ကျွဲကောသီးတို့သည် အချဉ်ဓာတ် အက်ဆစ်ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအမျိုးအစား ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ မြင်ရပါသည်။ “တရုပ်ပြည်၏ဂရိတ်ဖရုသီး” အဖြစ် ခေါ်ဝေါ်လေ့ရှိပြီး၊ တရုတ်ရိုးရာများတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာရှိသောအသီး” အဖြစ် အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပါသည်။ အသီး၏ ပုံသဏ္ဍာန်မှာ လုံးဝန်းပြီး၊ အချင်းမှာ၃၀-စင်တီမီတာလောက် ရှိတတ်ပါသည်။ ရေမြေသဘာဝနှင့် အမျိုးအစားပေါ်လိုက်၍ အသီး၏ အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန် ရှိတတ်ပါသည်။
အပြင်ပိုင်း အခွံအရောင်သည် အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ အသီးမှည့်လာသော အခါတွင် အဝါရောင် ပြောင်းသွားပါသည်။ အပေါ်ယံအခွံသည် တော်တော်ထူသော်လည်း၊ သိပ်မမာသည့်အတွက် ခွာရလွယ်ကူပါသည်။ ထိုအခွံအောက်တွင် ရေမြှုပ်သဏ္ဍာန် အဖြူရောင် အခွံအခေါက်တို့  ရှိပါသည်။ အသီးအမြွှာ လေးများပေါ်တွင် အခွံပါးတစ်ထပ် ဖုံးအုပ်ထားပြီး၊ ထိုအခွံပါးတို့သည် အရသာခါးတတ်သဖြင့် ကုန်စင်အောင် နွှာပြီးမှစားကြပါသည်။ ဂရိတ်ဖရုသီး၏ အရာသာနှင့် ခပ်ဆင်ဆင်တူပါသည်။ သို့သော် ကျွဲကောသီးက မဆိုသလောက် အရသာ ခါးသက်သက်ရှိပါသည်။ အသီးထဲရှိအသားသည် များသောအားဖြင့် အဖြူရောင်ဖြစ်ပြီး၊ ချိုချဉ်အရသာ ရှိပါသည်။ တခါတရံ ပန်းရောင် (သို့မဟုတ်) အနီရောင်တို့ ကို တွေ့ရတတ်ပြီး၊ ထိုအမျိုးအစားက အဖြူသီးထက် အချိုဓာတ်ပိုကဲပါသည်။ မြန်မာပြည်တွင် မွန်ပြည်နယ်၊ မော်လမြိုင်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တို့မှ ထွက်ရှိသော ကျွဲကောသီးက အလွန်နာမည်ကြီးပါသည်။ မိုးရာသီတွင် လှိုင်လှိုင်ပေါပါသည်။
ပုံမှန်အားဖြင့် ကျွဲကောသီးကို သူ့ချည်းဘဲ အစိပ်လိုက် အခွံနွှာ၍ စားကြသလို၊ ဖျော်ရည်အဖြစ် ဖျော်သောက်ကြပါသည်။ အချဉ်ဓာတ်ကဲသော ကျွဲကောသီးကိုတော့ သကြား (သို့မဟုတ်) ပျားရည် (သို့မဟုတ်) နွယ်ချိုမှုန်၊့ ဆားအနည်းငယ်နှင့် ငရုပ်သီးမှုန့်တို့ဖြင့် ရောစပ်၍ စားကြပါသည်။ ဟင်းလျာအဖြစ် အသုပ်သုပ် စားလို့ရပါသည်။ တရုတ်နိုင်ငံတွင် ကျွဲကောသီးအခွံ၏ အနံ့အရသာဖြင့် သကြားလုံး ပြုလုပ်ကြသလို၊ တရုတ်ရိုးရာ အချိုပွဲဟင်းရည်အဖြစ် သောက်သုံးလေ့ ရှိကြပါသည်။
ဆေးပညာရှုထောင့်မှ ကြည့်ပါက၊ ၁၉၀-ဂရမ်ရှိသော ကျွဲကောသီးထဲတွင် ဆိုဒီယမ် (၂) မီလီဂရမ်၊ ကစီဓာတ် (၁၈.၃) ဂရမ်၊ ပရိုတင်း (၁.၄) ဂရမ်၊ ဗီတာမင်စီ (၁၁၅.၉) ဂရမ်၊ ကယ်စီယမ် (၈) မီလီဂရမ်၊ သံဓာတ် (၀.၂) မီလီဂရမ်၊ မဂနီစီယမ် (၁၁) မီလီ ဂရမ်၊ ဖော့စဖရက်စ် (၃၂) မီလီဂရမ်၊ ပိုတက်စီယမ် (၄၁၀) မီလီဂရမ်၊ ဇင့် (၀.၁၅) မီလီဂရမ်၊ ကော့ပါး (၀.၀၉၁) မီလီဂရမ်၊ မဂ္ဂနီစီယမ် (၀.၀၃၂) မီလီဂရမ်၊ သီအာမင် (၀.၀၆၅) မီလီဂရမ်၊ ရီဘိုဖလာဗင် (၀.၀၅၁) မီလီဂရမ်၊ နီအာစင် (၀.၀၄၁၈) မီလီဂရမ် နှင့် ကယ်လိုရီ (၇၂) ပါရှိပါသည်။ အဆိုပါ အာဟာဓာတ်များဖြင့် ပေါ ကြွယ်ဝသည့်အတွက် ကျွဲကောသီးက လူသားတို့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှ များစွာ အထောက်အကူ ပြုပေးနိုင်ပါသည်။ အထူးသဖြင့် တရုတ်ရိုးရာဆေးမြီးတို ကုထုံးများတွင် ကျွဲကောသီးကို အသုံးပြုလေ့ ရှိကြပါသည်။
- ကျွဲကောသီး၏ အရည်က အစာအိမ်ကို အယ်ကာလိုင်းအဖြစ် ဓာတ်ပြုပေးနိုင်သောကြောင့်၊ အစာကို ကောင်းစွာ ချေဖျက်ပေးနိုင်ပါသည်။ ထမင်းစားသောက်ပြီးနောက် အစောကြေဆေးအဖြစ် ကျွဲကောသီးကို မှီဝဲနိုင်ပါသည်။ ဝမ်းချုပ်ခြင်းမှလဲ ကင်းဝေးစေနိုင်ပါသည်။
- ကျွဲကောသီး၏ အသားကို ဖုံးအုပ်ထားသော အဖြူရောင် အခွံပါးလွှာထဲတွင် bioflavonoid ဓာတ် ပါရှိပေရာ၊ ထိုဓာတ်က ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များပျံ့ နှံ့ မှု ကို လျော့ချပေးနိုင်စွမ်း ရှိပါသည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ပိုလျှံသော estrogen များကို ရှင်းလင်းပေးသည့်အတွက် ရင်သားကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။ အစာအိမ်နှင့် မုန့်ချိုအိတ် ကင်ဆာတို့ကိုလဲ သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ အူမကြီးကင်ဆာကို မဖြစ်စေနိုင်ပါ။
- ဗီတာမင်စီ အမြောက်မြား ပါရှိသည့်အတွက် သွေးလွှတ်ကြောများကို ဆန့်၊ ကျုံ့ ပျော့ပြောင်းစေနိုင်သည့်ပြင် pection ဓာတ် ပါရှိသဖြင့် သွေးလွှတ်ကြောများ ပိတ်ဆို့ မှုမဖြစ်စေဘဲ၊ သွေးကို ကောင်းစွာစီးဆင်း လည်ပတ်စေနိုင်သဖြင့် နှလုံးကို ကျန်းမာစေပါသည်။ ထို့ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်းဖြင့် ကိုလက်စထရောလ် ကျစေနိုင်သောကြောင့် နှလုံးရောဂါ ဖြစ်ပေါ်မှု အလားအလာကို ဟန့်တားပေးနိုင်ပါသည်။
- ခန္ဓာကိုယ် အလေးချိန် ကျလိုသူများအတွက် ကျွဲကောသီးက ကောင်းကျိုးပြုပါသည်။ အင်ဇိုင်းကို လောင်ကျွမ်းစေပြီး၊ ခန္ဓာကိုယ်ထဲရှိ ကစီနှင့် သကြားတို့ကို စုပ်ယူပေးသဖြင့် ကိုယ်အလေးချိန်ကို ကျစေပါသည်။ ထို့ပြင် ကျွဲကောသီးထဲတွင် အမျှင်ဓာတ် အမြောက်အများ ပါရှိခြင်းကြောင့်၊ အစာခံနိုင်ပြီး၊ မကြာခဏ အစာစားချင်စိတ်ကို မဖြစ်ပေါ်စေပါဘူး။
- ကျွဲကောသီးသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲ သန့်စင်စေပါသည်။
- ကျွဲကောသီး စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲ မျက်စေ့ကြောင်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါတို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။ ကိုယ်ခံစွမ်းအားကိုလဲ တိုးတက်ကောင်းမွန်စေသောကြောင့် အဖျားရောဂါများ မဖြစ်စေနိုင်ပါ။
- ကျွဲကောသီးထဲတွင် ပိုတက်စီယမ် အမြောက်အမြား ပါရှိသည့်အတွက်၊ သွေးကိုပုံမှန် ဖြစ်စေသဖြင့် သွေးတိုးရောဂါ ဝေဒနာသည်များ စားသုံးသင့်ပါသည်။ ကျွဲကောသီးက သွေးတိုးရောဂါပျောက် ဆေးဝါးများထက် ပိုမို အစွမ်းထက်မြက်သည်ဟု ဆိုပါသည်။
- ပန်းနာရင်ကြပ်ကို သက်သာ ပျောက်ကင်းစေပါသည်။
- ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ် ဖောရောင်ခြင်းအတွက် ကျွဲကောသီး စားပေးသင့်ပါသည်။
- ဗီတာမင်စီ အမြောက်အမြား ပါရှိခြင်းကြောင့် အနာများကို ကျက်စေပါသည်။ သွားဖုံး သွေးယိုစီးခြင်းကို ကာကွယ်ပေးပြီး သွားများကို ခိုင်မာစေပါသည်။ ခံတွင်း ရနံ့ဆိုးများ မဖြစ်ပေါ်စေပါ။ အအေးမိနှာစေး၊ ချောင်းဆိုးခြင်းနှင့် ရာသီဖျားများကို အလွယ်တကူ မကူးစက်စေနိုင်ပါ။
- ကျွဲကောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်က၊ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ အရိုးကို ခိုင်မာစေပါသည်။ ထို့ပြင် ကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်းကို အားပေးသဖြင့် ခြေသလုံး ကြွက်သားများကို ကြွက်မတက်စေနိုင်ပါ။
- သွေးအားနည်းရောဂါမှ ကာကွယ်ပေးနိုင်ပါသည်။
အသားအရေ ဆိုသည်မှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံ ကာရံပေးထားသော အကြီးဆုံးအင်္ဂါတစ်ခုဖြစ်သည့် အရေပြားကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ မိမိ၏ နေ့တဒူဝ နေထိုင်စားသောက်မှုကြောင့် ဝက်ခြံ၊ အဖုအပိမ့်နှင့် အစက်အပြောက်များ ထွက်လာနိုင်သလို၊ ကြည်လင်စိုပြည်သည့် အသားအရေကိုလည်း ပိုင်ဆိုင်နိုင်ပါသည်။ ဘေးဥပါသ် ကင်းဝေးစွာဖြင့် အသားအရေ လှပမှုအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာများကတော့ အရောင်အဆင်း အမျိုးမျိုးရှိသော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များသာ ဖြစ်ပါသည်။
ကျွဲကောသီးသည် အချဉ်သီး မျိုးနွယ်ထဲတွင် အကြီးဆုံးအသီး ဖြစ်သဖြင့် ဗီတာမင်စီ ကြွယ်ဝစွာ ပါရှိခြင်းခြင်းကြောင့် အရေပြားထဲက ကိုလေဂျင်ခေါ် အမျှင်ဓာတ်ကို ကျန်းမာပြီး တင်းရင်းစေသည့်အတွက် အသားအရေကို နုပျိုလှပစေကာ အရွယ်တင် နိုပျိုစေမှာ အမှန်ပါ။ အထူးသဖြင့် ကျွဲကောသီးအခွံထဲတွင် အသားအရေကို ဖြူစင်ဝင်းမွတ်စေသည့် ဆေးဘက်ဝင် အစွမ်းထက်မြတ်သော အဆီတစ်မျိုး ပါရှိပါသည်။ ထိုအဆီကို အခြေခံ၍ မျက်နှာလိမ်းကရင်မ်၊ ကိုယ်လိမ်းကရင်မ် နှင့် ဂျိုင်းလိမ်း Roll On တို့  ထုတ်လုပ်ကြပါသည်။
မပင်မပန်း အလုပ်မရှုပ်စေဘဲ၊ မိမိအိမ်မှာပင် ကျွဲကောသီးဖြင့် အသားအရေကို ထိန်းသိမ်းနိုင်ပါသည်။ ဦးစွာ ရေချိုးပြီးနောက်၊ မျက်နှာအနှံ့နှင့် ဂျိုင်းသားများကို အရည်ညှစ်ထားသော ကျွဲကောသီးအရည်ဖြင့် စိမ့်ဝင်အောင် လိမ်းပေးပါ။ ကျွဲကောသီးအခွံကို အနည်းငယ်ညှစ်ပြီး ထွက်လာသော သတ္တုရည်ဖြင့် ဂျိုင်းသားများကို လိမ်းကျံပေးနိုင်ပါသည်။ နောက် ၁၅-မိနစ်ခန့် အကြာတွင် မျက်နှာနှင့် ဂျိုင်းသားများကို ရေအေးဖြင့် ပြန်လည် ဆေးကြောပေးဘို့ မမေ့ပါနှင့်။ ထိုကဲ့သို့  တစ်နေ့တစ်ကြိမ် မှန်မှန်လိမ်းပေးရုံဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဂျိုင်းသားများ ဖြူဖွေးလာပါလိမ့်မည်။ မျက်နှာ အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးပြီး တင်းရင်းဝင်းစိုလာခြင်း၊ ချွေးပေါက်များ ပွင့်စေပြီး ဝက်ခြံပျောက်ခြင်း ...စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါလိမ့်မည်။
*မှတ်ချက်။
(၁) အသားကို ဖုံးအုပ်ထားသော အဖြူရောင်အခွံပါးသည် အတန်ငယ် ခါးသက်သက်ရှိသော်လဲ၊ ကင်ဆာဆဲလ်များကို ကောင်းစွာ နှိမ်နှင်းနိုင်သည့်အတွက် ထိုအခွံပါးကို စားပေးသင့်ပါသည်။
(၂) အလေးချိန်စီးသော ကျွဲကောသီးသည် အရည်လည်းပိုရွှမ်းပါသည်။
(၃) အဖြူရောင် အသီးထက် ပန်းရောင် (သို့ မဟုတ်) အနီရောင် အသီးတို့က အရသာ ပိုချိုပြီး၊ အာဟာရဓာတ်လဲ ပိုပါသည်။
(၄) အမှည့်လွန်ပြီး ပျော့နေသော အသီးများနှင့် ဒဏ်ရာရှိနေသော အသီးများကို ရှောင်ရှားသင့်ပါသည်။
*သတိပြုရန်။
(၁) အချို့သောသူများသည် မွေးရာပါ ဗိုက်တာမင်စီနှင့် ဓာတ်မတည့်သူများ ရှိတတ်သည့်အတွက် ဗိုက်တာမင်စီ ကြွယ်ဝသော ကျွဲကောသီးကို စားမိပါက၊ အရေပြားပေါ်တွင် အဖုအပိမ့် အနီစက်များထွက်ပြီး၊ အရေပြားကို ရောင်ရမ်း စေတတ်ပါသည်။
(၂) ဗိုက်တာမင်စီ ကြွယ်ဝသော သီးနှံဖြစ်သဖြင့် အလွန်အကျွံ စားသုံးပါက၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
(၃) ကျွဲကောသီးကို သံပုရာသီးနှင့် တွဲဖက်မစားသင့်ပါ။ သေစေနိုင်ပါသည်။
“ အာရောဂျံ ပရမံလာဘံ ” ကျန်းမာရေး သည် လာဘ်ကြီးတစ်ပါးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက်၊ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါ။ ယနေ့ကမ္ဘာပေါ်တွင် အဖြစ်များပြီး၊ ကုသရန်ခက်ခဲသော ကင်ဆာရောဂါဆိုးကြီးများအတွက် ကျွဲကောသီးက တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုပေးလျှက်ရှိရာ၊ ယခုလို မိုးရာသီတွင်သာ ပေါပေါများများ ရရှိသော ရာသီစာ သီးနှံတစ်ခုဖြစ်သည့် ကျွဲကောသီးကို ကင်ဆာကာကွယ်ဆေးအဖြစ် “ အစာလဲ ဆေး၊ ဆေးလဲ အစာ ” ဆိုသလို သင့်တင့်မျှတစွာ စားသုံးပေးကြစေလိုပါကြောင်း……..။
ဘာသာပြန်သူ (ပေါက်ပေါက်)
No comments:
Post a Comment