မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, November 14, 2014

မမြင်ရသော ဆေးဝါးများ...


   တနေ့က သတင်းတပုဒ်မှာ ဗြိတိန်နိုင်ငံကို ရေထွက်ပစ္စည်းပို့ကုန်တွေ တင်ပို့တဲ့ မြန်မာကုမ္ပဏီတခုကို မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဒဏ်ငွေဆယ်သိန်း ချမှတ် ပြီးတော့ ပြည်ပနိုင်ငံ ကုန်တင်ပို့ခွင့်ကိုလည်း ၆ လ ပိတ်လိုက်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်၊ အကြောင်းကတော့ အဲဒီကုမ္ပဏီက တင်ပို့တဲ့ ဘာလချောင်ကြော်တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ပဋိဇီဝဆေးတမျိုးဖြစ်တဲ့ ကလိုရိုဖယ်နကောလ် အကြွင်းအကျန်တွေ တွေ့ရတယ်ဆိုတဲ့အကြောင်း ဗြိတိန်နိုင်ငံဖက်က အကြောင်းကြားခဲ့လို့ ဖြစ်ပါတယ်-တဲ့။ ဒီဖြစ်စဉ်မှာ အဲဒီဘာလချောင်ကြော်တွေ တင်ပို့တဲ့ ကုမ္ပဏီအနေနဲ့ ဘယ်လောက်အထိ တာဝန်ရှိသလဲလို့ ကျနော်စဉ်းစားကြည့်မိတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ ကလိုရိုဖယ်နကောလ် အပါအဝင် တခြားပဋိဇီဝဆေးတွေကို ပုဇွန်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းတွေမှာ အတော်များများက သုံးကြလို့ ဖြစ်ပါတယ်။ ဆိုတော့ ဘာလချောင်ကြော်တွေ ကို အဲဒီကုမ္ပဏီက ကိုယ်တိုင် ထုတ်လုပ်တယ်ပဲ ထားအုံး၊ သူတို့ဝယ်တဲ့ ပုဇွန်ခြောက်တွေထဲမှာ ကလိုရိုဖယ်နကောလ်က ပါလာပြီးသားဆိုရင် ဘယ်လောက်ပဲ သန့်ရှင်းအောင် ထုတ်လုပ်ထုတ်လုပ် ဘယ်လိုမှ မတတ်နိုင်ပါဘူး၊ ပုဇွန်ခြောက်တွေမှာ အဲဒီလို ဆေးတွေပါတယ်ဆိုတဲ့အကြောင်း ကုမ္ပဏီက လူတွေတောင် သိချင်မှသိလိမ့်မယ်၊ အဲ... ပုဇွန်တွေက သူတို့ကိုယ်ပိုင် မွေးမြူရေးကန်က လာတယ် ဆိုရင်တော့ တမျိုးပေါ့လေ။

 
   ဟုတ်ပါတယ်...၊ ဒီလိုမျိုး ပြဿနာက အခုမှသာ မြန်မာနိုင်ငံအနေနဲ့ လူသိရှင်ကြား ကြုံရတာဖြစ်ပေမယ့် ဥရောပမှာတော့ ဒါဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး၊ ပဋိဇီဝဆေးလို့ ခေါ်တဲ့ antibiotics ဆေးတွေကို ငါးကန်တွေ၊ ပုဇွန်ကန်တွေမှာ ထည့်ကြတာ အစဉ်အလာအရ အတော်ကြာပါပြီ။ အထူးသဖြင့် ငါးကန်၊ ပုဇွန်ကန် အကြီးကြီးတွေတူးပြီး စီးပွားဖြစ် မွေးမြူရေးတွေ လုပ်တဲ့အခါမှာပါ၊ အဲဒီမှာ ငါးတွေ၊ ပုဇွန်တွေ မသေကြေအောင်၊ အထွက်နှုန်းကောင်းအောင် ထည့်ကြတယ်၊ ဒါပေမဲ့ အဲဒီလိုထည့်လိုက်တဲ့၊ ကျွေးလိုက်တဲ့ ပဋိဇီဝဆေးတွေဟာ ငါးတွေပုဇွန်တွေအပြင် တခြားဘယ်လိုမျိုး သက်ရောက်နိုင်သလဲ ဆိုတာတော့ လူတွေက သေချာမသိခဲ့ကြဘူး၊ ဒီလိုနဲ့ ဒီဖက်နှစ်ပိုင်းတွေမှာ sensitivity အရမ်းမြင့်တဲ့ ဓာတ်ခွဲခန်းသုံး စက်တွေကို ထုတ်လုပ်လာခဲ့ကြတယ်၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ...၊ antibiotics ပဋိဇီဝ ဆေးတွေကို ငါးတွေ၊ ပုဇွန်တွေ စားလိုက်ရင် ကြေပျက်ပြီး ဘာမှမကျန်တော့ဘူးလို့ အရင်က ကျနော်တို့ ထင်ထားခဲ့တာ မှားနေမှန်း သိလာရတယ်။ ပိုပြီးအားကောင်းတဲ့ ဓာတ်ခွဲခန်း စက်တွေရဲ့ တွေ့ရှိချက်တွေထဲမှာ antibiotics အကြွင်းအကျန်တွေဟာ ငါး၊ ပုဇွန်တွေရဲ့ အသားတွေထဲမှာ ကျန်နေတာ အံ့သြစရာ တွေ့နေရတယ်...။
   ၂၀၀၇ ခုနှစ်တုန်းက ဆွစ်ဇာလန်နိုင်ငံကို အိန္ဒိယက တင်သွင်းတဲ့ "Dragon" တံဆိပ် ရေခဲရိုက်ပုဇွန်တွေကို ဓာတ်ခွဲကြည့်တဲ့အခါ Furazolidone ဆိုတဲ့ ပဋိဇီဝဆေး အကျန်တွေကို တွေ့ရတယ်၊ Furazolidine ဆိုတာက Nitrofuran အမျိုးအစားမှာပါတဲ့ antibiotic ဖြစ်ပြီးတော့ တိရိစ္ဆာန်ဆေးကုသရေးတွေမှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်၊ ဒါပေမယ့် အဲဒီ Furazolidone ဟာ ကင်ဆာဖြစ်စေတဲ့ အကြောင်းအချက်တွေကို တွေ့လာရလို့ ဥရောပနဲ့ အမေရိကားမှာ ပိတ်ပင်လိုက်တယ်၊ အာဖရိကနဲ့ အာရှက နိုင်ငံတွေမှာတော့ ဆက်ပြီး သုံးနေခဲ့ကြတုန်းပဲ၊ အဲဒါကြောင့် အိန္ဒိယက လာတဲ့ ပုဇွန်တွေထဲမှာ ဆက်ပြီးတွေ့နေရတာ ဖြစ်ပါတယ်၊ အဲဒါနဲ့ မရှေးမနှောင်း မှာပဲ ဗီယက်နမ်ကလာတဲ့ ပုဇွန်တွေမှာလည်း ပဋိဇီဝဆေးတွေ ပါတယ်ဆိုတာ ဓာတ်ခွဲခန်းတွေက ဖော်ထုတ်နိုင်ခဲ့ ကြတယ်၊ အဲဒါကြောင့် ဗီယက်နမ်က ပုဇွန်တင်သွင်းခွင့်ကို ဆွစ်ဇာလန်မှာ ပိတ်ပင်ခဲ့တယ်။ အဲဒီလို ပြဿနာတွေ ဖြစ်လာလို့ နောက်ဆုံးမှာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က သူတို့နိုင်ငံတွေက ပုဇွန်ကန်တွေမှာ တားမြစ်ထားတဲ့ ပဋိဇီဝဆေးတွေကို မသုံးရလို့ အမိန့်ထုတ်လိုက်ပြီးတော့ ရေထွက်ကုန်တွေကိုလည်း ဥရောပကို မတင်ပို့ခင်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ခဲ့ရတယ်။
    တကယ်တမ်း ပြောရရင်တော့ ပဋိဇီဝဆေးတွေရဲ့ တည်တံ့မှုဟာ အတော့်ကို အံ့သြစရာကောင်းသလို ရေရှည်အတွက်လည်း စိုးရိမ်စရာ ကောင်းပါတယ်၊ အမေရိကား၊ တက္ကဆက်ပြည်နယ်က မြေအောက်ရေတချို့မှာ antibiotics ပဋိဇီဝဆေး အကြွင်းအကျန်တွေ ပါနေတာကို ဓာတ်ခွဲစစ်ဆေးမိလို့ ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ လိုက်ရှာတော့ နွားခြံတွေကနေ အရင်းခံတာ သွားတွေ့ရတယ်၊ နွားခြံတွေမှာ နွားတွေကျန်းမာရေးကောင်းဖို့ ပဋိဇီဝဆေးတွေ တိုက်တယ်၊ အဲဒီနွားတွေက အညစ်အကြေးစွန့်တဲ့အခါ မစင်နဲ့အတူ မြေကြီးပေါ်ကို ပဋိဇီဝဆေး အကြွင်းအကျန်တွေ ရောက်သွားတယ်၊ မိုးရွာတဲ့အခါဖြစ်ဖြစ်၊ ရေနဲ့ဆေးကြောလိုက်တဲ့အခါ ဖြစ်ဖြစ် အဲဒီ ပဋိဇီဝ အကြွင်းအကျန်တွေ က မြေကြီးထဲကို စိမ့်ဝင်ပြီး နောက်ဆုံးမှာ မြေအောက်ရေကြောထဲအထိ ရောက်သွားတာ ဖြစ်ပါတယ်၊ ကြည့်ပါဦး…၊ ဆေးတစ်ခုဟာ ဘယ်လောက်ဝေးဝေးအထိ ရောက်သွားသလဲဆိုတာ…၊ ဒါဆိုရင် လူတွေမှာကော အဲဒီလိုတွေ ဖြစ်နိုင်သလားလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ်...။ လူတွေကြောင့် လည်း မြစ်ချောင်း၊ အင်းအိုင်တွေ၊ မြေအောက်ရေတွေထဲမှာ ပဋိဇီဝ ဆေးကြွင်းဆေးကျန်တွေ ပျံ့နှံ့နေပါတယ်။
ကျနော် လက်ရှိအလုပ်လုပ်နေတဲ့ ဓာတ်ခွဲခန်းရဲ့ ပရောဂျက်တခုက ရေတွေထဲက ပဋိဇီဝဆေးတွေကို ဓာတ်ခွဲသုတေသန လုပ်ရတဲ့ ပရောဂျက်ပါ၊ အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံတွေကနေ စီးဆင်းလာတဲ့ ရေတွေကို ဓာတ်ခွဲကြည့်တဲ့အခါ အဲဒီရေတွေထဲမှာ ပဋိဇီဝဆေးတွေဖြစ်တဲ့ Norfloxacin, Ciprofloxacin, Metronidazol, Sulfamethoxazol စတာတွေအပြင် သာမန် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Paracetamol, Diclofenac, Ibuprofen စတာတွေ ကိုလည်း တွေ့ရတယ်၊ တချို့ဆေးတွေက သူ့ဟာနဲ့သူ သဘာဝအတိုင်း ခပ်မြန်မြန်ပျောက်ပျက်သွားပေမယ့် တချို့ဆေးတွေကတော့ အလိုအလျောက်ကြေပျက်နှုန်း biodegradation rate က အရမ်းနှေးပါတယ်၊ အဲဒီအခါ မြစ်ချောင်းတွေထဲမှာ၊ မြေအောက်ရေတွေထဲမှာ အဲဒီလိုဆေးတွေရဲ့ မော်လီကျူးတွေ တဖြေးဖြေးနဲ့ များလာဖို့ပဲ ရှိတာပေါ့၊ ဆိုးတာက အဲဒီလို ဆေးမော်လီကျူးတွေ ပါနေပေမယ့်လည်း ရေဟာ အရောင်၊ အနံ့၊ အရသာ ဘာမှမထူးခြားပါဘူး၊ ဓာတ်ခွဲခန်းမှာသာ ထိရောက်တဲ့နည်းစနစ်တွေနဲ့ ဓာတ်ခွဲမကြည့်ရင် ဘယ်လိုမှမသိနိုင်ပါဘူး၊ ဆိုတော့ သာမန်လူကောင်းတစ်ယောက်ဟာ အဲဒီလို ဆေးတွေ၊ မော်လီကျူးတွေအများကြီးပါနေတဲ့ရေကို နှစ်ပေါင်းများစွာ သောက်နေခဲ့မယ်ဆိုရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လောလောဆယ် ဘယ်သူမှ အတိအကျ မပြောနိုင်ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုမှကောင်းမှာ မဟုတ်တာတော့ သေချာပါတယ်။
အခု ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတဲ့ ကလိုရိုဖယ်နကောလ်ကိုလည်း ဥရောပနိုင်ငံတွေမှာတော့ သိပ်မသုံးကြတော့ပါဘူး၊ အထူးသဖြင့် သောက်ဆေး၊ ထိုးဆေးအနေနဲ့ ရှောင်ကြတာများပါတယ်၊ အကြောင်းကတော့ ကလိုရိုဖယ်နကောလ်ဟာ ရိုးတွင်းချဉ်ဆီတွေကို ပျက်ဆီးစေတဲ့အပြင် လူကီးမီးယားခေါ်တဲ့ သွေးကင်ဆာကိုလည်း ဖြစ်စေတဲ့အတွက်ကြောင့်ပါ၊ အဲဒါကြောင့် အခုလို ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတော့ မူလကလိုရိုဖယ်နကောလ် မဟုတ်တော့ဘဲ ဓာတ်ပြို ကွဲပြီးသား အကြွင်းအကျန် ဖြစ်သည့်တိုင် ဘေးထွက်ဆိုးကျိုးက ကြီးမားလို့ ဗြိတိန်က အာဏာပိုင်တွေက အရေးတယူအကြောင်းကြားတာလို့ ကျနော် ယူဆပါတယ်။ တီထွင်မှုတွေဟာ ကောင်းပေမယ့် တခါတလေမှာ သူနဲ့အတူ ဘေးထွက်ဆိုးကျိုးတွေ လိုက်ပါလာလေ့ ရှိပါတယ်၊ နေမကောင်းတဲ့ လူတွေအတွက် တီထွင်လိုက်တဲ့ ဆေးဝါးတွေဟာ နေကောင်းနေတဲ့ လူတွေကိုပါ ရေရှည်မှာ ဒုက္ခပေးနိုင်မယ့် အလားအလာတွေ လတ်တလော သုတေသနပြုချက်တွေအရ တွေ့နေရ တယ်၊ လောလောဆယ်မှာတော့ မြစ်တွေ၊ ချောင်းတွေထဲမှာ ပျံ့နှံ့ပျော်ဝင်နေတဲ့ ဆေးတွေဟာ လူအတွက် အန္တရာယ်ရှိတဲ့အဆင့်လို့တော့ မသတ်မှတ်ကြသေးပါဘူး၊ ဒါပေမယ့် ဒါဟာလတ်တလော အနေအထားအရပဲ ဖြစ်ပြီးတော့ နှစ်တွေအများကြီး ကြာတဲ့အခါ ဘယ်လိုတွေသက်ရောက်မလဲဆို တာတော့ ဘယ်သူမှ မသိနိုင်ပါဘူး၊ အဲဒါကြောင့် ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ ဒီအတွက် စီမံကိန်းတွေချပြီးတော့လုပ်ဆောင်နေကြတယ်။အထူးသဖြင့် ရေထဲကနေ ဆေးအကြွင်းအကျန်တွေ၊   မော်လီကျူးတွေဖယ်ရှားဖို့အတွက် ရေဆိုးစက်ရုံ၊ ရေသန့်စက်ရုံတွေမှာ ခေတ်မီနည်းစနစ်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေကြတယ်၊ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း သုတေသနဘတ်ဂျက်ကို လုံလုံလောက်လောက် တိုးမြှင့်ပြီး ထိထိရောက်ရောက်စစ်ဆေးဖို့၊ ခေတ်မီနည်းစနစ်တွေ၊ စက်ပစ္စည်းတွေ ပါဝင်တဲ့ ဓာတ်ခွဲခန်းတွေ ဖွင့်လှစ်ဖို့ အချိန်ရောက်နေပါပြီ၊ဒါဟာအခုဘာလချောင် ပြဿနာလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ မျက်နှာမပျက်စေဖို့ ဆိုတာထက် ကိုယ့်နိုင်ငံသားတွေကို ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ညီလင်းသစ်
၂၉ ဇွန်၊ ၂၀၁၄

No comments:

Post a Comment