မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, November 19, 2014

ဂျာမူး... ဂျာမူး...


အင်ဒိုနီးရှားကို တာဝန်အသစ်နဲ့ မပြောင်းခင်မှာ လုပ်ငန်းနဲ့ပတ်သက်တဲ့ သင်တန်းတက်ဖို့ အရင်ရောက်ခဲ့ရပါတယ်။ ဘာလီက ဒန်ပါဆာလေဆိပ်ကို ပထမဦးဆုံး ခြေချမိတဲ့ အခါမှာကတည်းက ဘာလီနဲ့  ဘာလီကျွန်းသူ၊ ကျွန်းသားတွေဟာ ကိုယ်နဲ့မစိမ်း သလိုလို၊ အရင်တုန်းကပဲ ရောက်ခဲ့ဖူးသလိုလို ခံစားမှုမျိုး ဖြစ်ပေါ်လာပါတယ်။ ဘာလီကျွန်းရဲ့ နာမည်ကျော် ဂျင်ဘာရမ်ကမ်းခြေက ဟိုတယ် (Seri Segara Hotel သီရိသမုဒ္ဒရာ ဟိုတယ်လို့ ဘာသာပြန်ရမယ်) မှာ ရက်သတ္တပါတ် နှစ်ပါတ်လောက်နေပြီး ရုံးကို အကြိုအပို့ လုပ်တဲ့ကားနဲ့ မနက်ရှစ်နာရီခွဲ လောက်သွား၊ ပြီးရင် ညနေငါးနာရီကျော်ကျော်လောက်မှာ ဟိုတယ်ကို ပြန်ပို့ ဆိုတဲ့ အစီအစဉ်ဘောင်ထဲမှာပဲ နေသားကျနေခဲ့ရပါတယ်။


  ဘာလီက လမ်းကျဉ်းကျဉ်းကလေးတွေ၊ လမ်းဆုံလမ်းခွတွေ၊ အခိုင်အခန့် နတ်ကွန်းတွေ၊ လမ်းဘေး ဈေးဆိုင်ကလေးတွေ နဲ့ အသားညိုညို အပြုံးချိုချို ပိုင်ရှင် ဘာလီကျွန်းသူတွေဟာ ကိုယ်နဲ့ ရင်းနှီးနေသလိုမျိုး ခံစားရပါတယ်။ ဘာလီဟာ ကမ္ဘောဒီးယားက ဆီရမ်ရိ (Siem Reap) နဲ့ တူသလိုလို၊ မြန်မာပြည် မော်လမြိုင်က ရပ်ကွက် တခုထဲ ရောက်နေသလိုလိုဖြစ်နေမိပါတယ်။ ဆိုခဲ့တဲ့ အကြောင်းအရာတွကြောင့်ပဲလား ခင်မင်နှစ်လိုဖွယ် ဘာလီ ကျွန်းသူ၊ ကျွန်းသားတွေဟာ မြန်မာတွေနဲ့ တူလွန်းလို့ပဲလား ဘာလီနဲ့ စိမ်းမနေပဲ သိပ်ရင်းနှီးသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။



ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့မတူပဲ ထူးခြားတဲ့ အလေ့အထ၊ ယဉ်ကျေးမှု အမူအကျင့်တွေကို တနင်္ဂနွေ နှစ်ပါတ်အတွင်း ရုံးသွား၊ ရုံးပြန် သတိထား လေ့လာကြည့်မိပါတယ်။ နားရွက်ကြားမှာ စကားဝါပန်းထိုးထားတတ်တဲ့ ခပ်ပျော်ပျော် လုပ်ဖော်ကိုင်ဖက် ဒရိုင်ဘာ ကတွတ် (Ketut) ပြီးရင် မနက်တိုင်း သတိထားမိတဲ့ အထဲမှာ ပုလင်းပေါင်းစုံကို တောင်းထဲထည့်ပြီး လည်ရောင်းနေတဲ့ ဈေးသည်တွေက ထိပ်ဆုံးက ပါပါတယ်။ တချို့က ပုလင်းတွေထည့်ထားတဲ့တောင်းကို ပါတိတ်အစနဲ့ ကျောပိုးသိုင်းပြီး လမ်းလျှောက် လည်ရောင်းကြသလို၊ တချို့ကလည်း စက်ဘီး၊ တချို့က ဆိုင်ကယ် အစရှိသဖြင့် ပုံစံ အမျိုးမျိုး နဲ့ရောင်းတာ တွေ့ရပါတယ်။ အဲဒီ အသည် ဘာသည်လဲ ဆိုတာ တွေ့မိတိုင်း သိချင်စိတ် အလွန်ပြင်းပြင်းပြပြ ဖြစ်မိပေမယ့် ရုံးကိုရောက်တဲ့ အခါကျတော့ ရှုပ်ထွေးများပြားလှတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ဖိစီးပြီး လုပ်ဖော်ကိုင်ဖက်တွေကို မမေးမိပြန်ဘူး။ ဒီလိုနဲ့ လုပ်ငန်းဆိုင်ရာသင်တန်း နှစ်ပါတ်ပြီးလို့ ဘာလီကနေ မလေးရှားကို ပြန်သာလာခဲ့ရတယ် အဲဒီ အသည် ဘာသည်လဲ မသိလိုက်ရဘူး။
     မလေးရှားကနေ ဘာလီပြောင်းရတဲ့အခါကျတော့လဲ ပြောင်းခါစဆိုတော့ ရုံးတာဝန်၊ အိမ်ထောင်တာဝန် တွေကြောင့် အမှူမဲ့ အမှတ်မဲ့ပဲ ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါကို ဂျာမူး ရောင်းသည့်အသည် ဆိုတာ သိပေမယ့် တခါမှ အသေးစိပ်လေ့လာမကြည့်ရသေးပါဘူး။ ဒါပေမယ့် တညနေ ရုံးကအပြန် လမ်းမှာ လူတွေဝိုင်းနေတဲ့ အဲဒီအသည်တွေ့လို့ ကားရပ်ပြီး ဝင်အားပေးပါတယ်။ ဘယ်လိုသောက်မလဲလို့ ဈေးသည်က မေးတော့ ဘယ်လိုမျိုးရလဲ ပြန်မေးလိုက်ပါတယ်။ သူပြန်ပြောတဲ့ အမျိုးပေါင်း များစွားကို နားသိပ်မလည်တော့ ရိုးရိုးပဲ ပေး (Biasa saja)  လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူက ပုလင်းပေါင်းစုံထဲက အရည်ပေါင်းစုံ၊ အမှုန့် ပေါင်းစုံ နည်းနည်းချင်းထည့်ပြီး ဘဲဥ ထည့်မလား ထပ်မေးပါတယ်။ ကိုယ့်စကား ပြန်မရခင်ပဲ ဘဲဥတလုံးကို ခွဲ ပြီး အကာတွေကို သွန်ပါတယ်။ အနှစ်ချည်းသီးသန့်ကို စောစောက ခွက်ထဲကိုထည့်ပြီး မွှေပါတော့တယ်။ နှံ့လောက်ပြီထင်မှ ဖန်ခွက် အသစ်တစ်လုံးထဲကို စောစောက ညိုပြစ်ပြစ် အရည်တွေထည့် ပြီး ကမ်းပေးပါတယ်။ ကျနော်လဲ မှာပြီးမှတော့ မထူးပါဘူးဆိုပြီး တကျိုက်တည်း မော့ ချလိုက်ပါတယ်။ ငရုတ်သီး ၊ ဆနွင်းမှုန့်၊ မဆလာတွေ ရောပြီး မွှေချက် ချက်ရင်တောင် ညီစို့စို့ နံတတ်တဲ့ ဘဲဥအနှစ် ပါပေသော်လည်း လုံးဝ မညှီပဲ အရသာဟာ ချိုသလိုလို၊ ငန်သလိုလို၊ ခါးသလိုလိုနဲ့ ပူရှိန်းရှိန်း ဖြစ်ပြီးတော့ လည်ချောင်းထဲကို နွေးခနဲ စီးဝင်သွားပါတယ်။ အိမ်ပြန်ရောက်တော့လဲ လူက ပူရှိန်းရှိန်းဖြစ်နေပြီး ရေတဝ ချိုးလိုက်ခါမှပဲ လန်းဆန်းပြီး ဗိုက်ပါ ဆာသွားပါတော့တယ်။ နေက်တော့ အိမ်နီးချင်း ဒေါက်တာမ လာလည်တုန်း အသေးစိပ် မေးတဲ့ အခါကျမှ ဂျာမူးအကြောင်း တော်တော်များများ သိရပါတော့တယ်။ 
တကယ်တော့ ဂျာမူးဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမကြီးအနှံ့က ကျွန်းသူ၊ ကျွန်းသားတွေ နေ့စဉ် မှီဝဲတဲ့ တိုင်းရင်းဆေး တစ်မျိုးပါပဲ။ ဆေးဖက်ဝင် အပင်ပေါင်းစုံက အရွက်၊ အသီး၊ အရိုး၊ အမြစ်၊ အပွင့်၊ အခေါက် တွေကို ဆေးဖော်စပ်ပြီး သောက်သုံးကြတာဖြစ်ပါတယ်။ ဂျာမူးကို ရှေးနှစ်ပေါင်း များစွာကတည်းက သုံးစွဲ လာလိုက်တာ ဆင်းရဲ ချမ်းသာမရွေး၊ မြို့ပြ ကျေးလက် မခွဲခြားပဲ လူတန်းစားပေါင်းစုံရဲ့ မှီဝဲ အားထားရာ တစ်ခု အဖြစ် ယခုအချိန်အထိ အင်ဒိုနီးရှားမှာ ကျယ်ကျယ်ပြန့်ပြန့် အားကိုးတကြီး မှီဝဲ အသုံးပြုတာဖြစ်ပါတယ်။

ဂျာမူးရှင်

ဂျာမူးမှာပါဝင်တဲ့ ဆေးဖက်ဝင် သစ်ရွက်၊ သစ်ခေါက်၊ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ သစ်ပွင့် 

ဂျင်းပင်

ဂျာမူး ပြုလုပ်ပုံကို ရှာဖွေလေ့လာပြီး ရေးရရင် တိုင်းရင်းဆေးကျမ်း ပုံစံမျိုး ဖြစ်သွားနိုင်တဲ့အတွက် ဂျာမူး ဖော်မြူလာတော့ ရေးဖို့ အစီအစဉ် မရှိပါ။ သို့ပေမယ့် အကြမ်းအားဖြင့် ဂျာမူးတဖုံမှာ အခြေခံ ပါဝင်တဲ့ ပရဆေးပင်တွေ ရာပေါင်းများစွာမှ အနည်းငယ်ကို စုစည်းကြည့်တဲ့အခါမှာ အောက်ပါအပင်တွေ အဓိက ပါဝင်တာတွေ့ရပါတယ်။  

ဂျင်း (ချင်း) Ginger (Zingiber Officinale)
ဂျင်း တမျိုး Lempuyang (Zingiber Oronaticum)
ဂျင်း တမျိုး Temu Lawak/ Wild Ginger (Curcuma Cautkeridza) 

(ဘာလီကျွန်းသား တွေ ငှက်ပျောအူ၊ ကြက်သားနဲ့ ရောချက်ပြီး အထင်ကရ ပွဲတွေမှာ ကျွေးလေ့ရှိသည်။) 
နနွင်းတက် Kunyit/ Tumeric (Curcuma Domestica)
ဂျင်းတမျိုး Kencur/ Greater Galingale (Kaemferi Galanga)
ဂျင်းတမျိုး Lengkuas/ Ginger Plant (Elpina Galanga)
ဂျင်းတမျိုး Bengle (Zingiber Bevifalium)

(မှတ်ချက် အနေနဲ့ ဝန်ခံရရင် အဲဒီ သစ်ဥ သစ်ဖုတွေ အားလုံးဟာ ဂျင်းတက်နဲ့ ဆင်တူယိုးမှား တွေချည်းပါပဲ။ တိုင်းရင်းဆေးပညာနဲ့ ရုက္ခဗေဒမှာ နကန်းတလုံးမှ မတတ်တော့ ခပ်တည်တည်နဲ့ (ဂျင်းတမျိုး) ဆိုပြီး ရောချ လိုက်ပါတယ်။ စကားမစပ် ငယ်ငယ်တုန်းကအကြောင်းလေး သွားသတိရပါတယ်။ အမေက ဈေးမှာ ဂျင်းတက် နည်းနည်း သွားဝယ်ခိုင်းပါတယ်။ ဂျင်းတက်လို့ ဘာလို့ ခွဲပြောရသလဲဆိုတော့ ကျနော်တို့ နယ်မှာ ဂျင်းကို ပေါက်ပြီး တမျိုး၊ ပိုးတီးပုံတမျိုး လုပ်ရောင်းလို့ပဲဖြစ်ပါတယ်။ ဆက်ရရင် ကျနော် ဈေးကိုရောက်တော့ ဂျင်းတက်ရောင်းတဲ့ အသည်ကို ရှာမတွေ့ပါဘူး။ အဲဒီမှာ အမှုန့်ရောင်စုံတွေကို သံဖြူနဲ့ လုပ်ထားတဲ့ မှန်ပုံးတွေနဲ့ ထည့်ရောင်းတဲ့ဆိုင်မှာ ဂျင်းတွေကို သံပုံးတခုနဲ့ သပ်သပ်ယပ်ယပ် ထည့်ထားတာကို သွားတွေ့ပါတယ်။ ကျနော်က ဆိုင်ရှင်အဒေါ်ကြီးကို ဂျင်း နှစ်ကျပ်ဖိုးလောက် ရောင်းပါလို့ပြောတော့ အဲဒီ အဒေါ်ကြီးက အဲဒါ မိတ်သလင်.. ကွဲ့ တဲ့ :P )

အရွက်

ငုပင် (ဟုထင်သည်) Secang (Caesalpinia Sappan)
ပိန်းရွက် တမျိုး Sambang Dara (Rexco Ecaria Bicolar Hassk)
ကွမ်းရွက် Brotowali (Tiospora Rumpii Boerl)
ဂျာဗားကျွန်းအနှံ့ ပေါက်တတ်သည့် အပင်တမျိုး Adas (Foeniculum Vulgare Mill)

အသီး

သံပရို / သံပုရာသီး Jeruk Nipis/ Calamondin (Citrae Aurantifalia Sivingle)
ခရမ်းကစော့ သီးတမျိုး (ဟုထင်သည်)
Ceplukan (Physalic Angulata Him)
ပုန်းညှက်သီး (ဟုထင်သည်) Nyamplung (Calophylum Inaphyllu)

အခေါက်

သစ်ဂျပိုး Kayu Manis/ Cinamon (Gijeyzahyza Glabra)

အပွင့်

စပါယ် Melati/ Yasmin / Jasmine (Jataninum Sunbac Ait)
သမန်းမြက်ပွင့် (ဟုထင်သည်) Rumput Alang-alang (Gramineae)
တကယ်တန်း ဂျာမူးအကြောင်းလေ့လာရသည်မှာ မလွယ်ကူပါ။ အထူးသဖြင့် ကျနော့်လို ဂျင်းနဲ့ မိတ်သလင် ကိုပင် မခွဲတတ်သော သူများအတွက် သာ၍ မလွယ်ပါသေးသည်။ ဂျာမူးကို အင်ဒိုနီးရှားမှာ ဘာလို့ ကျယ်ကျယ်ပြန့်ပြန့် မှီဝဲ သုံးစွဲကြသလဲ ဆိုတော့ -

၁) နေရာတကာမှာ အလွယ်တကူရနိုင်ခြင်း
၂) ဈေးနှုန်း ချိုသာခြင်း
၃) ဘေးထွက်ဆိုးကျိုး မရှိခြင်းတို့ကြောင့်လို့ ဆိုပါတယ်။

ဂျဗားသူ၊ ဘာလီသူတွေ ချောတာ၊ ကျန်းမာတာဟာ ဂျာမူးဆိုတဲ့ လျှို့ဝှက်ချက်ကြောင့်လို့ ဆိုကြပါတယ်။ ဂျာမူး အကြောင်း ဆက်စပ်သမျှ ပြောရရင် ကုန်နိုင်ဘွယ် မမြင်ပါဘူး။ အင်ဒိုနီးရှား ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ထဲမှာလဲ ဇာတ်ဆောင်မင်းသမီးတွေဟာ ဂျာမူးရောင်းတဲ့ ဂျာဗားက ဂျာမူးသည်အဖြစ် သရုပ်ဆောင်တာ ခဏခဏ ပါတတ်ပါတယ်။ သမီးအငယ်လေး ရေဝတီ မွေးခါစမှာ ခင့်ကို မီးထွက်စ မိခင်တွေသောက်ရတဲ့ ဂျာမူး ဝယ်တိုက်ရပါတယ်။ မွေးကင်းစ ရေဝတီကလေးကိုလဲ ထက်လင်းရင်လူးဆေး မရနိုင်တဲ့ဘာလီမှာ ဂျာမူး ရင်လူးဆေး
Minyak Telon  ကိုပဲ အားထားရပါတယ်။ ဂျာမူးဟာ ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုရင် သမီးအကြီးမလေး ဘာလီသူ သူငယ်ချင်းတွေနဲ့ ကစားတဲ့အခါမှာ ကစားစရာ ခွက်တွေ၊ ဘူးတွေကို ခြင်းတခုထဲ ထည့်ပြီး "ဂျာမူး..ဂျာမူး" လို့ အော်ပြီး ဂျာမူးသည်လုပ်တန်း ကစားသည် အထိပါပဲ။ 
အင်ဒိုနီးရှားကနေ မလေးရှားကို ပြန်ပြောင်းလာခဲ့ရပါပြီ။ ဒါပေမယ့် တခါတလေမှာ "ဂျာမူး......ဂျာမူး" ဆိုတဲ့ အသံကိုတော့ ကြားယောင်နေတုန်းပါပဲ။                ။

From: AsianTourOperator




No comments:

Post a Comment