မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, November 20, 2014

ကျမက ဒေါ်မမရဲ့ သားအိမ်ပါ...

ကျမက ဒေါ်မမရဲ့ သားအိမ်ပါ...       
=================
Monday, July 2, 2012
=================

       ကျမက ဒေါ်မမရဲ့ သားအိမ်ပါ။ ကျမက ပန်းနုရောင် ကြွက်သားအိပ်ပါ။ ဒေါ်မမရဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ အရွတ်တွေနဲ့ ချိတ်ဆွဲထားပါတယ်။ အကြမ်းအားဖြင့် ပဲသီး (pear) အရွယ်လောက် ရှိပါတယ်။ မြန်မာအသီး အနှံအနေနဲ့တော့ ခရမ်းသီးအငယ်စားလို့ ပြောရပါမယ်။
   ကျမကိုယ်အလေးချိန် ၅၇ ဂရမ်ရှိပါတယ်။ ကျမကို ကြက်ဝပ်ကျင်းလို့ မတရားပြောကြတယ်။ ကျမက စကြာဝဠာတစ်ခုလုံး ရင်သပ်ရှုမောရမဲ့ အံ့သြဖွယ်ရာကို လုပ်နိုင်ပါတယ်။ ကျမက မြင်သာရုံရှိတဲ့ ဆဲလ် အနည်းငယ်ကနေ ဆဲလ်ပေါင်းကုဋေချီရှိတဲ့ လူသားတစ်ယောက်ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးလို့ပါပဲ။

    ဘဝသစ်အတွက် စောင့်ရှောက်ရေးဟာ ရိုးရှင်းတဲ့အလုပ်လို့ထင်ရတယ်။ တကယ်က အလွန်ရှုပ်ထွေးပွေလီ ပြီး ကျမအတွက် စိတ်ပျက်စရာအလုပ်ပါ။ လစဉ် အပျိုဖေါ်ဝင်ကစပြီး မီးရပ်ဆုံးချိန်တိုင်အောင် ကျမ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အကြီးအကျယ် ပြင်ဆင်လိုက်ရတာ အကြိမ်ပေါင်း ၄၀၀ ကျော်ရှိမယ်။ ဒါပေမဲ့ ဒေါ်မမ သုံးခါပဲကိုယ်ဝန်ဆောင်ပါတယ်။ ပြောရမယ်ဆိုရင် အလှပဆုံး ပန်းစည်းတွေနဲ့ ဖိတ်စာပေါင်း ၄၀၀ လုပ်ခဲ့ပေမဲ့ သုံးယောက်ပဲ လက်ခံခဲ့သလိုပါပဲ။

          လစဉ် ပြင်ဆင်ရတာ မျက်စိပြာလု့နီးပါး ဓါတုဗေဒဓါတ်ခွဲခန်း ဆောင်ရွက်ချက်တွေလဲပါတယ်။ အလွန်အနုစိတ်တဲ့ သွေးကြောမျှင်ကွန်ရက်တွေ တည်ဆောက်ရတယ်။ အသစ် အသစ်သော အကျိတ်အိပ်တွေ၊ တစ်ရှုး (tissues) သစ်တွေလည်း တည်ဆောက်ရတယ်။ ဒေါ်မမရဲ့မျိုးပွါးအိမ် (ovary) ကထွက်လာတဲ့ အမျိုးသမီးဟော်မုန်း (estrogen hormone) ကြောင့် ကျမရဲ့ (endometrium) ခေါ်တဲ့ ကတ္တီပါလိုနုညံ့တဲ့ သွေးအိပ်ရာခင်းဟာ ထူထပ်လာပြီး၊ ကျမရဲ့အကျိတ်အိပ်တွေဟာလည်း ဘဝသစ် အတွက် လိုအပ်တဲ့ အာဟာရတွေပေးဖို့ များပြားလာတယ်။ လလယ် ရောက်တဲ့အခါ နောက်ထပ် ထူးဆန်းတဲ့ ဓာတ်ပြောင်းလဲခြင်းတွေဖြစ်တယ်။

    ကျမက ဟောင်းလောင်းပေါက်ကြွက်သားအိပ်ဖြစ်ပြီး လက်ဖက်ရည်တစ်ဇွန်းစာလောက် အရည်ကိုသာ လက်ခံနိုင်တယ်။ ပြီးတော့ ကျမရဲ့ကြွက်သားတွေက မှန်မှန်ကြီး ကျုံ့ (contract) နေကြတယ်။ ဒီကြွက်သားကျုံ့ခြင်းတွေက သန္ဓေသားကိုသတ်ပြစ်မှာ။ ကြွက်သားတွေမကျုံ့အောင် ဒေါ်မမရဲ့ မျိုးပွားအိမ်က လလယ်ရောက်တဲ့အခါ (progesterone)  ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထပ်ထုတ်တယ်။ ဒီဟော်မုန်းက ကျမရဲ့ သွေးအိပ်ရာခင်းကို သန္ဓေသား လက်ခံနိုင်အောင်ပြင်ပေးတယ်။ (estrogen hormone) ကြောင့် ကြီးထွား၊ များပြားနေတဲ့ အကျိတ်အိပ်တွေကနေ အကျိတ်ရည်တွေထွက်စေတယ်။ အဲ့ဒီအကျိတ်ရည်တွေက သန္ဓေသားလေး ကြီးထွားဖို့လိုအပ်တဲ့ အစာအာဟာရတွေပေးတယ်။

          ကျမမှာ အပေါက် ၃ ပေါက်ရှိတယ်။ ၂ ပေါက်က (fallopian tube) လို့ ခေါ်တယ်။ သူတို့က ဘယ်၊ ညာမှာရှိတဲ့ အမမျိုးဥအိပ်တွေဆီက ထွက်ကျလာတဲ့ အမမျိုးဥ (ovum) တွေကို ကျမရဲ့ ကိုယ်ထဲရောက်အောင်သယ်ပေးတယ်။ ကျမမှာ အမမျိုးဥအိပ် နှစ်ခုရှိပေမဲ့ တလမှာ အမမျိုးဥအိပ်တစ်ခုက အမမျိုးဥတစ်လုံးပဲကြွေတယ်။

  ကျန်တဲ့ တတိယပေါက်က အချိုရည်စုပ်တဲ့ပိုက် (straw) လောက်ရှိတဲ့ သားအိမ်ခေါင်းလို့ခေါ်တဲ့ (cervix) ပါ။ ဒီအပေါက်ကနေ အဖိုမျိုးဥဖြစ်တဲ့ (sperm) တွေဝင်လာတယ်။ ခလေးမွေးတဲ့အခါလည်း ဒီအပေါက်က အပြင်ကိုထွက်ရတာ။ ဒေါ်မမရဲ့ အမမျိုးဥ ကြွေတဲ့အချိန်မှာ cervix ထဲမှာရှိတဲ့ အကျိတ်အိပ်တွေကနေ အချွဲတွေပိုထုတ်တယ်။ အဲ့ဒီအချွဲစီးချောင်းကနေ sperm တွေ အလွယ်တကူ အမမျိုးဥဆီ ကူးသွားစေတယ်။ အခုကျမ သန္ဓေသားကို ပြုစု စောင့်ရှောက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ သန္ဓေသား မရောက်လာဘူးဆိုရင် ကျမပြင်ဆင်ခဲ့တဲ့ သွေးကြောတွေ၊ အကျိတ်အိပ်တွေ၊ တစ်ရူးသစ်တွေ အားလုံးကို ဖျက်ဆီးပစ်ရမှာ။ အဲ့ဒီလုပ်ရပ်က ဒေါ်မမ မီးရပ်သွေး လာခြင်းပဲ။

    ကျမရဲ့ အရေးကြီးဆုံးအချိန်က ပထမ ခလေးရောက်ရှိလာခြင်းပဲ။ ကျမရဲ့ အရည်အချင်းတွေ စွမ်းဆောင်ချက်တွေ ပြရတဲ့အချိန်ပဲ။ အမမျိုးဥနဲ့ အဖိုမျိုးဥပေါင်းမိပြီး ဆဲလ်တွေတောင် စပွါးနေပြီ။ အဲ့ဒီ အောင်မြင်တဲ့ သန္ဓေသားလေး fallopian tube ကနေ ကျမရဲ့ ကိုယ်ထဲလာတဲ့ လမ်းတစ်လျောက်မှာ သူ့အတွက် အစာက တစ်နေရာကပဲရတယ်။ အဲဒါက egg yolk ခေါ်တဲ့မျိုးဥရဲ့ အစာပဲ။ ဒီအစာကလည်း ကျမဆီရောက်ရုံလောက်ပဲရှိတယ်။ ကျမဆီရောက်တာနဲ့ သန္ဓေသားလေးက ကျမကိုယ်ထဲကို လက်တံတွေ ထိုးထဲ့တယ်။ အခုဆိုရင်သူ့အတွက် လုံခြုံစိတ်ချရတဲ့ နွေးထွေးတဲ့ အစာကြွေးမဲ့အိမ် ရပါပြီ။ ကျမ ၂၄ နာရီ ပတ်လုံး မရပ်မနား ၉ လ တိုင်တိုင် အလုပ်လုပ်နိုင်ဖို့ အချင်းက ကူညီပါတယ်။ သူက သန္ဓေသားလေးရဲ့ လည်းပင်က ပထမ သေးသေးလေးကနေ တစ်ကီလိုလေးပြီး ၁၈ စင်တီမီတာအချင်းရှိတဲ့ အနီရောင် ဘိန်းမုန့်အရွယ်ထိ ကြီးလာတယ်။ သူက ဒေါ်မမ ခလေးအတွက်၊ အဆုတ်၊အသဲ၊ကျောက်ကပ်၊ အစာလမ်း  ကြောင်းတွေရဲ့ လုပ်ငန်းတွေကိုဆောင်ရွက်ပေးတယ်။ ခလေးရဲ့အသက်သွေးကြောကတော့ ချက်ကြိုးပါ။ သူက ၁၂ စင်တီမီတာကနေ တစ်မီတာကျော် ရှည်နိုင်တယ်။ ချက်ကြိုးထဲမှာ သွေးလွှတ်ကြော၂ချောင်းနဲ့ သွေးပြန်ကြောတစ်ချောင်းရှိတယ်။ လွှတ်ကြော၂ချောင်းက ခလေးဆီကနေ အမှိုက်တွေကို အချင်းဆီ သယ်လာတယ်။ အဲ့ဒီကတဆင့် ဒေါ်မမရဲ့သွေးကြော ထဲရောက်တယ်။ ပြီးတော့ ဒေါ်မမရဲ့ အသဲတွေ၊ အဆုတ်တွေ၊ကျောက်ကပ်တွေကနေတဆင့် ထုတ်ပြစ်တယ်။

            သွေးပြန်ကြောကတော့ ဒေါ်မမရဲ့သွေးထဲက ဗီတာမင်၊ ကာဗိုဟိုက်ဒရိုတ်၊ အောက်ဆီဂျင်၊ သတ္ထုဓါတ်၊အမိုင်နိုအက်စစ်တွေ ယူလာပေးတယ်။ အချင်းရဲ့ နုညံ့ပါးလွှာတဲ့သွေးကြော မျှင်လေးတွေက ဒေါ်မမနဲ့ သူ့ခလေးကို ခွဲခြားထားပေမဲ့ အညစ်အကြေးနဲ့ အစားအစာ လှဲလှယ်ခြင်းကို လုပ်ပေးတယ်။ သူတို့နှစ်ယောက် သွေးမတဲ့ရင် အန္တ္တရာယ်ကြီးတာမို့ သူတို့သွေးနှစ်မျိုး ကတော့ ရောနှောခြင်း မရှိဘူး။

   ဒေါ်မမရဲ့ အိမ်ငှား ကြီးလာတာနဲ့အမျှ ကျမလည်းလိုက်ကြီးလာတာ နောက်ဆုံး အဆ ၅၀၀ အထိကို ကြီးလာတယ်။ ကျမရဲ့ပုံသဏ္ဍန်ကလည်း ခရမ်းသီးပုံကနေ၊ ကမ္ဘာလုံးပုံ၊ နောက်ဆုံး ဘဲဥပုံဖြစ်လာတယ်။ ဒီထက်ပိုအရေးကြီးတာက ကျမ အလွန်သန်မာလာတာပဲ။ ကျမရဲ့ ကြွက်သားတွေက ကြီးထွားလာရုံမက အလေးချိန်ပါများလာတယ်။ ဒီလိုဖြစ်လာမှ ကျမရဲ့ အိမ်ငှားရဲ့ ကန်ကျောက်တာတွေကို ခံနိုင်တဲ့အပြင် စူပါမန်း(superman) ကိုတောင် မောပန်းစေမဲ့ မွေးဖွားတဲ့ ဒါဏ်ကိုခံနိုင်မှာ။

          ၇ လလောက်မှာ ဒေါ်မမ ခလေးက နေရာခဏခဏပြောင်းတယ်။ နောက်ပိုင်းကျတော့ ကမ္ဘာ့ ဆွဲဆောင်မှုကြောင့် ၉၆%  သောခလေးတွေက ခေါင်းစောက်ထိုးအနေအထားမှာ နေတယ်။ ဘာလို့လဲ ဆိုတော့ ခလေးရဲ့ခေါင်းက အလေးဆုံးသောအပိုင်းဖြစ်လို့ပဲ။ အဲ့ဒီအနေအထားက တကယ်တော့ မွေးဖွားဖို့ ကောင်းတဲ့ ပုံလည်းဖြစ်တယ်။

   ကျမကြီးထွားပြီး သန်မာလာတာနဲ့အမျှ ကျမလမ်းမှာရှိတဲ့အရာအားလုံးကို ကျမတွန်းထိုးပြစ်တယ်။ ကျမ ဆီးအိမ်ပေါ်ဖိထားလို့ ဒေါ်မမ ရေအိမ် ခဏခဏသွားနေရတယ်။ ကျမ အစာအိမ်နဲ့ အူလမ်းကြောင်းကို တိုးကြိတ်လို့ ဒေါ်မမ အစာမကြေခြင်းစတဲ့ အစာလမ်းကြောင်းပြဿနာတွေ ဖြစ်နေတာ။ ၉ လလောက် မှာတော့ ဗိုက်တစ်ခုလုံးကို ကျမ မောင်ပိုင်ဆီးထားတယ်။ ကျမအလုပ်လဲပြီးတော့မယ်။ ကျမ အလွန့်အလွန် တိုတောင်းတဲ့အချိန်မှာ ရေကပ်ပါးလေးကို ၃ ကီလိုမီတာရှိတဲ့ ကိုယ့်ဘာသာ ရှင်သန်နိုင်တဲ့ ခလေးအဖြစ် ပြောင်းလိုက်ပါပြီ။

   တစ်ညနေမှာ ဘာကြောင့်မှန်းမသိပဲ ကျမရဲ့ လက်သဲလောက်ရှိတဲ့ တတိယပေါက်က ၁၂ စင်တီမီတာလောက် ကျယ်လာတယ်။ ဒါမှခလေးခေါင်းဆန့်မှာ။ မွေးဖွားတဲ့အလုပ်က တော်တော် လက်ဝင်ပြီး အချိန်ယူရတဲ့ကိစ္စဖြစ်တယ်။ ကျမရဲ့ကြွက်သားတွေကလည်း ပိုပိုကျုံ့လာတာ နောက်ပိုင်းမှာ ၂-၃ မီနစ်တစ်ခါ ကျုံ့လာတယ်။ တစ်ခါကျုံ့ရင်လည်း တစ်မီနစ်လောက် ကြာလာတယ်။ တစ်ချိန်လုံး ကျမက ခလေးရဲ့ခေါင်းကို အပေါက်ချဲ့ဖို့သုံးတယ်။ ကျမရဲ့ ကြွက်သားတွေကလည်း ၇ ကီလိုမီတာ အလေးလောက်ကို ကန်နိုင်လာတယ်။ ဒါပေမဲ့ သိပ်မလုံလောက်သေးဘူး။ ၁၂ ကီလိုမီတာအလေးလောက် လိုအပ်တယ်။ ဒေါ်မမရဲ့ ဗိုလ်ကြွက်သားတွေနဲ့ diaphragm တွေကလည်း ဝိုင်းကူကြတာမို့ နောက်ဆုံး ခလေးအပြင်ရောက်သွားတယ်။

          ကျမအခု အိမ်သန့်ရှင်းရေးလုပ်ရမယ်။ အချင်းလည်း မလိုတော့ဘူး။ ကျမ သူ့ကို ကန်ထုတ်လိုက်တော့မယ်။ သွေး မသွန်အောင် သွေးကြောတွေကိုဖိပိတ်ပြစ်ရမယ်။ ကိုယ်ဝန် စကာ စက ကျမ ၅၇ ဂရမ်ပဲ လေးတယ်။ ကျမ ၁၆ ဆလောက် အလေးချိန်တက်လာတာ အခု တစ်ကီ လိုတောင် ကျော်နေပြီ။ နောက် တလ နှစ်လမှာ ကျမ နဂိုအလေးချိန်ပြန်ရောက်အောင် အားကစားတွေ လုပ်ရမယ်။ ကျမ ဒီအလုပ်ကို ဒေါ်မမရဲ့ ဒုတိယနဲ့ တတိယခလေးတွေ အတွက် နောက်ထပ်နှစ်ခါ ထပ်လုပ်ရတယ်။ အခု ဒေါ်မမ အသက်၄၂နှစ်ရှိပြီ၊ မီးရပ်ဆုံးခါလဲနီးလာပြီ။ မီးရပ်ဆုံးရင်တော့ ကျမ အလုပ်လုပ်စရာမလိုတော့ဘူး။ ကျမ အရွယ်လည်း နဂို ခလေးမလေးရဲ့ သားအိမ်အရွယ် ကို ပြန်ရောက်တော့မယ်။

   ဒေါ်မမရဲ့ ဘဝမှာ ကျမသူ့ကို ဒုက္ခမကြာခဏပေးခဲ့တယ်။ ပြောရမယ်ဆိုရင် ကျမက ဒုက္ခပေးတဲ့နေရာမှာ နံပါတ်တစ်လို့ ပြောရမယ်ထင်တယ်။ အများဆုံးဒုက္ခကတော့ သူ မီးရပ်လာတိုင်း နာအောင်လုပ် တာပဲ။ နောက်တစ်ခုက ကျမရဲ့ကြွက်သားတွေမှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ အသားပို (Fibroid) တွေ ထွက်လာတာပဲ။ အခြားအမျိုးသမီးတွေလိုပဲ ဒေါ်မမက သူတို့ကို ကင်ဆာလို့ထင်တယ်။ ဒီအတွက်တော့ ပူစရာမလိုပါဘူး။ Fibroid က ကင်ဆာ ဖြစ်တယ်ဆိုတာ ၂၀၀မှာ တစ်ယောက်တောင်မရှိပါဘူး။ တကယ်လို့ ကျမရဲ့ အခင်း (endometrium) ကောင်းကောင်းမကြီးထွားဘူး၊ မဖျက်သိမ်းဘူးဆိုရင် သူ့ကို ခြစ်ပြစ်တဲ့ ခွဲစိပ်မှုကိုလုပ်ရမယ်။ ဒီခွဲစိပ်မှုမှာ ကျမရဲ့ တတိယအပေါက်ကို ဇွန်းလို ခြစ်တဲ့ပစ္စည်းထည့်လို့ရအောင် အရင်ချဲ့ရတယ်၊ ပြီးတော့ မကောင်းတဲ့အခင်းကို ခြစ်ထုတ်ပြစ်ရတယ်။ ဒီလို လုပ်ခြင်းဖြင့် များသော အားဖြင့် ကောင်းသွားပါတယ်။

     ရင်သားကင်ဆာပြီးရင် ကျမက ဒေါ်မမအတွက် ဒုတိယကင်ဆာအဖြစ်နိုင်ဆုံး အင်္ဂါဖြစ်ပါတယ်။ ကံကောင်းထောက်မစွာ ကျမရဲ့ ကင်ဆာနှစ်ခုဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ(cervical cancer) နဲ့ အခင်းကင်ဆာ (endometrial cancer) တွေကို အလွယ်တကူစမ်းသပ်လို့ရပါတယ်။ ပြီးတော့ စောစော သိရင် ၉၀% က ကုသလို့ရပါတယ်။ ကျမရဲ့ အခင်းကင်ဆာက မမှန်သော သွေးဆင်းခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အသက်၄၀ ကျော်ရင် ပိုဂရုစိုက်ရပါမယ်။ ဒီသွေးဆင်းခြင်းက တခြား အကြောင်းတွေကြောင့် ဖြစ်နိုင်ပေမဲ့ အခင်းကင်ဆာမဟုတ်ဘူးဆိုတာ သေချာအောင် စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။

   သားအိမ်ခေါင်းကင်ဆာ(cervical cancer) အတွက် ကာကွယ်ဆေး vaccine ရပါပြီ။၊ ဒီကင်ဆာဟာ လိင်ဆက်ဆံခြင်းမှ ကူးဆက်သော ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာမို့ ယခုအခါ US၊ Australia and Europe မှာ လိင်မဆက်ဆံကြသေးတဲ့ မီးကောင်ပေါက်မိန်းခလေးများကိုထိုးပေးပါတယ်။ အမျိုးသမီးကြီးများကိုတော့ ကင်ဆာဖြစ်ဖြစ်ချင်းသိရအောင် Pap test ခေါ်တဲ့ သားအိမ်ခေါင်းကကြွေကျတဲ့ အသားစများ စစ်ဆေးခြင်း ကို မှန်မှန်စစ်ဆေးပေးပါတယ်။

       ဝမ်းနည်းဖို့ကောင်းတာက အမျိုးသမီးအများစုက ကျမကိုပြဿနာမလို့ မြင်ကြတာပဲ။ တကယ်တော့ ကျမက ဆုတွေပေးတဲ့သူပါ။ ကျမကြောင့် အမျိုးသမီးအပါအဝင် လူသားအားလုံး ဖြစ်တည်ကြရတာ ဆိုတာကိုတော့ မမေ့သင့်ပါဘူး။


ကျမ်းကိုး
၁။ J.D.RADCLIFF ရဲ့ I AM JOE’S BODY
၂။ http://en.wikipedia.org/wiki/HPV_vaccine

( မြတ်ပန်းရဂုံ )
======================================================
ဆောင်းပါးတွင်ဖော်ပြထားသော ကီလိုမီတာဆိုသည်မှာ အလေးချိန် ကီလိုဂရမ်ကို
ဆိုလိုခြင်းဖြစ်နိုင်ပါသည်။

No comments:

Post a Comment