မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, May 8, 2014

လူအများကြောက်သည့် ကင်ဆာရောဂါများကို ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ


ကင်ဆာရောဂါဖြစ်ပြီဆိုလျှင် ပျောက်ကင်းအောင် မကုသနိုင်၍ သေရတော့မည်ဟု ဆိုကာ လူအများစုမှာ စိုးရွံ့နေကြသည်။ ထိုသို့ကြောက်နေရသော ကင်ဆာရောဂါမှာ ကြိုတင် ကာကွယ်၍ ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပြောကြားသည်။CNN သတင်းဌာနမှ conditions expert ဒေါက်တာအောတစ် ဘရော်လေသည် အမေရိကန် ကင်ဆာအသင်း၏ ဆေးမှူးချုပ်ဖြစ်သလို ကမ္ဘာသိ ကင်ဆာကျွမ်းကျင်သူဖြစ်ပြီး oncologist ကင်ဆာရောဂါ ကုသပေးနေသူလည်း ဖြစ်သည်။


၎င်းသည် How We Do Harm ဆိုသော စာအုပ်ကို ရေးသားသူလည်း ဖြစ်သည်။ ယခုလည်း ၎င်း၏ ပြောကြားချက်များကို လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လူအများကို သတိပေးနေသည်မှာ ကင်ဆာရောဂါသည် တစ်မုဟုတ်ချင်း တစ်ကမ္ဘာလုံး ဖြစ်နေသော
ရောဂါဖြစ်လာပြီဟု ဆိုသည်။ ၎င်း၏ ကင်ဆာအစီရင်ခံစာတွင် ကုလသမဂ္ဂ အေဂျင်စီများက မှတ်ချက်ပြုသည်မှာ ကမ္ဘာတစ်ဝန်းတွင် လူရှစ်ဦးသေလျှင် တစ်ဦးမှာ ကင်ဆာရောဂါကြောင့် သေရတာဟု ဆိုသည်။ ၂ဝ၁၂ ခုနှစ်တွင် ကင်ဆာရောဂါဟု ရောဂါရှာဖွေ စစ်ဆေးတွေ့ရှိသူပေါင်း ၁၄ သန်းရှိရာ ၂ဝ၃၂ ခုနှစ်ဆိုလျှင် ၂၂ သန်းသို့ ရောက်ရှိသွားလိမ့်မည်ဟု ဆိုသည်။ တစ်ကမ္ဘာလုံး ရောဂါစစ်ဆေး တွေ့ရှိရသော အဖြစ်များသည့် ကင်ဆာရောဂါများမှာ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာတို့ ဖြစ်သည်ဟု သိရသည်။ တစ်ဖန် တစ်ကမ္ဘာလုံး အသေများသည့် ကင်ဆာရောဂါမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ ဖြစ်သည်။

အာရှနှင့် အာဖရိကတွင် အမျိုးသမီးများ အသေအပျောက် အများဆုံး ကင်ဆာရောဂါမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်သည်ဟု သိရသည်။ ကင်ဆာရောဂါသည် များလာရခြင်း အကြောင်းမှာ ကမ္ဘာပေါ်တွင် သက်ကြီးပိုင်း လူဦးရေတိုးလာခြင်းနှင့် ကမ္ဘာ့လူဦးရေ တိုးလာခြင်းကြောင့်လည်း တစ်ချက်၊ နောက်တစ်ချက်မှာ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်သာ ရှိသော တိုင်းပြည်များတွင်လည်း ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သော အကြောင်းတရားများ ပျံ့နှံ့နေခြင်းကြောင့်လည်း ဖြစ်သည်ဟု သိရသည်။ ထိုရောဂါ ဖြစ်ရသူများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု၊ အဝလွန်မှု၊ ကိုယ်ခန္ဓာ လှုပ်ရှားမှု မရှိခြင်းနှင့် နေ့စဉ် အစားအသောက်တွင် အာဟာရ မပြည့်ဝဘဲ ဖြစ်သလို၊ ရှိသလို စားသုံးခြင်း တို့ကြောင့်လည်း ဖြစ်သည်။ စက်မှုထွန်းကားပြီး လူနေမှုဘဝ ပုံစံရှိသော
အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံများတွင် ကင်ဆာရောဂါနှင့် သေရသူများ၏ ထက်ဝက်ခန့်မှာ ၎င်းလူနေမှုဘဝ ပုံစံကြောင့် သေရကြောင်း ပြောသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံများတွင် လွန်ခဲ့သော အနှစ် ၂ဝ ကျော် ကာလက ကင်ဆာရောဂါဖြင့် သေရသောနှုန်းမှာ ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ အဘယ်ကြောင့် ကင်ဆာဖြင့်သေနှုန်း လျော့ကျသွားခဲ့ရသလဲဆိုလျှင် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဆေးလိပ်သောက်နှုန်း လျော့ကျသွားသောကြောင့် ဖြစ်ကြောင်း တွေ့ရသည်။

ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ကင်ဆာရောဂါဖြင့် သေရသောနှုန်း များပြားလာရသည်။ အနောက်နိုင်ငံများတွင် တခြား ကင်ဆာရောဂါကြောင့် သေရသောနှုန်း များပြားစေသော၊ တူညီသည့် အကျင့်စရိုက်ဖြစ်သော အဝလွန် ရောဂါဖြစ်စေသည့် အာဟာရတန်ဖိုး နည်းပါးလွန်းပြီး ကယ်လိုရီ မြင့်မားသော အစားအသောက်များကို စားသုံးမှုများသော ဓလေ့ကြောင့် ကင်ဆာရောဂါကို ဖြစ်စေသည်။ ထို့အတူ ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများတွင်လည်း အလားတူ ဖြစ်လာပြီဟု ဆိုသည်။ ဤသို့ နိုင်ငံမျိုးများတွင် ဆေးဝါးနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ အဆောက်အအုံ မလုံလောက်မှုများ ရှိနေသည်။ စီးပွားရေးအရ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကင်ဆာရောဂါသည် မကြာခဏ ဆိုသလို နောက်ကျသွားသော အဆင့်ဖြင့်သာ စစ်ဆေးတွေ့ရှိရပြီး အမြစ်ပြတ်အောင် လုပ်ဆောင်ရန်မှာ ကြာရှည်ဖြစ်နိုင်မှု မရှိပါ။ လူအများ ခံစားနေရသည်မှာ ရောဂါပျောက်အောင် ပေးသော ဆေးမဟုတ်ဘဲ နာကျင်မှု ဝေဒနာသက်သာအောင် ပေးသော ဆေးများသာဖြစ်ပြီး ယင်ဆေးမှာလည်း မလုံလောက်မှုကြောင့် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးများသည် နိုင်ငံပေါင်း ၂ဝ ကျော်တွင် နာကျင်မှု
ဝေဒနာသက်သာအောင် ပေးသော ဆေးအဖြစ် မရနိုင်သလို ကျန်နိုင်ငံ အများအပြားတွင်လည်း ရရှိရန် ခက်ခဲပေသည်။ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရန်မှာ အစားအသောက် စားသောက်ရာ တွင် ကယ်လိုရီမြင့်မားသော စားစရာ သောက်စရာများကို ကန့်သတ်ထားပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ ရွေးပြီးစားသောက်ပါ။ အထူးသဖြင့် ဟင်သီး ဟင်းရွက်များကို ဦးစားပေး၍ စားပါ။ စားစရာ သောက်စရာများ၏ အတိုင်းအတာ ပမာဏအား သင့်ကျန်းမာရေးကို အထောက်အကူပြုအောင် ရွေးချယ်တွက်ချက် စားသောက်ပါ။ နီရဲသော သားငါးများ စားလျှင်လည်း အတိုင်းအတာ ပမာဏကို ကန့်သတ်၍စားပါ။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို တစ်နေ့လျှင် အနည်းဆုံး နှစ်ခွက်ခွဲခန့် နေ့စဉ်နေ့တိုင်း စားပါ။ တတ်နိုင်လျှင် လုံးတီးဆန်မျိုးကို စားပါ။ အထပ်ထပ် ဖြူဖွေးအောင် လုပ်ထားသော ဆန်ကို မစားပါနှင့်။ အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ ကာယလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ပေးပါ။ ရက်သတ္တပတ်လျှင် လူကြီးများ ပြင်းထန်မှု မရှိသော ဖြည်းဖြည်းရွရွ လှုပ်ရှားမှုများ အနည်းဆုံး မိနစ် ၁၅ဝ သို့မဟုတ် ခပ်ပြင်းပြင်း လှုပ်ရှားမှုများ ၇၅ မိနစ်ဖြစ်စေ ဤနှစ်မျိုးပေါင်းစပ်၍ တစ်ပတ်လုံးဖြန့်၍ ပြုလုပ်ပေးပါ။ ကလေးများနှင့် ဆယ်ကျော်သက်များ နေ့စဉ်နေ့တိုင်းတစ်နေ့လျှင် အနည်းဆုံး တစ်နာရီ ခပ်ဖြည်းဖြည်းရွရွ လှုပ်ရှားမှုဖြစ်စေ၊ ခပ်ပြင်းပြင်း လှုပ်ရှားမှုများဖြစ်စေ ပြုလုပ်ပေးရန်လိုသည်။ ခပ်ပြင်းပြင်း လှုပ်ရှားမှုဆိုလျှင် အနည်းဆုံး ရက်သတ္တပတ်လျှင် ၃ ရက် အနည်းဆုံး ပြုလုပ်ပေးရပါမည်။ ကာကွယ်ဆေးများ ထိုးထားပါ။ ကင်ဆာရောဂါ ဖြစ်ပွားစေသော ရှေ့က ဦးဆောင်လျက်ရှိသည့် အကြောင်းအချက်များသည် ကူးစက်ခြင်းကြောင့်လည်း ဖြစ်တတ်၍ မကူးစက်နိုင်အောင် ကြိုတင်၍ ကာကွယ်ဆေးများ ထိုးထားသင့်ပါသည်။ အသည်းရောင် အသားဝါဘီပိုး ရောဂါ ကာကွယ်ဆေးဆိုလျှင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင် ကလေးများအတွက် ယခုစံသတ်မှတ်ချက် ဖြစ်နေပါပြီ။ ထိုးမထားရသော လူကြီးများလည်း ထိုးထားရန် စဉ်းစားသင့်ပါသည်။ ရောဂါကို ဖြစ်လာမှ ကုသခြင်းထက် မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက စိတ်အချရဆုံး ဖြစ်သည်ကို စိတ်တွင်စွဲမြဲစွာ ယုံကြည်လျက် လိုက်နာကျင့်သုံး နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။

http://www.myawady.net.mm/library/stories/healthstories/item/36745-2014-02-17-09-25-41

No comments:

Post a Comment