မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, October 30, 2014

မင်းကွတ်သီးခွံရဲ့ဆေးဖက်ဝင်အာနိသင်

မင်းကွတ်သီးရဲ့ဆေးဖက်ဝင်အာနိသင်
========================


        မင်းကွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာ
စိုက်ပျိုးပင်အဖြစ် အများဆုံးတွေ့ရှိရပါတယ်။
မင်းကွတ်တစ်ပင်လုံး ဆေးဖက်ဝင်ပမယ့် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖော်စပ်အသုံးပြုရာမှာတော့မင်းကွတ်သီးရဲ့ အခွံတစ်မျိုးတည်းကိုသာ ဆေးဝါးဖော်စပ်ရာမှာ အများဆုံး အသုံးပြုကြပါတယ်။
    မြန်မာ့တိုင်းရင်းဆေးပညာအရ မင်းကွတ်သီးခွံရဲ့အရသာဟာ "အေးဖန်" အရသာ ရှိတဲ့အတွက်ကြောင့်
ဆီး၊ ဝမ်း၊ သွေး၊ လေကို ချုပ်စေတဲ့ အာနိသင်များရှိပြီး အထူးသဖြင့် ဝမ်းနဲ့သွေးကို ချုပ်စေပါတယ်။
    မင်းကွတ်သီးခွံကို ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊
ဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ အမျိုးသမီး မီးယပ်ရောဂါနဲ့ ပတ်သက်ပြီး မီးယပ်သွေးလွန်ရောဂါနဲ့ မီးယပ်ဖြူဆင်းရောဂါတွေကိုလည်း ထိရောက်စွာ သက်သာ ပျောက်ကင်းစေပါတယ်။


    မင်းကွတ်သီးခွံဟာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အမျိုးသမီး မီးယပ်နဲ့ပတ်သက်တဲ့ရောဂါတွေအပြင်
ဆီးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချိုရောဂါ၊ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားများမှာအဖြစ်များတဲ့ ဆီးသွားရင်းဆီးကျန်တာတို့၊ ညစဉ်ညတိုင်း ဆီးမကြာခဏသွားနေရတာတို့ စတဲ့ရောဂါတွေကိုလည်းပျောက်ကင်းစေပါတယ်။
    သွားဖုံးရောင်တာ၊ သွားနဲ့တာ၊ သွားနာတာ၊ ရေစီးကမ်းပြို ဒန္တစိုနာရောဂါ စတဲ့ သွားနဲ့ခံတွင်းရောဂါတွေတင်မက အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ ပွေး၊ ဝဲ၊ ဝက်ခြံ၊ နေလောင် ကွက်၊ အင်ပျဉ်ထခြင်းတွေကိုပါ ထိရောက်စွာသက်သာပျောက်ကင်းစေပါတယ်။
    မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီး သက်သာပျောက်ကင်းစေနိုင်တဲ့ ရောဂါလက္ခဏာတွေအကြောင်းကို သိရှိပြီးရင်တော့ရောဂါတစ်မျိုးချင်းစီးအလိုက် အသုံးပြုရမယ့် အသုံးပြုပုံ နည်းစနစ်များအကြောင်းကိုလည်း ကျွန်တော်ဆက်လက်ပြီး တင်ပြပေးချင်ပါတယ်။
    ပထမဆုံးအနေနဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊
ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းရောဂါတွေအတွက်ဆိုရင် မင်းကွတ်သီးခွံပြုတ်ရည်ကို တစ်ခါသောက် လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်လောက်ကို ၁၀မိနစ်ခြား ငါးကြိမ်ဆက်တိုက် သောက်ပေးရပါမယ်။ ဝမ်းပိတ်သွားရင်တော့ မင်းကွတ်သီးပြုတ်ရည်ကို သောက်စရာမလိုတော့ပါဘူး။ ခန္ဓာကိုယ်မှာ ဝမ်းတွေ သွားထားတဲ့အတွက် ဝမ်းနဲ့အတူ ခန္ဓာကိုယ်မှာ ဆုံးရှုံးထားတဲ့ အရည်ဓာတ်များကို ပြန်လည်ဖြည့်တင်းပေး တဲ့အနေနဲ့ ဓာတ်ဆားရည်ကိုသာ ဆက်လက်ပြီး သောက်သုံးသင့်ပါတယ်။
    ဝမ်းနဲ့ပတ်သက်ပြီး အသုံးပြုပုံ နည်းစနစ်များကို သိရှိပြီးရင်တော့ နောက်ထပ် အမျိုးသမီးရောဂါတွေဖြစ်တဲ့မီးယပ်သွေးလွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ရောဂါ၊ ဆီးနဲ့ရောဂါပတ်သက်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချိုရောဂါ၊ ဆီးသွားပြီး ဆီးကျန်တာ စတဲ့ ရောဂါတွေအတွက်ဆိုရင်တော့ မင်းကွတ်သီးခွံပြုတ်ရည်ကို တစ်ခါသောက် လက်ဖက်ရည်အကြမ်း ပန်းကန်တစ်ဝက်ကို နံနက် ၈နာရီမှာတစ်ကြိမ်၊ မွန်းတည့် ၁၂နာရီမှာတစ်ကြိမ်၊ ညနေ ၄နာရီမှာတစ်ကြိမ်၊ ည ၈နာရီမှာ တစ်ကြိမ် စုစုပေါင်းတစ်နေ့ကို လေးကြိမ် ခုနစ်ရက်တိတိ သောက်သုံးပေးရပါမယ်။ ခုနစ်ရက်မတိုင် ခင်ရောဂါပျောက်ကင်းသွားရင်တော့ မင်းကွတ်သီးခွံပြုတ်ရည်ကို ဆက်ပြီးသောက်စရာ မလိုတော့ပါဘူး။
    မင်းကွတ်သီးခွံ ငါးကျပ်သား၊ တမာခေါက်ငါးကျပ်သား၊ မာလကာခေါက်ငါးကျပ်သား၊ လေးညှင်းပွင့် ၁၀ပွင့် စတဲ့ဆေးပစ္စည်းတွေကို ရေတစ်ပိဿာရောပြီး တစ်ဝက်ကျအောင် ကျိုပေးရပါမယ်။ ရရှိလာတဲ့ ဆေးပြုတ်ရည်ကို မကြာခဏ ငုံ၊ထွေးပေးခြင်းဖြင့် ကျွန်တော်စောစောက တင်ပြပေးသွားတဲ့ သွားနဲ့ခံတွင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ သွားဖုံးရောင်တာ၊ သွားနာတာ၊ ရေစီးကမ်းပြို ဒန္တစိုနာရောဂါတွေ သက်သာပျောက်ကင်းရုံမျှမက ခံတွင်းအနံ့မကောင်းသူတွေပါ ခံတွင်းအနံ့ ကောင်းမွန်စေပါတယ်။
    အနာပေါက်ရောဂါများမှာတော့ မင်းကွတ်သီးခွံပြုတ်ရည်ကို ဖန်ဆေးရည်အဖြစ် အသုံးပြုရပါမယ်။ အနာအို၊အနာဟောင်း၊ အနာဆေးတွေကို မင်းကွတ်သီးခွံပြုတ်ရည်နဲ့ ဖန်ရည်ဆေးပေးခြင်းအားဖြင့် အနာမှ မကောင်းတဲ့အညစ်အကြေးတွေ သန့်စင်ရုံတင်သာမက အနာအသားနုတက်စေပြီး မြန်မြန်အနာကျက်စေ ပါတယ်။ သွေးယိုနေတဲ့အပြင်လိပ်ခေါင်းရောဂါရှင်တွေလည်းမင်းကွတ်သီးခွံပြုတ်ရည်ထဲ ကျောက်ချဉ် အနည်းငယ် ထည့်ပြီး ဖန်ထိုင်ပေးခြင်းဖြင့်လည်း သက်သာစေပါတယ်။
    ပွေး၊ ဝဲ၊ ဝက်ခြံ၊ နေလောင်ကွက်၊ အင်ပျဉ်ထတာတို့ဆိုရင်တော့ မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာနအောက်မှာရှိတဲ့ အစိုးရတိုင်းရင်းဆေးရုံ၊ ဆေးခန်းတွေမှာ အသုံးပြုနေတဲ့ တိုင်းရင်းဆေး အမှတ်(၂၂) အေးပိတ်ဆေးဟာဆိုရင် မင်းကွတ်သီးခွံနဲ့အတူ အခြားသောဆေးဖက်ဝင်ပစ္စည်းတွေဖြစ်တဲ့ တလည်းသီးခွံ၊ မန်ကျည်းစေ့ခွံ၊ ဆီးဖြူသီးခြောက်၊ ကြဇုသီး၊ ဆေးခြောက်၊ ဆားမီးဖုတ် တို့နဲ့ ဖော်စပ်ထားတာဖြစ်ပါတယ်။
    မင်းကွတ်သီးခွံကို ကျွန်တော်တို့မြန်မာ့တိုင်းရင်းဆေးတွင်သာမက ကမ္ဘာမှာပါ မင်းကွတ်သီးခွံကို ဆေးဝါးအနေနဲ့ အသုံးပြုကြပါတယ်။ နိုင်ငံတကာ ကျန်းမာရေဂျာနယ်၊ မဂ္ဂဇင်း၊ အင်တာနက်သတင်းတွေမှာလည်း မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီးဆေးဝါးအဖြစ် အသုံးပြုပုံများကို သုတေသနစာတမ်းများ၊ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်မှု အဖြေများဖြင့် စုံလင်စွာဖော်ပြထားတာကို လ့လာတွေ့ရှိရပါတယ်။ ကနေဒါ၊ အမေရိကစတဲ့ အနောက်နိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့အာရှနိုင်ငံတွေမှာလည်း မင်းကွတ်သီးခွံကို ရိုးရာတိုင်းရင်းဆေးဝါးအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
    မင်းကွတ်သီးခွံကို သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်မှု အဖြေတွေအရဆိုရင် "Antioxidant" လို့ခေါ်တဲ့ ဓာတ်တိုးပယ်ဖျက်မှုစွမ်းရည်ရှိတဲ့ ဓာတုဒြပ်ပေါင်းအမျိုးအစား ၂၀၀ကျော်နဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကဆီဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်မျိုးစုံနဲ့ အခြားအမည်မဖော်နိုင်တဲ့ ဒြပ်ပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားတဲ့ အတွက် အစာကြေဆေး၊ အာရုံကြောအားဆေး၊ ဝမ်းပိတ်ဆေး၊ နှလုံးရောဂါကုဆေး၊ အကိုက်အခဲပျောက်ဆေး၊ သံချဆေး၊ ကင်ဆာရောဂါကုဆေး၊ အဆီကျဆေး၊ စိတ်ငြိမ်ဆေး၊ ဆီးချိုသွေး ချိုရောဂါကု ဆေးဝါးများဖော်စပ်ရာမှာ အသုံးပြုကြပါတယ်။

    မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီး သုတေသနစာတမ်းများမှာတော့ မင်းကွတ်သီးခွံပြုတ်ရည်ဟာ....
ပင်ပန်းနွမ်းနယ်မှုကို ခုခံကာကွယ်ပေးခြင်း။
အဖုအကျိတ် ကင်ဆာရောဂါတွေကိုလည်း ခုခံကာကွယ်းပေးနိုင်ခြင်း။
အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း။
သွေးတိုးကိုလည်း ကျစေခြင်း။
ဓာတ်တိုးမှုကိုလည် တိုက်ဖျက်ပေးခြင်း။
သွေးတွင်းသကြားဓာတ်များကိုလဲ လျော့ကျစေခြင်း။
အဝလွန်ခြင်းကို ကာကွယ်စေပြီး၊ ကိုယ်အလေးချိန်ကို ကျစေခြင်း။
သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင် ကာကွယ်ပေးခြင်း။
နှလုံးနှင့်ဆက်စပ်သည့် ရောဂါများမဖြစ်အောင် ကာကွယ်ပေးခြင်း။

    အရိုးအဆစ် ရောင်ရမ်းနာကျင်မှု ပျောက်ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့်ခံတွင်းဆိုင်ရာရောဂါများ ပျောက်ကင်းစေခြင်း၊ စိတ်မတည့်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း အစရှိတဲ့ ရောဂါအမျိုးပေါင်း ၁၃၈မျိုး ပျောက်ကင်းစေတယ်လို့ သုတေသနစာတမ်းများတွင် အတိအလင်း ဖော်ပြထားတာကို လေ့လာတွေ့ရှိရပါတယ်။
    မင်းကွတ်သီးခွံကို သဘာဝဓာတ်ဆားအနေနဲ့ ပုံမှန်သောက်သုံးမယ်ဆိုရင်တော့ မင်းကွတ်သီးခွံရဲ့ အလေးချိန် တစ်ဆကို ရေလေးဆရောပြီး တစ်ဝက်ကျအောင် ကျိုရပါမယ်။
    တစ်ခါသောက် လက်ဖက်ရည်အကြမ်းပန်းကန်တစ်ဝက် ပမာဏအားဖြင့်တော့ ၃၀စီစီကနေ ၆၀စီစီ တစ်နေ့နှစ်ကြိမ် အစာမစားခင် ပုံမှန် သောက်သုံးလို့ရပါတယ်။ အခုညွှန်ကြားထားတဲ့ သောက်သုံးရမယ့် ပမာဏထက်ပိုပြီး မင်းကွတ်သီးခွံပြုတ်ရည်ကို သောက်မယ်ဆိုရင်တော့ ဆီး၊ ဝမ်း အနည်းငယ် ချုပ်စေတယ် ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။
 မင်းကွတ်သီးကိုစားပြီးတဲ့အခါမင်းကွတ်သီးခွံကို ရေစင်အောင်ဆေးပြီး နေပူမှာ ခြောက်သွေ့အောင်လှမ်းပါ။ မင်းကွတ်သီးခွံ ခြောက်သွေ့သွားပြီဆိုမှ သင့်တော်ရာ ပလပ်စတစ်ဘူး (သို့မဟုတ်) ဖန်ဘူးမှာ ထည့်ပြီး အေး၍ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားသင့်ပါတယ်။
    ဆေးဝါးအဖြစ် အသုံးပြုမယ့် မင်းကွတ်သီးခွံမှာ မှိုစွဲနေတာ၊ အောက်စော်နံနေတာ၊ ပိုးထိုးနေတာ၊ သိမ်းဆည်းထားတာ တစ်နှစ်ထက်ပိုကြာနေတာတို့ဆိုရင်တော့ ဆေးဝါးအနေနဲ့ မသုံးစွဲသင့်ဘူးဆိုတာကို သတိပြုသင့်ကြောင်းရေးသားတင်ပြလိုက်ပါတယ်။

၂၀၁၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့ထုတ် ပြည်ထောင်စုနေစဉ်သတင်းစာ စာမျက်နှာ ၁၄တွင်
ဖော်ပြပါရှိသော မိုးဇော်ဟိန်း၏ မင်းကွတ်သီးခွံရဲ့ဆေးဖက်ဝင်အာနိသင်ဆောင်းပါးကို ဗဟုသုတအလို့ငှာ
ဖော်ပြပေးခြင်းဖြစ်ပါသည်။
=========================================================
 အနောက်နိုင်ငံတွေမှာ ဘယ်လိုအသုံးပြုတယ်ဆိုတာ လေ့လာချင်ရင်တော့



အပေါ်မှာဖော်ပြပေးထားတဲ့ လိပ်စာတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

No comments:

Post a Comment