အသည်းကျန်းမာရေးပြဿနာ -
ရောဂါပေါင်းများစွာနဲ့ အခြေအနေပေါင်းများစွာဟာ အသည်းကို ပျက်စီးစေတယ်။
အသည်းဟာ အလတ်စား ဖရဲသီး အရွယ်လောက်ရှိတဲ့ ခန္ဓာကိုယ်ထဲက အကြီးဆုံးအင်္ဂါ
တစ်ခုပါပဲ။ အပိုင်း (၂)ပိုင်းပါပြီး သပ် (wedge) ပုံရှိတယ်။ ညာဘက်ပိုင်း၊ ဘယ်ဘက်ပိုင်း
ရှိပြီး ညာဘက်ပိုင်းက ကြီးတယ်။ ဘယ်ဘက်ပိုင်းက ငယ်တယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်
အထက်ပိုင်းမှာ ချိတ်ဆွဲထားတယ်။ အသည်းမရှိဘဲ အစာမခြေဖျက်နိုင်ဘူး။ အစာ မစုပ်
ယူနိုင်ဘူး။ ခန္ဓာကိုယ်ထဲဝင်တဲ့ အဆိပ်အတောက်တွေကိုလည်း ရှင်းမပစ်နိုင်ဘူး။
ခန္ဓာကိုယ်အတွက် အသုံးကျတဲ့ အာဟာရပစ္စည်းတွေကိုလည်း မတည်ဆောက်နိုင်ဘူး။
အသည်းမရှိဘဲ အသက်မရှင်နိုင်ဘူး။ မွေးရာပါ အသည်းရောဂါတွေရှိသလို Virus ပိုးတွေ၊
ဘက်တီးရီးယား ပိုးတွေ၊ ဓာတုဗေဒနဲ့ ဆေးဝါးအမျိုးမျိုးကြောင့် အသည်းရောဂါရနိုင်တယ်။
တချို့အသည်းရောဂါတွေက ခေတ္တခဏမျှသာ ကြာတယ်။ အလိုလို ပျောက်ကင်းတယ်။
တချို့အသည်းရောဂါတွေကတော့ နှစ်ရှည်လများကြာတယ်။ နောက်ဆက်တွဲ အခြေအနေ
ဆိုးတွေကို ပေးတယ်။
အသည်းရောဂါနဲ့ ပတ်သက်ပြီး သိစေချင်တဲ့အချက်က အသည်းရောဂါရှိသူ
၅၀ ရာခိုင်နှုန်းမှာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ ရောဂါလက္ခဏာ ပြပြန်ရင်လည်း
အဖြစ်များတဲ့ လက္ခဏာတွေက အသည်းရောဂါရှိတယ်လို့ တိတိကျကျ မပြော နိုင်ပြန်ဘူး။
ဥပမာ-နုံးတယ်။ မောလွယ်တယ်။ စိတ်အား မထက်သန်ဘူး။ တစ်ခါတလေ ယားတယ်။
အသည်းရောဂါရယ်လို့ ပြောနိုင်တဲ့ လက္ခဏာတွေ ရှိတယ်။ မျက်လုံးဝါတယ်။ အသား
ဝါတယ်။ ဆီး နီညိုရောင်ရင့်ရင့် သွားတယ်။ ဝမ်းဖြူတယ် စတဲ့ လက္ခဏာတွေဖြစ်တယ်။
အသည်းရောဂါကြောင့် အစာအိမ်အူလမ်းကြောင်းက သွေးယိုပြီး သွေးအန်တာ၊
ဝမ်းအမည်း သွားတာ ရှိတယ်။ တချို့တွေမှာ ကယောင်ခြောက်ခြားဖြစ်တယ်။ သတိမေ့
တယ်။ ရေဖျဉ်းစွဲတယ်။ ခြေလက်ယောင်တယ်။ ယောက်ျားမှာ သားမြတ်စူတယ်။ ဝှေးစေ့
သိမ်တယ်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး ပါးတယ်။ အမျိုးသမီးမှာ သားမြတ် သိမ်တယ်။
ဆီးခုံမွေး၊ ချိုင်းမွေးတွေ ပါးတယ်။ ကိုယ်ပေါ်မှာ အနီစက်လေးတွေ ပေါ်တတ်တယ်။
လက်ဖဝါးနီတယ်။ လက်ထိပ် ကလေးတွေ ဖုတတ်တယ်။
အသည်းရောင် A-Virus, B-Virus, C-Virus, D-Virus, E-Virus တွေဟာ
အသည်းကို အလွန်ကြိုက်ပြီး အလွန် အဖြစ်များတဲ့ အသည်းရောဂါတွေ ဖြစ်တယ်။
အသည်းရောင် A-ပိုးနဲ့၊ အသည်းရောင် E ပိုးတွေဟာ အတိုင်းအတာ ကာလ တစ်ခုအထိ
အသည်းရောင်စေပြီး အလိုလို ပျောက်ကင်းသွားတယ်။ တချို့ အလွန် အနည်းငယ်သော
လူနာတွေမှာတော့ အခြေအနေ ဆိုးဝါးသွားပြီး သေဆုံးရတယ်။ အသည်းရောင် C ပိုးနဲ့၊
အသည်းရောင် B ပိုး လူနာတချို့ဟာ ၆ လအတွင်းမှာ အလိုလို ပျောက်ကင်းသွားပေမယ့်
လူတစ်ချို့မှာ နာတာရှည်ရောဂါအဖြစ် ကျန်ရစ်ခဲ့တယ်။ အသည်းရောင် B ပိုးနဲ့ အသည်း
ရောင် C ပိုး ဝင်မှန်းမသိဘဲ သွေးစစ်ကြည့်မှသာ အသည်းရောင် B ပိုး၊ အသည်းရောင်
C ပိုးရှိမှန်း သိရတဲ့လူတွေ အများကြီးပဲ။ သင်တန်းတက်ဖို့၊ နိုင်ငံခြားသွားဖို့ လက်နက်ကိုင်
အဖွဲ့အစည်းထဲမှာ အမှုထမ်းဖို့၊ သင်္ဘောအမှုထမ်းဖို့ ဆေးစစ်တဲ့အခါမှသာ အသည်းရောင်
B ပိုး၊ C ပိုးရှိမှန်း သိကြရပြန်တယ်။ သွေးသွင်းရာ၊ လိင်ဆက်ဆံရာ၊ မသန့်ရှင်းတဲ့
ဆေးထိုးအပ်၊ ဆေး ကိရိယာ၊ နားဖောက်၊ အလှဆင်အသီး တပ်ဆင်ရာမှာ အသည်းရောင်
B ပိုး၊ C ပိုးက ဝင်တတ်တယ်။ အသည်းရောင် B ပိုးရှိတဲ့ အမေက ကလေးကို ကူးတတ်
တယ်။ အသည်းရောင် B ပိုးအတွက် ကာကွယ်ဆေးရှိပေမယ့် မသိခဲ့၊ မကာကွယ်ခဲ့တဲ့
ကလေးနဲ့ လူငယ်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ လူကြီးတွေ အများကြီးရှိနေသေးတယ်။
ပိုးဝင်တာ မဟုတ်ဘဲ မိမိကောင်းမှုနဲ့ မိမိ အသည်းရောဂါရသူတွေလည်း ရှိတယ်။
အရက်ကို အဆိပ်လို့ မသိကြဘူး။ အများကြီးသုံးရင် ရှင်တော်ဟောတဲ့ အဆိပ်ရည်ဆိုတာ
အမှန်ပဲ။ တစ်နေ့တစ်ခွက်၊ နှစ်ခွက်လောက်သောက်ရင် အန္တရာယ် မဖြစ်ဘူးဆိုပေမယ့်
ကြာရင် ဖြစ်နိုင်တာပဲ။ အမျိုးသမီးတွေမှာ တစ်နေ့ တစ်ခွက်လောက်သောက်ရင်
အန္တရာယ်မဖြစ်ဘူး ဆိုပေမယ့် ရေရှည်မှာဖြစ်တာပါပဲ။ Rum ၊ Whisky ၊ ချက်အရက်တွေ
ကသာ အန္တရာယ်ပြုတယ်လို့ မထင်လိုက်ပါနဲ့။ ဝိုင်၊ ရှယ်ရီ၊ ဘီယာ စတဲ့အရက်တွေကလည်း
အသည်းရောဂါ ဖြစ်စေတာပါပဲ။ အသည်းရောင် B-ပိုးနဲ့ C-ပိုးရှိသူအတွက် လုံလုံခြုံခြုံ
သောက်ရမယ့် အရက်ပမာဏဟာ သုညပါပဲ။ 'Safe dose of alcohol in hepatities
B or C infeceted Patient is ZERO' လို့ ဆိုရပါမယ်။ ကြာကြာသုံးရင် အသည်းမှာ
အဆိပ်ဖြစ်တယ်။
ပရဆေးကောင်းတယ်၊ ကောင်းတယ်နဲ့ လက်တို့ပြောလို့ဖြစ်စေ၊ ကြော်ငြာကောင်း
လို့ဖြစ်စေ၊ သောက်ရင်း သောက်ရင်းနဲ့ အသည်းရောင်ပြီး ဆေးရုံရောက်တဲ့လူတွေ
မနည်းလှပါဘူး။ အကြောင်းမရှိဘဲ ဟိုလူပြော၊ ဒီလူပြောနဲ့၊ ဟိုပရဆေး၊ ဒီပရဆေး၊
ဟိုဆေးရွက်ပြုတ်၊ ဒီဆေးရွက်ပြုတ်၊ ဟိုအရွက်သုပ်၊ ဒီအရွက်သုပ် ရေရှည်အကြာကြီး
မစားစေချင်ပါဘူး။ အသည်းဟာ အဆိပ်အတောက်ကို ချေဖျက်ရတဲ့ အင်္ဂါဖြစ်နေတယ်။
ကြာတော့ မနိုင်တော့ဘူး။ အသည်းကို ထိလာတယ်။
အများသိတဲ့ ပါရာစီတမောကိုပဲကြည့် အလုံး (၂၀)လောက် တစ်နေ့ထဲ
အကြောင်းအမျိုးမျိုးကြောင့် သောက်လိုက်ရင် အသည်းပျက်ပါလေရော။ အသည်းရောဂါ
ရှိသူ၊ အရက်သောက်သူဆိုရင် ပါရာစီတမော အလုံးနည်းနည်းနဲ့တောင် ဒုက္ခ ရောက်နိုင်
တယ်။ အသည်းအစားထိုးတဲ့ ကုထုံးပေါ်လာလို့သာ အသက်ချမ်းသာရာရတယ်။ အချိန်မီ
ဖြေဆေးပေးခွင့် မရရင် အသည်း အစားထိုးရတာပါပဲ။ အသည်း အစားထိုးခွင့်မရရင်
အသက်ဆုံးရှုံးရတာပဲ။
တချို့ဆေးတွေကတော့ အသည်းကိုထိမှန်း သိတယ်။ ဥပမာ-TB ဆေး၊ HIV ဆေး
တချို့ဟာ အသည်းကို ထိတတ်တယ်။ သိတယ်။ ဒါပေမယ့် လိုအပ်နေတဲ့အတွက်
သောက်ရတယ်။ မကြာခဏ အသည်းကို စစ်ကြည့်ရတယ်။
ကြေးနီ၊ သံ စတဲ့ သတ္တုဓာတ်တွေရဲ့ ဇီဝဖြစ်စဉ် မှားရင်လည်း
အသည်းထိခိုက်တယ်။ အစာအိမ် အူလမ်းကြောင်းမှာ ဖြစ်တဲ့ ရောဂါမှန်သမျှ အသည်းကို
ရောက်နိုင်တယ်။ ဝမ်းကိုက်ရင် ဝမ်းကိုက်ပိုးကြောင့် အသည်း ပြည်တည်နိုင်တယ်။
ကိုယ့်ခန္ဓာကိုယ်ကထွက်တဲ့ ရန်သူ ကာကွယ်ရေး ပဋိပစ္စည်း Antibody တချို့ဟာ
အသည်း သို့မဟုတ် သည်းခြေပြွန်တွေကို မှားယွင်းတိုက်ခိုက်တဲ့အခါ အသည်းရောဂါ
ရပြန်တယ်။ Autoimmune Liver disease တွေလို့ ခေါ်တယ်။ အသည်း ဟာ ရောဂါ
အမျိုးမျိုးပျံ့ရာရဲ့ နေရာဖြစ်သလို နေရာအမျိုးမျိုးက ကင်ဆာအမျိုးမျိုးကလည်း အသည်း
ကို ဝင်ရောက်ပျံ့နှံ့တယ်။ အသည်းနဲ့ သည်းခြေပြွန်ကိုယ်၌ကလည်း ကင်ဆာအဖြစ်
များတယ်။ သည်းခြေကျောက်တုံး၊ သန်ကောင်တွေ သည်းခြေပြွန်မှာ ပိတ်တဲ့အတွက်
အသည်းရောဂါ ရတတ်သေးတယ်။ အသည်းရောဂါ တစ်ခုတည်းတောင် ဆေးပေးရ
ခက်လှတယ်။ တချို့ဆေးတွေက အသည်းရောဂါရှိရင် အစွမ်းမထက်ဘူး။ တချို့ဆေး
တွေက အသည်းရောဂါရှိရင် အသည်းကို အဆိပ် အတောက် ဖြစ်စေတယ်။ ဆီးချို၊ နှလုံး၊
သွေးတိုး၊ TB ၊ HIV ပိုးနဲ့ တွဲလာရင်တော့ ကုရတာ တော်တော်ရှုပ်ကုန်တယ်။ အသည်း
ရောဂါကိုသိပြီး မဖြစ်အောင် နည်းလမ်းရှိသလောက် ကြိုးစားနေထိုင်ဖို့လိုတယ်။
အသည်းက ပျက်ပြီးရင် တကယ်တော့ ပြန်ကောင်းနိုင်တဲ့ စွမ်းရည်အများကြီး
ရှိတယ်။ အသည်းရဲ့တစ်ဝက်ကို ဖြတ်ထုတ် လိုက်ရင်တောင်မှ ပကတိပြန်ကောင်းအောင်
စွမ်းတယ်။ ဒါကြောင့် အသည်းတစ်ဝက်ကို ဖြတ်လှူလို့ရတယ်။ Virus ပိုး ကြောင့်ဖြစ်စေ၊
ပါရာစီတမောသောက်လို့ဖြစ်စေ အသည်းအလွန်အကျွံပျက်သွားပြီး အသက်မဆုံးရှုံးခဲ့ဘူး
ဆိုရင် လုံးဝ ပကတိ ပြန်ကောင်းနိုင်တယ်။ အရက်၊ Virusတို့က တစ်သမတ်တည်း ဒုက္ခ
ပေးနေလို့သာ ဒီစွမ်းရည်ကို ပြနိုင်ခွင့် မရှိရတာ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
ပါမောက္ခဒေါက်တာဦးသံစစ်

No comments:
Post a Comment