ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ။ ကျနော်နဲ့ယှဉ်ရင် စကြာဝဠာမှာ ရှိသမျှ
အံ့သြဖွယ်အားလုံး မှေးမှိန်ပျောက်ကွယ်သွားကြပါမယ်။ ကျနော်က တစ်ကီလိုခွဲ လေးပြီး၊
ချွဲတဲတဲနဲ့ မီးခိုးရောင်လွှမ်းတဲ့ အရောင်ရှိပါတယ်။
(မြတ်ဘုရားက မုန့်ညက်ဖတ် အခဲကဲ့သို့ ပြစ်ခဲသည်ဟု ဟောတော်မူပါတယ်)။
ကျနော့်လို လုပ်နိုင်တဲ့ computer မရှိသေးပါဘူး။ ကျနော့်မှာ ဘီလီယံ ၃၀ ခန့် နူရုံး
(neuron) လို့ခေါ်တဲ့ အာရုံဆဲလ်တွေနဲ့ ၅-၁၀ ဆ ပိုများတဲ့ glial cell လို့ခေါ်တဲ့ ဆဲလ်တွေ
ရှိပါတယ်။ အဲ့ဒီဆဲလ်အားလုံး နံပတ် ၇ ဦးထုပ်အရွယ် ခေါင်းရိုးခွံထဲမှာရှိနေပါတယ်။
ကျနော်က ဦးမောင်မောင်ရဲ့အင်္ဂါ တစ်ခု တင်မဟုတ်ပါဘူး။ ဦးမောင်မောင်လို့ခေါ်တဲ့
ပုဂ္ဂိုလ်ပါ။ သူ့ရဲ့စိတ်နေသဘောထား၊ သူ့ရဲ့အရည်အသွေး၊ သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့
စရိုက် အားလုံး သူနဲ့ပတ်သက်တာ ကျနော်ပါ။ ဦးမောင်မောင်က သူ့နားနဲ့ကြားတယ်၊
သူ့ မျက်စိနဲ့ မြင်တယ်၊ သူ့ နှခေါင်းနဲ့ အနံရတယ်၊ သူ့လျှာနဲ့ အရသာခံတယ်၊ သူ့ကိုယ်နဲ့
ထိတွေ့တယ်လို့ ထင်တယ်။ တကယ်က အဲ့ဒီခံစားမှုအားလုံး ကျနော့်ထဲမှာ ဖြစ်တာ။
နား၊ မျက်စိ၊ နှာ၊ လျှာ၊ လက် အပါအဝင် ကိုယ်ခန္ဓာတွေက အာရုံ (information) ကို
လက်ခံရုံ သက်သက်ပဲ။ ကျနော်က သူနေမကောင်းတာ၊ ဗိုက်ဆာတာ၊ ပျော်တာ၊ စိတ်ပျက်
တာ စတာ တွေကိုလည်း သူ့ကိုပြောပြတယ်။ သူ့ရဲ့ ခံစားမှုအားလုံးကို ကျနော်သိတယ်၊
ထိန်းချုပ်တယ်။ သူအိပ်ပျော်နေရင်တောင်မှ ကျနော်က သူ့ဆီရောက်လာတဲ့ အာရုံတွေကို
တကမ္ဘာလုံးမှာရှိတဲ့ telephone exchange တွေလို ကိုင်တွယ်ဖြေရှင်းပေးတယ်။ ကျနော်
အဲ့ဒါတွေ အားလုံးကို ဘယ်လိုလုပ်သလဲ။ ရှင်းပါတယ်။ အရေးမကြီးတာတွေကို ဖယ်ရှား
ပစ်တယ်။ ဥပမာ သူ သီးချင်းဖွင့်ပြီး စာဖတ်နေရင် ကျနော်က စာဖတ်တဲ့ အပေါ်မှာ ဂရု
စိုက်စေတယ်။ သူ နှစ်မျိုးလုံးကို ဂရုစိုက်လို့ မရဘူးလေ။ တကယ်လို့ သူစိတ်ဝင်စားတဲ့
ဝတ္ထုဖတ်နေရင် သူကြိုက် တဲ့ သီးချင်းကို ကြားမှာ မဟုတ်ဘူး။
ဒါပေမဲ့ သူ့ကိုဒုက္ခပေးမဲ့အန္တရာယ် ကျရောက်လာရင်တော့ ကျနော်ချက်ချင်း ဂီယာ
(gear) ပြောင်းလိုက်တယ်။ ဥပမာ သူချော်နေတဲ့ လမ်းပေါ်မှာ လဲတော့မယ်ဆိုရင် သူလဲ
မကျအောင် သူ့လက်တွေကို ဟန်ချက်ညီအောင် လုပ်ဖို့ သတင်းပို့ပေးတယ်။ တကယ်လို့
သူ လဲကျသွား ရင်တောင် သူဒဏ်ရာ ရသလား၊ မရဘူးလား ဆိုတာကို အသိပေးတယ်။
ပြီးတော့ ဒီအဖြစ် အပျက်ကို ကျနော်သိမ်းထားပြီး။ နောက်တခါ သူ ချော်လဲနိုင်တဲ့လမ်းပေါ်
လျှောက်ရတော့မယ်ဆိုရင် ဂရုစိုက်ဖို့ ကျနော် သတိပေးတယ်။ အဲ့ဒီလို အရေးပေါ်ကိစ္စတွေ
အပြင် ကျနော် သူ့ရဲ့အိမ်ရှင်မလို အလုပ်မျိုးလဲ လုပ်ပေးသေးတယ်။ ဥပမာ၊ အသက်ရှုတာ
နဲ့ ပတ်သက်ပြီး ကျနော်ရဲ့ အာရုံခံကိရိယာ (sensor) တွေက ဦးမောင်မောင်ရဲ့သွေးထဲမှာ
ကာဘွန်ဒိုင်အောက်ဆိုက် အဆိပ်ဓာတ်ငွေ့တွေများနေတယ်။ အောက်ဆီဂျင်ဓာတ်တွေ
ပိုလိုတယ်လို့ သတင်းပို့လာရင် ကျနော်က သူ့ရဲ့ အသက်ရှူတဲ့ကြွက်သားတွေကို အသက်
ရှူ မြန်စေတယ်။ အဲ့ဒီလိုမျိုး ထောင်ပေါင်းများစွာသော အလုပ်တွေကို လုပ်ပေးခြင်းဖြင့်
ကျနော် သူ့ကို ခလေးတစ်ယောက်လို စောင့်ရှောက်တယ်။ ကျနော် အလုပ်လုပ်သလောက်
ကျနော်လိုအပ်တာတွေကိုလည်း တောင်းဆိုတယ်။ ကျနော်က ဦးမောင်မောင် ကိုယ်ရဲ့
အလေးချိန်ရဲ့ ၂% သာရှိပေမဲ့ ကျနော်က သူရှူတဲ့အောက်ဆီဂျင်ရဲ့ ၂၀% နဲ့ သူ့နှလုံးက
မှုတ်ထုတ်လိုက်တဲ့ သွေးရဲ့ ငါးပုံ တစ်ပုံ လိုတယ်။ ကျနော်က အောက်ဆီဂျင်နဲ့ သွေး အမြဲ
လိုအပ်နေတယ်။ တကယ်လို့ ဒီနှစ်ခု ခဏလေး နည်းသွားတာနဲ့ သူမေ့သွားမယ်။ မီနစ်
အနည်းငယ်ကြာအောင် နည်းသွားမယ်ဆိုရင် သူ့အနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ
သေတာမျိုးအပြင် သေဆုံးသည်အထိ ဖြစ်နိုင်တယ်။ နောက်ပြီး ကျနော့်အစာဖြစ်တဲ့
သကြားကိုလည်း အဆက်မပြတ်လိုတယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ အခါမျိုးမှာ
တောင် ကျနော်က စားရမှ၊ နို့မဟုတ်ရင် သူသေမှာ။
ကျနော်က အလုပ်အများကြီးလုပ်ပြီး အလွန်အရေးပါးတဲ့ အင်္ဂါ ဖြစ်ပေမဲ့ ကျနော့် အကြောင်း
သိပ်မသိကြဘူး။ ဥပမာပေးရမယ်ဆိုရင် ကိုလန်ဘို အမေရိကတိုက်ကို ကမ်းစပ်ကနေ
တွေ့လိုက်ရသလိုပါပဲ။ ကျနော့်အကြောင်း သိဖို့အများကြီးလိုပါသေးတယ်။ ကျနော့်ကို
လေ့လာစူးစမ်းတဲ့ သုတေသနပညာရှင်တွေ စူးစမ်းလေ အံ့သြ ကြရလေပါပဲ။
ဥပမာ ကျနော်က ဦးမောင်မောင်ရဲ့ တစ်ကိုယ်လုံးက နာကျင်တဲ့ခံစားမှုတွေကိုသိတယ်။
ဒါပေမဲ့ ကျနော်ကို့ ခုတ်ဖြတ်ရင်တောင် ကျနော် မနာဘူး။ ဒါကြောင့် ဦးနှောက်ခွဲစိပ်မှု
တွေမှာ လူနာကိုမေ့ဆေး မပေးဘဲလုပ်နိုင်တယ်။ သူတေသနပညာရှင်တွေက ကျနော်ရဲ့
ဘယ်နေရာက ဘာခံစားတယ်ဆိုတာ သိရအောင် သိလိုတဲ့ နေရာတွေကို လျှပ်စစ်နဲ့
လှုံ့ဆော်ပြီး အစမ်းသပ်ခံပုဂ္ဂိုလ် ဘယ်လို ခံစားရတယ်ဆိုတာ လေ့လာကြတယ်။
ဦးမောင်မောင်သာ အဲ့ဒီလိုလေ့လာမှုမျိုး အစမ်းသပ်ခံမယ်ဆိုရင် သူ တော်တော် အံ့သြ
သွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ရဲ့ တစ်ချို့နေရာကို လျှပ်စစ်နဲ့တို့လိုက်မယ်
ဆိုရင် သူမေ့နေခဲ့တဲ့ သုံးတန်းက သူ့ဆရာမကို မျက်ဝါးထင်ထင်မြင် လိမ့်မယ်။
နောက်တစ်နေရာကို လှုံဆော်ရင် မီးရထားဥသြသံ (၀ါ) မူကြိုကျောင်းမှာ ကဗျာတွေ
ဆိုခဲ့တာကို ကြားလိမ့်မယ်။
ကျနော်က ဂိုဒေါင်ဟောင်းကြီးလို သူ့တစ်ဘဝတာ အတွေ့အကြုံတွေကို သိမ်းဆည်း
ထားတယ်။ သူ့အနေနဲ့ အဲ့ဒီဂိုဒေါင်ထဲမှာ ဘာတွေရှိမှန်း မသိဘူး။ သုတေသနပညာရှင်တွေ
အနေနဲ့ ကျန်ာရဲ့ ဘယ်နေရာတွေက ဘာတွေလုပ်တယ်ဆိုတာကို အကြမ်းအားဖြင့်တော့
သိကြပါပြီ။ ဥပမာ ကျနော့်နောက်စေ့နေရာက မြင်တယ်။ ဘေးဘက်နေရာတွေက
ကြားတယ်။ စိတ်ဝင်စားစရာ နေရာကတော့ ကျနော်ရဲ့ ပျော်ရွင်မှုခံစားတဲ့နေရာပဲ
(Pleasure centre)။ တကယ်လို့ ဓာတ်ခွဲခန်းထဲက ကြွက်တွေကို ခလုပ်တစ်ခုနှိပ်တာ
သင်ပေးပြီး၊ အဲ့ဒီခလုပ်ကို နှိပ်လိုက်တိုင်း ကြွက်တွေရဲ့ ပျော်ရွင်တဲ့နေရာကို လျှပ်စစ်လှုံ့
ဆော်မှုပေးမယ်ဆိုရင် ကြွက်တွေဟာ အဲ့ဒီ ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုပဲ အဆက်မပြတ်
နှိပ်နေတာကို တွေ့ရမှာဖြစ်တယ်။ ကြွက်တွေဟာ အစာထက် ပျော်ရွင်မှုပေးတဲ့ ခလုပ်ကို
သာ ဦးစားပေးတာကြောင့် သူတို့ အစာငတ်သေပေမဲ့ ပျော်ရွှင်နေကြတာ တွေ့ရမှာဖြစ်ပါ
တယ်။ တကယ်လို့ ဦးမောင်မောင်စိတ်ဓာတ်ကျ ရောဂါရနေရင် လျှပ်စစ်လှုံဆော်မှုပေးတဲ့
စက်ကလေးကို သူ့ရဲ့ပျော်ရွင်မှုနေရာလေးမှာ တပ်ထားမယ်ဆိုရင် သူ စိတ်ဓာတ်မကျတဲ့
အပြင် ပီတိတွေဖြစ်ပြီး စိတ်တွေတက်ကြွနေမှာဖြစ်ပါတယ်။ (ပျော်နေတဲ့လူရဲ့ ဦးနှောက်
ကို scan လုပ်ကြည့်ရင် အဲ့ဒီပျော်ရွှင်မှုနေရာလေးက လင်းနေပါတယ်။ အမေရိကန်နိုင်ငံ
မှာ တရားထိုင်သူများရဲ့ ဦးနှောက်ကို scan လုပ်ကြည့်တဲ့အခါ လူတော်တော်များများရဲ့
ပျော်ရွှင်မှုနေရာလေးက လင်းနေတာကို တွေ့ရတဲ့အတွက် ဗုဒ္ဓဘာသာတွေဟာ အလွန်
ပျော်ရွှင်ကြတယ်လို့ သုတေသီတွေက ကောက်ချက်ချကြပါတယ်။ တကယ်က တရား
ထိုင်လို့ ပီတိ၊ ပဿတိတွေ ဖြစ်လာတာပါ)။
ကျနော်က အလွန်လုံခြုံတဲ့ ခံတပ်ကြီးထဲမှာနေပါတယ်။ ခေါင်းရိုးခွံက ထိပ်ပိုင်းမှာ
စင်တီမီတာဝက်ခန့် ထူပါတယ်။ အောက်ဘက်မှာ ပိုထူပါတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာ
တွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ ရေကဲ့သို့သောအရည်နဲ့လည်း ဝိုင်းရံထားပါတယ်။
ဦးနှောက် အစောင့်လို့ပြောရမဲ့ Blood-brain barrier ကလည်း ဂိတ်စောင့်လိုမျိုး
ကျနော့်အတွက် လိုအပ်တာတွေ ပေးဝင်ပြီး၊ ဒုက္ခပေးမဲ့ဟာတွေကို ဝင်ခွင့်မပေးပါဘူး။
ဒါကြောင့် သကြားတွေ ဝင်ခွင့်ရပြီး၊ ပိုးမွှားတွေ အဆိပ်တွေကတော့ ကျနော်ဆီ ဝင်လို့
မရပါဘူး။ အနာသက်သာစေတဲ့ ဆေးတွေ၊ မေ့ဆေးတွေ ဝင်ခွင့်ရသလို အရက်နဲ့ ရူးသွပ်
စေတဲ့ ဆေးတွေလည်း ဝင်ခွင့်ရတာမို့ သူတို့ကြောင့် ကျနော် လူမှန်း သူမှန်းမသိအောင်
ဖြစ်နိုင်ပါတယ်။
ကျနော်ရဲ့ တည်ဆောက်မှုကိုသိချင်ရင် မြက်ဖုတ်တစ်ဖုတ်ကိုနှုတ်ပြီး သူ့အမြစ်တွေကို
ကြည့်ပါ။ ကျနော်က မြက်ဖုတ်အမြစ်တွေလို ပါပဲ။ ဒါပေမဲ့ ကျနော်က မြက်ဖုတ်ထက်
သိန်းပေါင်းများစွာ ပိုရှုပ်ထွေးပါတယ်။ ကျနော်ရဲ့ ဘီလီယံ ၃၀ သော အာရုံဆဲလ်တွေ
တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတယ်။ တစ်ချို့ဆို ၆၄၀၀၀ လောက်ဆက်နွယ်ထားတယ်။
အာရုံဆဲလ်တစ်ခုဟာ သူ့အမျှင်ပေါ်မှာတွဲနေတဲ့ ပင့်ကူနဲ့တူတယ်။ ပင့်ကူက အာရုံ
ဆဲလ်ပါ။ သူတွဲနေတဲ့ပင့်ကူမျှင်ကို axon လို့ခေါ်တယ်။ ပင့်ကူရဲ့ ခြေချောင်းတွေကို
dendrites တွေလို့ခေါ်တယ်။ အာရုံတွေ (signal) က axon ကနေ ပင့်ကူဆီ ရောက်လာ
တယ်။ နောက် axon ကနေပဲ နောက်အာရုံဆဲလ်တစ်ခုဆီကို ရောက်သွားတယ်။ အာရုံ
တွေဟာ axon ထဲမှာ ၃၄၀ km/hr နဲ့သွားကြတယ်။ အာရုံတစ်ခုဖြတ်သန်းသွားပြီးတိုင်း
axon တွေဟာ တစ်စက္ကန့်ရဲ့ အပုံ ၂၀၀ ပုံတစ်ပုံလောက် အချိန်တွင်းမှာ ဓာတုဗေဒနည်း
ဖြင့် ကိုယ့်ဘာသာ ဓာတ်အားပြန်ဖြည့်တယ်။ ဒါပေမဲ့ ကျနော်က မွေးဖွားခြင်း အတတ်ကို
မတတ်ဘူး။ အရေပြား၊ အသဲ၊ သွေးဆဲလ် တွေက သေသွားရင်ပြန်လည် မွေးဖွားနိုင်ကြ
တယ်။ ကျနော့်ဆဲလ်တစ်ခုပျက်သွားရင် တစ်သက်လုံး ပြန်မရတော့ဘူး။
ဦးမောင်မောင်အသက် ၃၅ နှစ်မွေးနေ့ကစပြီး ကျနော်ရဲ့ အာရုံဆဲလ် တစ်ထောင်
လောက် နေ့စဉ် သေဆုံးနေကြတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျနော်ရဲ့အလေးချိန်
ရော အာရုံဆဲလ်တွေရော ဆုံးရှုံးလာတယ်။ တော်သေးတယ်ကျနော့်မှာ အရန်အာရုံဆဲလ်
တွေ အများကြီးရှိလို့။ တကယ်လို့ ဆဲလ်တစ်ထောင်သေရင်၊ ကျန်တဲ့ဆဲလ်တစ်ထောင်က
ဘာမှတောင် သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရန်အာရုံဆဲလ်တွေရှိတာထက် ပိုပြီး အာရုံ
ဆဲလ်တွေသေကုန်ရင် တော့ ဦးမောင်မောင်အနေနဲ့ အနံ့ကောင်းကောင်းရချင်မှရမယ်။
နားကောင်းကောင်း ကြားချင် မှကြားမယ်။ အရသာ သိပ်သိချင်မှ သိတော့မယ်။ သူ့အနေ
နဲ့ အာရုံစိုက်ဖို့ ခက်လာမယ်။ နံမယ်တွေ၊ နံပတ်တွေ၊ လိပ်စာတွေ မှတ်ရ ခက်လာမယ်။
ဒါပေမဲ့ သူ့အတွက်အရေးကြီးတဲ့ ကိစ္စတွေကိုတော့ နောက်ဆုံးအချိန်အထိ ကျနော်
လုပ်ပေးမှာပါ။
ဦးမောင်မောင်ကသူ့မှာ အဆုတ်နှစ်ခု၊ ကျောက်ကပ်နှစ်ခုရှိမှန်းသိတယ်။ ဒါပေမဲ့ သူက
ကျနော့်ကို နှစ်ခုလို့မသိဘူး။ တကယ်က ကျနော့်မှာ ဘယ်နဲ့ ညာဆိုတဲ့ သီးသန့် ၂ပိုင်း
(lobe) ရှိပါတယ်။ ကျနော်ရဲ့ ညာဘက်အပိုင်းကဦးမောင်မောင်ရဲ့ ဘယ်ဘက်ကိုယ်ပိုင်းကို
ထိန်းချုပ်တယ်။ ကျနော်ရဲ့ ဘယ်ဘက်အပိုင်းကဦးမောင်မောင်ရဲ့ ညာဘက်ကိုယ်ပိုင်းကို
ထိမ်းချုပ်တယ်။ ညာသန်တဲ့သူတွေမှာ ကျနော်ရဲ့ ဘယ်ဘက်ပိုင်းက ညာဘက်ပိုင်းထက်
ပို အင်အားကြီးတယ်။ ဘယ်သန်သူတွေအတွက်တော့ သူတို့ရဲ့ညာဘက်ဦးနှောက်က
စိုးမိုးတယ်။
ဘယ်ဘက်ဦးနှောက်က ဦးမောင်မောင်လမ်းလျှောက်ဖို့၊ စာရေးဖို့၊ ဂဏန်းတွက်ဖို့
အတွက် လိုအပ်တယ်။ ညာဘက်ဦးနှောက်ကတော့ spatial judgment လေထဲမှာ
ရပ်တည်ဖို့ လုပ်တယ်။
ကျနော်ရဲ့ ထူးခြားတဲ့အရည်အချင်းက အရန်အာရုံဆဲလ်တွေ များစွာရှိတာပဲ။ ဒါကြောင့်
ကျနော်ရဲ့ အချို့အပိုင်းတွေသေဆုံးသွားပေမဲ့ ကျန်တဲ့ဆဲလ်တွေက အချိန်ယူပြီး ပျက်သွားတဲ့
ဆဲလ်တွေရဲ့အလုပ်တွေကို လုပ်ပေးနိုင်တယ်။ စကားမပြောနိုင်ရာက ပြန်ပြောနိုင်လာတယ်။
အကြောသေသွားတဲ့ လက်ခြေတွေ ပြန်လှုပ်နိုင်လာတယ်။ ဒီအရည်အချင်းကြောင့်သာ
နို့မိုဆို ဦးမောင်မောင်မှာ အန္တရာယ်တွေဝိုင်းနေတာ။ ဥပမာ ကင်ဆာတွေ၊ အကျိတ်တွေ
ဖြစ်လာရင် ဦးခေါင်းခွံက လိုက်မကြီးနိုင်တာမို့ ကျနော့်ပေါ်ဖိပြီး ကျနော့်ဆဲလ်တွေကို
သတ်ပစ်တယ်။ ကံကောင်းထောက်မစွာ ယခုခေတ်မှာ ကင်ဆာတွေ အကျိတ်တွေကို
ခွဲထုတ်နိုင်လို့ တော် တော့တယ်။
နောက်အန္တရာယ်က ကျနော့်သွေးကြောတွေမှာ သွေးခဲတွေနဲ့ပိတ်ပြီး အဲ့ဒီသွေးကြော
ပေါ်မှီနေတဲ့ အာရုံဆဲလ်တွေကိုသေစေတယ်။ သေတဲ့ အာရုံဆဲလ်တွေထိန်းချုပ်တဲ့
ကိုယ်အင်္ဂါတွေလည်း အကြောသေကုန်တယ်။ ပိတ်တဲ့သွေးကြောကကြီးရင်သေတဲ့အထိ
ဖြစ်နိုင်တယ်။
တတိယ ရန်သူကတော့ ထိခိုက်ဒဏ်ရာရခြင်းပဲ။ ကျနော်က ဦးနှောက်ခွံထဲက
အရည်ထဲမှာရှိပေမဲ့ လိမ့်ကျလို့ဖြစ်ဖြစ် အရိုက်ခံရလို့ဖြစ်ဖြစ် ကျနော့်ဆဲလ်တွေကို
သေစေနိုင်တယ်။ အရိုက်ခံရတဲ့ လက်လို ကျနော်လည်း ရောင်လာတယ်။ ဒါပေမဲ့
ကျနော်က အရိုးခွံထဲမှာ ထောင်ကျနေတာဆိုတော့ ကျနော်ရောင်တာနဲ့ ကျနော့်ပေါ်
ဖိအားတွေရောက်လာပြီး မေ့ချင် မေ့၊ သိပ်ဆိုးရင် သေတဲ့အထိဖြစ်နိုင်တယ်။
ကျနော့်အကြောင်းက မပြည့်စုံသေးပါဘူး။ နောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါ
ကျနော့်အကြောင်း ပိုသိလာပါလိမ့်မယ်။
J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။
(မြတ်ပန်းရဂုံ)
(အင်တာနက်ထဲမှာတော့ မိမိနဲ့သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရှာဖွေလေ့လာဖို့ရာ
အကောင်းဆုံးနေရာပါပဲ။ ဘယ်ဘာသာရပ်မဆို ရှာဖွေလေ့လာလို့ ရနိုင်ပါတယ်။ ဘယ်လို
ရှာဖွေရမယ်ဆိုတာပဲ သိထားဘို့လိုတာပါ။ ဒီနေရာမှာ တခုရှိတာက ပြည်တွင်းသုံးစွဲသူ
တွေအနေနဲ့ ကော်နက်ရှင်မကောင်းရင်တော့ video နဲ့ ရှင်းပြထားတာတွေကို ကြည့်ရှူ
ဖို့ရာ အခက်အခဲတော့ ရှိနေမှာပါပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ youtube ထဲမှာ အတော်
များများ ရှာဖွေလေ့လာလို့ ရနိုင်ပါတယ်။ ခုတင်ပေးထားတာကလဲ ဦးနှောက်နဲ့ အာရုံကြော
တွေ ဘယ်လိုဆက်စပ် အလုပ်လုပ်တယ်ဆိုတာကို အလွယ်သိနိုင်အောင် ရှင်းပြထားတဲ့
The Spinal Cord and Transmission of Nerve Impulse ဆိုတဲ့ ဗီဒီယိုဖိုင်ပါ။ ဆရာမ
မြတ်ပန်းရဂုံ ဘာသာပြန်ထားတဲ့ဆောင်းပါးနဲ့ လိုက်ဖက်မယ့်ပုံတွေထဲမှာ ဒါလေးက သင့်
တော်မယ်ထင်လို့ ထည့်ပေးလိုက်ပါတယ်။)

No comments:
Post a Comment