတဲ့ ဆီနဲ့ ကြော်လှော်ချက်ပြုတ် စားသောက်လေ့ရှိပြီး တရုတ်လူမျိုးရဲ့ မီးဖိုချောင်တွင်း အပူချိန်ဟာ အနောက်တိုင်းသားတို့ရဲ့ မီးဖိုချောင်ထက် အပူချိန် ၅၀% ကျော် ပိုနေတယ်တဲ့။
          စားသုံးဆီတွေဟာ အပူပြင်းပြင်းနဲ့ တွေ့တဲ့အခါ ဗျူတာဒိုင်အင်း (Butadiene)ပါတဲ့ အခိုးအငွေ့တွေ ထွက်လာတယ်။ ဒါကို အရှုများလျှင် ကိုယ်ခံစွမ်းအားကိုပါ ထိပါးပြီး အဆုတ်ကင်ဆာ ဖြစ်လွယ်ပါတယ်။
          အပူပြင်းပြင်းနဲ့တွေ့တဲ့အခါမှာ မုန်ညင်းစေ့ဆီဟာ မြေပဲဆီထက် ဗျူတာဒိုင်အင်း ထုတ်လွှတ်မှု ၂၂-ဆ ပိုများတဲ့အတွက် ကင်ဆာပိုဖြစ်စေနိုင်ကြောင်း သုတေသနတစ်ခုက ထောက်ပြထားတယ်။
          ဒါကြောင့် ကြော်လှော်ချက်ပြုတ်ဖို့ အိုးထဲဆီပူတိုက်တဲ့အခါ ဆီရဲ့ ဆူမှတ်ကို မကျော်အောင် ဂရုစိုက်ပါ။ ဆီပူရုံသာတည်ပါ။ ဒါမှသာ ဆီပူခိုးငွေ့ဒဏ်သက်သာလို့ ကျန်းမာရေးထိခိုက်မှုနှင့် မျက်နှာမှာ အတွန့်အရစ်ထမှုတွေ လျော့နည်းနိုင်မယ်။
 
မီးခိုး
မီးဖို၊ ကျောက်မီးသွေး၊ စီးကရက်တို့ရဲ့မီးခိုးနှင့် ဖုန်တောထဲက ညစ်ညမ်းလေထုဟာ အသက်ရှု လမ်းကြောင်းမှတဆင့် အဆုတ်၊ အဆုတ်မှ သွေးရည်ထဲ စိမ့်ဝင်ရောက်ရှိပြီး လူကို ကြီးစွာသော ဆိုးကျိုးဒုက္ခ ပေးနိုင်တယ်။
          အထူးသဖြင့် ဆေးလိပ်သောက်သူမှာ မီးခိုးကို အဆုတ်ထဲရှုသွင်းလိုက်တဲ့အခါ နီကိုတင်း၊ ဆေးကတ္တရာနှင့် ကာဗွန်မိုနောက်ဆိုဒ် စတာတွေဟာ ကိုလက်စထရောလ်ကို ပိုစုစည်းစေလို့ သွေးလွှတ်ကြော မာဆတ်တာ၊ လူကို အိုမင်းရင့်ရော်စေတာတွေ ဖြစ်နိုင်တယ်။

အယ်လ်ကိုဟောပါတဲ့ သောက်စရာအရည်
          အရက်ကို များများ သို့မဟုတ် အမြဲသောက်လျှင် အသည်းမှာ အရက်အဆိပ်သင့်ပြီး အသည်းရောင်တာ၊ အသည်းကြီးတာ ဖြစ်နိုင်တယ်။ အမျိုးသားတွေမှာ သုတ်ပိုးပုံမမှန်တာ၊ ကာမစွမ်းအား လျော့ပါးတာ၊ ပန်းသေ ပန်းညှိုးတာတွေဖြစ်သလို အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ၊ သားဥ မထုတ်လုပ်တာ၊ ကာမရာဂစိတ်လျော့တာ သာမက မရှိတော့တာအထိ ဖြစ်လာနိုင်တယ်။

အချို့အစာတွေမှာ သူ့သဘာဝအရကို အဆိပ်အတောက် ပါနေတယ်။ အဲဒီလို အစာတွေကို သင်အမြဲစားလေ့ ရှိသလားဆိုတာ ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

သစ်သီးအစေ့အဆန်နှင့် ပီလောပီနံ
          ဘင်္ဂလားဆီးသီး၊ မက်မွန်သီး၊ မက်မန်းသီး၊ တရုတ်နှင်းသီးတွေရဲ့ အစေ့အဆန်နှင့် ပီလောပီနံများအတွင်း မှာ ဆိုင်ယာနိုဖိုရစ် ဂလိုင်ကိုဆိုဒ် (Cyanophoric glycoside) ပါဝင်ပြီး ယင်းကနေ အဆိပ်ရှိတဲ့ ဟိုက်ဒရာဆိုင်ရာ နစ်အက်ဆစ် (Hydrocyanic acid)ကို ထုတ်ပေးတယ်။ တစ်ဖန် ယင်း အက်ဆစ်ကနေ ဆိုင်ယာနိုဂျင် (Cyanogens) ထွက်ပေါ်ပြီး ဆိုက်တိုခရုမ်း အောက်ဆီဒေ့ (Cytochrome oxidase)က သံဓာတ်နှင့် ပေါင်းစပ် လွယ်လွန်းတဲ့အတွက် ဆိုက်တိုခရိုင်းအောက်ဆီဒေ့ရဲ့ ဇီဝဓာတ်ပြုမှုအတွင်း အောက်စီဂျင် ဆင့်ကမ်းသယ်ယူမှု အစွမ်းကို ပျက်စေလို့ မွန်းသေမှု ဖြစ်စေနိုင်တယ်။

အာလူး
          အာလူးမှာ အဆိပ်ရှိတဲ့ ဆိုလနင်း (Solanine) ပါရှိတယ်။ အထူးသဖြင့် အညှောင့်ပေါက်နေတဲ့ အာလူးမှာ တွေ့ရတယ်။ ဒါကြောင့် အာလူးမှာ အညှောင့်ပေါက်နေလျှင် အညှောင့်ဖယ်ပစ်ပါ။ ဆိုလနင်းဟာ ရေမှာပျော်ဝင် တတ်လို့ အာလူးကို အမျှင် သို့မဟုတ်အဖတ်လှီးကာ ရေစိမ်၊ ရေဆေးပြီးမှသာ စားပါ။

ပဲနို့ရည်အစိမ်း
          မကျိုချက်ရသေးတဲ့ ပဲနို့ရည်မှာ အဆိပ်ရှိတဲ့ စပိုရင် (Saporin) သွေးဆဲလ်ခဲစုဓာတ် (Hemogglutimin)နှင့် အင်တီထရစ်ဆင် (Antitrypsin)တွေ ပါရှိပါတယ်။ ပဲနို့ရည်ကို မိနစ်အနည်းငယ် ပွက်ပွက်ဆူအောင် ကျိုချက်ပေး မှသာ ယင်းတို့ ပျောက်ကွယ်သွားမှာဖြစ်တယ်။
 
ပဲတောင့်ရှည် (ပဲပြင်း)
                     အဆိပ်ရှိတဲ့ စပိုရင်နှင့် သွေးဆဲလ်ခဲစုဓာတ်တွေပါတယ်။ ပဲညှီနံ့ပျောက်ပြီး ကောင်းကောင်း ကျက်တဲ့အထိ ချက်ပြုတ်ပြီးမှ စားပါ။

ပဲပြား
    ပျူရင်းဓာတ်ပါဝင်မှု အတော်များလို့ ပျူရင်းကြောင့်ဖြစ်ရတဲ့ ဒူလာ၊ လေးဖက်နာသမားနှင့် သွေးရည်တွင်း ယူရစ်အက်ဆစ် မြင့်သူများအနေဖြင့် သိပ်မစား သင့်ပါ။ နောက်ပြီး တက်ထရာဆိုက်ကလင်း အုပ်စုဝင်ဆေးများ သုံးစွဲနေသူများအနေဖြင့်လည်း ပဲပြား မစားသင့်ပါ။ တက်ထရာဆိုက်ကလင်းဟာ ပဲပြားထဲက ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်းတို့ရဲ့ တုန့်ပြန် သက်ရောက်မှုကြောင့် တက်ထရာဆိုက်ကလင်းရဲ့ အာနိသင်ကို ပျက်စေနိုင်တယ်။

 ကန်စွန်းဥ
          လေကိုပွစေတဲ့ အင်ဇိုင်းပါလို့ များများစားလျှင် ဗိုက်ပွတာ၊ လေလည်များတာ၊ အစာမကြေတာတွေ ဖြစ်နိုင်တယ်။ မှိုပိုးကြောင့် ပုပ်နေတဲ့ကန်စွန်းဥမှာ အမဲပြောက်ပိုးက ထုတ်လွတ်တဲ့ ကီတုံး (Ketone)နှင့် ကီတို အယ်လ်ကိုဟော (Keto alcohol)တွေပါလို့ အဆိပ်သင့်နိုင်တယ်။

နံနံပင်
          ဟင်းခတ်အဖြစ်သာသုံးပါ။ များများမစားပါနှင့်။ များများစားလျှင် မှတ်ဥာဏ်အား ကျဆင်းနိုင်တယ်။

နာနတ်သီး     
          နာနတ်သီးနဲ့ မတည့်သူအချို့ဟာ နာနတ်သီးစားမိလျှင် (နာနတ်သီးရောဂါ) ရတတ်တယ်။ နာနတ်သီးမှာ ပါတဲ့ ပရိုတိန်းနယ့် (Proteinase)လို့ ခေါ်တဲ့ အင်ဇိုင်းဟာ အူအပေါ် သက်ရောက်မှုရှိလို့ အူရဲ့ အကျိမြှေးကို စိမ့်ဝင် လက်ခံအားကောင်းစေတဲ့အတွက် အစာအိမ်နှင့် အူအတွင်းက ပရိုတင်းတစ်မျိုးမှာ သွေးရည်ထဲ ပိုရောက်ရှိရာမှ ဓာတ်မတည့်တဲ့ တုန့်ပြန်မှုဖြစ်စေတယ်။ နာနတ်သီး ခွဲပြီးနောက် ဆားရည်နဲ့တို့စားလျှင် ဒီအဆိပ်ဓာတ်ကို ဖယ်ရှားပေးနိုင်တယ်။

ငါးသည်းခြေ
          မြက်စားငါးကြင်း၊ ငါးကြင်း၊ ငါးသိုင်း စတဲ့ ငါးတွေရဲ့ သည်းခြေအိတ်အတွင်းမှာ သည်းခြေရည်အဆိပ် ပါရှိလို့ မစားသင့်ပါ။

ငါးဝမ်းခေါင်းတွင်း အမြှေးပါးမည်း
           ငါးရဲ့ဝမ်းခေါင်း အတွင်းနံရံမှာကပ်နေတဲ့ အမည်းရောင်အမြှေးပါးဖြစ်တယ်။ ဝမ်းခေါင်းအတွင်း နံရံသားနှင့် အတွင်းကလီစာအတွင်းမှာရှိတဲ့ မကောင်းတဲ့အရာများအနေဖြင့် ဝမ်းခေါင်းနံရံမှတစ်ဆင့် ကြွက်သားထဲ စိမ့်ဝင်ရာမှာ ဖြတ်သန်းရတဲ့ အစစ်ဆန်ကာ တစ်မျိုးလည်းဖြစ်တယ်။ ဒီအမြှေးပါး အတွင်းမှာ ရောဂါပိုးနှင့် ပိုးသတ်ဆေး စတာတွေ ရှိနေတတ်လို့ စားမိလျှင် အောဂလီဆန်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ငါးစားရာမှာ ဒီအမည်းရောင် အမြှေးပါးကို ဂရုတစိုက် ဖယ်ရှားပစ်ပါ။
 
ကဏန်း
          ကဏန်းအနေနဲ့တော့ အဆိပ်မရှိပါ။ သို့သော် ကဏန်းကောင်ဟာ ရေထဲက တိရိစ္ဆာန်အသေအပုပ်ကောင် တွေကို စားတတ်လို့ ကဏန်းရဲ့အစာအိမ်နှင့် အူတွေမှာ ပိုးတွေ အလွန် များတယ်။ ဒါကြောင့် ကဏန်းစားရာမှာ အစာအိမ်၊ အူ၊ ပါးဟက်၊ ချက် စတဲ့ နေရာတွေ မစားပါနဲ့။

ပင်လယ်မျှော့
  ပင်လယ်မျှော့အတော်များများမှာ အဆိပ်ရှိနေတယ်။ အခြောက်ပြုပြင်မှု၊ ပေါင်းခံခဲ့မှု၊   ရေစိမ်ခဲ့မှုတွေကြောင့် အဆိပ်တော်တော် များများဟာ ပြေပျောက် သွားလို့ဖြစ်တယ်။

ကြက်ဖင်ဆီဖု
          ကြက်ကိုယ်ပေါ်က အဆိပ်တွေ အစုဆုံးနေရာဖြစ်လို့ မစားသင့်ပါ။ ဒီနေရာမှာ ပြန်ရည်ကြောတွေ အတော် စုနေတယ်။ ပြန်ရည်ကြောအတွင်းမှာရှိတဲ့ ဖမ်းစားဆဲလ်ဟာ ရောဂါပိုးနှင့် အဆိပ်တွေ ဖမ်းစားနိုင်စွမ်းရှိသလို ကင်ဆာလည်း ဖြစ်စေနိုင်တယ်။ ဒီအရာများ ဖမ်းစားခံရပြီးနောက်မှာ ကောင်းစွာ ရှင်းထုတ်ပစ်နိုင်ခြင်းမရှိလို့  ကြက်ဖင်ဆီဖုအတွင်းမှာ ရောဂါပိုး၊ ဗိုင်းရပ်စ်နှင့် ကင်ဆာဖြစ်စေတဲ့အရာများ စုဆောင်း သိုလှောင်ရာဖြစ်နေတယ်။ ဒါကြောင့် ကြက်သတ်ပြီးလျှင် ကြက်ဖင်ဆီဖုကို ရှင်းထုတ်ပစ်ပါ။

မှတ်ချက်။ ။  သင်ဟာ အဆိပ်အပုပ် ရှင်းထုတ်မှုရဲ့ အရေးပါပုံကိုမြင်တယ်။ ကျန်းမာရေးကိုလည်း စောင့်ရှောက်လိုစိတ်ရှိတယ်ဆိုရင် အစားအသောက်ရဲ့ အမျိုးအမည်ကို ဂရုစိုက်ပါ။ အဆိပ်အပုပ် ရှင်းထုတ်အားကောင်းတဲ့ အစာများကို များများစီစဉ် စားသောက်ပါ။ ရှောင်သင့်တာရှောင်ပါ။ ဆင်ခြင်ပါ။ ဒါဆို သင်ဟာ အစားအသောက်နည်းဖြင့် အဆိပ်အပုပ် ရှင်းထုတ်မှုကြောင့် အားသိပ်စိုက်စရာမလိုဘဲ ကျန်းမာရေးအနေအထား တစ်နေ့တခြား ကောင်းမွန်လာပါလိမ့်မယ်။


ကျန်းမာရေးအထောက်အကူအတွက် ဆရာမင်းအိမ်စံ၏
( ကိုယ်တွင်းကအဆိပ်အပုပ်ရှင်းထုတ်ပါ ) စာအုပ်မှ
အစားအသောက်နှင့်ပတ်သက်၍ ကောင်းနိုးရာရာများကို
ရွေးချယ်ထုတ်နှုတ် တင်ပြထားပါသည်။
 


No comments:

Post a Comment