မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, November 22, 2014

သိုင်းရွိုက်ပြဿနာ အဖြေရှာကြပါစို့

တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားတဲ့အခါမှာ ညောင်းညာနေတတ်တာလား။ ဦးနှောက်တွေရှုပ်ထွေးပြီး ကိုယ်အလေးချိန် တိုးလာတာ၊ ချမ်းပြီးတော့ တုန်နေတာ၊ ဆံပင်တွေ ကျွတ်တာမျိုးတွေ ဖြစ်နေလား၊
ချွေးထွက်များပြီး နုံးနေတာ၊ စိုးရိမ်ပူပန်မှုများနေတာတွေ ဖြစ်နေလား။ ဒီမေးခွန်းတွေထဲက
တော်တော်များများကို ဟုတ်တယ်လို့ စဉ်းစားမိရင်ပဲ ကျွန်မတို့ခန္ဓာကိုယ်မှာ ဘာတွေမှားယွင်းနေပြီလဲ ဆိုတာကို ပြန်ပြီးတော့ စစ်ကြည့်ရပါတော့မယ်။ အဖြစ်နိုင်ဆုံးကတော့ သိုင်းရွိုက်အကျိတ်နဲ့ ပတ်သက်ပြီးတော့ ပြဿနာရှိနေတာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။




သိုင်းရွိုက်ဆိုတာဟာ လည်ပင်းက လိပ်ပြာပုံစံ အကျိတ်ဖုလေးပါပဲ။ အဲ့ဒီ အကျိတ်ဖုလေးကနေ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ဖို့အတွက် ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီ ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိဖို့၊ ခန္ဓာကိုယ်က ပရိုတင်းတွေကိုအသုံးပြုပြီး ဆဲလ်တွေ ဖွံ့ဖြိုးကြီးထွားဖို့၊ ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်ပြင်ဖို့အတွက် ကောင်းကောင်းဆောင်ရွက်ပေးပါတယ်။ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ဖို့၊ ကိုယ်ခံစွမ်းအားဖွံ့ဖြိုးဖို့၊ သွေးစီးဆင်းတာ ကောင်းစေဖို့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကနေ အောက်ဆီဂျင်ကို သုံးစွဲနိုင်ဖို့၊ စွမ်းအင်ထုတ်လုပ်နိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ဆောင်ပေးပါတယ်။

အဲ့ဒီတော့ သိုင်းရွိုက်မှာ ပြဿနာ တစ်ခုခုရှိလာပြီဆိုတာနဲ့ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုမှာ အဟန့်အတား တွေဖြစ်လာပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေဟာ ပြောင်းလဲသွားပါတယ်။
ဟော်မုန်းပမာဏ နည်းတာ၊ များတာတွေရှိလာပြီး တပြိုင်နက်တည်းမှာပဲ ကျွန်မတို့ဆီမှာ ရောဂါ လက္ခဏာတွေဟာ တစ်နည်းမဟုတ် တစ်နည်း ပြလာကြပါတယ်။ သိုင်းရွိုက်နဲ့ ပတ်သက်တဲ့
ပြဿနာတွေဟာ အန္တရာယ်သိပ်မရှိတဲ့ လည်ပင်းကြီးတာကနေ အန္တရာယ်ပေးလောက်တဲ့ ကင်ဆာအထိဖြစ်တတ်ပါတယ်။

Autoimmune Disorder တမျိုးဖြစ်တဲ့ Graves’ disease ရောဂါဟာ သိုင်းရွိုက်အကျိတ်ကနေ
ဟော်မုန်းတွေအများကြီး ထွက်စေပါတယ်။  တခါတလေကျတော့လည်း သိုင်းရွိုက်ထဲမှာရှိတဲ့  Lumps ငယ်လေးတွေ ကြီးလာရာကနေ  Toxic Adenomas ကြောင့် ဟော်မုန်းထွက်တာ များလာတတ်သလို ရုတ်တရက် သိုင်းရွိုက်အကျိတ် ယောင်သွားတာကြောင့်လည်း ဟော်မုန်းတွေ များသွားတတ်ပါတယ်။ သူဟာ ရက်သတ္တပတ်ပေါင်း များစွာကနေ လပေါင်းများစွာအထိ ကြာမြင့်တတ်ပါတယ်။ တချို့သူတွေမှာလည်း Pituitary gland ကောင်းကောင်း အလုပ်မလုပ်နိုင်တာ၊ ကင်ဆာဆဲလ်တွေ ကြီးထွားမှုတွေကြောင့်ပဲ ဟော်မုန်း ထုတ်လုပ်မှု များသွားတတ်ပါတယ်။

သိုင်းရွက်ဟော်မုန်း များနေတဲ့သူတွေဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ အရိုးကျွတ်ဆတ်တာတွေ ခံစားရတတ်ပါတယ်။ အသက်ရှုမဝခြင်း၊ ပူနေခြင်း၊ ရင်တုန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝမ်းလျှောလွယ်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ မျက်လုံးစွေလာခြင်း၊ အသားများပူပြီး စိုစွတ်နေခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။ တချို့သူတွေမှာလည်း ကြွက်သားများ အားပျော့လာခြင်း၊ တုန်နေခြင်း၊ ဝမ်းသွားခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးပေါ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။

လူအများစုမှာ အဖြစ်များတာကတော့ သိုင်းရွိုက်ဟော်မုန်းတွေ နည်းနေရတာပါပဲ။ အဲ့ဒီလို နည်းရတဲ့ အဓိက အကြောင်းအရာတွေထဲမှာ Hashimoto’s disease ရောဂါလည်း ပါဝင်ပါတယ်။ သူဟာ ကိုယ်ခံစွမ်းအား ပြောင်းလဲချို့ယွင်းသွားတဲ့ အခြေအနေဖြစ်ပြီးတော့ သိုင်းရွိုက်ကို တိုက်ခိုက်စေပါတယ်။ တစ်သျှူးတွေ သေဆုံးသွားပြီး သိုင်းရွိုက်ပျက်စီးသွားရာကနေ ဟော်မုန်းထုတ်လုပ်မှုတွေ ရပ်တန့်သွားတတ်ပါတယ်။ ကျန်းမာရေးအခြေအနေ တခုခုကြောင့် သိုင်းရွိုက်အကျိတ်ကို ခွဲစိတ်လိုက်ရတာ၊ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့ရတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဟော်မုန်း နည်းသွားတတ်သလို   Lithium တွေ၊ အအေးမိ သက်သာစေတဲ့ဆေး၊ နှလုံးရောဂါအတွက် သုံးတဲ့ဆေးတွေမှာ ပါဝင်တဲ့ အိုင်အိုဒိုက်တွေကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းတွေ နည်းသွားတတ်ပါတယ်။

Pituitary Gland ကနေ Thyroid Stimulating ဟော်မုန်းတွေ မထုတ်လုပ်ပေးတဲ့ အခါမှာ ဟော်မုန်းတွေ နည်းသွားတတ်ပါတယ်။ မကုသဘဲ ထားလိုက်တဲ့အခါမှာ နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာပါတယ်။ အရေပြားခြောက်ခြင်း၊ ခြေသည်းလက်သည်းတွေ ကျွတ်ဆတ်လာခြင်း၊ လက်တွေ ထုံကျင်လာခြင်း၊ ဝမ်းချုပ်ခြင်း၊ ရာသီ မမှန်ခြင်းတို့ကို ဖြစ်တတ်ပါတယ်။ စဉ်းစားတွေးခေါ်နိုင်မှုနဲ့ ပြဿနာကို အာရုံစိုက်နိုင်စွမ်း လျော့ကျလာခြင်း၊ အဆီဓာတ်မြင့်တက်လာခြင်း၊ အရေပြားများ ခြောက်သွေ့လာခြင်း၊ ရာသီမမှန်ခြင်း၊ အစားအစားတို့ကို ချဉ်ခြင်းတပ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မောပန်း လွယ်ခြင်း၊ ခြေလက်များ အေးစက်နေခြင်း၊ နေရောင်မခံနိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ဆံပင်ပါးလာခြင်း၊ ညဘက် ဆီးသွားလွယ်ခြင်း၊ သွေးခြည်ဥလွယ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။

 *** အမျိုးသမီးများနှင့် သိုင်းရွိုက်ရောဂါ ***


အမျိုးသားတွေနဲ့ ယှဉ်ကြည့်ရင်တော့ အမျိုးသမီးတွေဟာ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ပြဿနာကို အများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဟော်မုန်း လျော့နည်းလာတာနဲ့ ကိုယ်အလေးချိန်တိုးခြင်း၊
လေးလံ နှေးကွေးခြင်း၊ မောပန်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားလာရပါတယ်။ သွေးဆင်းတာလည်း မမှန်တော့သလို အရေပြားတွေ လက်သည်းတွေလည်း ခြောက်သွေ့လာတတ်ပါတယ်။ အဲ့ဒီ ပြဿနာတွေဟာ အမျိုးသမီးတွေကို ရာနှုန်းပြည့် သက်ရောက်နိုင်ပေမယ့် အမျိုးသားတွေမှာတော့ ၃ဝ ရာခိုင်နှုန်းလောက်ပဲ သက်ရောက်မှုရှိပါတယ်။

ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေက အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်လာမယ့် သိုင်းရွိုက်ပြဿနာကို ပိုပြီးတော့ သတိထားရပါတယ်။ သိုင်းရွိုက်ဟာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ ဟော်မုန်းဖြစ်ပြီး သူ့ကို ထုတ်လုပ်ပေးတဲ့နေရာမှာ အိုင်အိုဒင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီတော့ အိုင်အိုဒင်းချို့တဲ့လို့ သိုင်းရွိုက်တွေ နည်းသွားတဲ့အခါ ကလေးတွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ နှေးကွေးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်များ အနေနဲ့ တစ်နေ့ကို အိုင်အိုဒင်း ၁၅ဝ မက်ခရိုဂရမ်လောက် ပါဝင်တဲ့ ကိုယ်ဝန်ဆောင်
ဖြည့်စွက်အားဆေးတွေကို စားသုံးသင့်ပါတယ်။

အမျိုးသမီး ၁ဝ ယောက်မှာ ၁ ယောက်လောက်ကတော့ မီးဖွားပြီးလို့ လအတော်တော်ကြာတဲ့အထိ သိုင်းရွိုက်ရောင်ရမ်းတာကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ သိုင်းရွိုက်ဟော်မုန်းတွေကလည်း အပြင်ကို ထွက်လာတာကြောင့် ဟော်မုန်းပမာဏလည်း မြင့်တက်သွားပါတယ်။ တကယ်တော့ အမျိုးသမီးတွေမှာ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာရဲ့ လက္ခဏာတွေဟာ ရောထွေးနေပါသေးတယ်။ တချို့ အမျိုးသမီးတွေမှာ ပိန်လာတာတွေ အဖြစ်များလာပြီး၊ တချို့အမျိုးသမီးတွေကျတော့လည်း စိတ်ပူပန်မှုတွေ မြင့်တတ်လာတတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သိုင်းရွိုက် ဟော်မုန်းနည်းတာ၊ များတာတွေဟာ ရက်သတ္တပတ်များစွာ ကြာမြင့်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်းက ဒီပြဿနာကို ကြုံတွေ့ရတာမျိုး မဟုတ်ပေမယ့် ၅ ရာခိုင်နှုန်းလောက်ကတော့ အမြဲတမ်း သိုင်းရွိုက်ဟော်မုန်း နည်းတဲ့သူတွေ ဖြစ်သွားတတ်ပါတယ်။ ကိုယ်ဝန် မကြာခဏဆောင်တတ်တဲ့ အမျိုးသမီးတွေမှာတော့ ထပ်ခါထပ်ခါ ပြန်ဖြစ်တတ်ပြီးတော့ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ရောဂါ တစ်ခုခု ရှိနေတဲ့သူဆိုရင်တော့ ပိုပြီးတော့ ဖြစ်နိုင်ချေ များပါတယ်။

သိုင်းရွိုက်ဟော်မုန်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီသွေးပေါ်မှုကို ဘယ်လို သက်ရောက်တယ်ဆိုတာကို တိတိကျကျ ပြောလို့မရပေမယ့် သိုင်းရွိုက်နဲ့ ပတ်သက်ပြီးတော့ ရောဂါရှိတဲ့ အမျိုးသမီးတွေကတော့ သွေးပေါ်တာ မမှန်တတ်ပါဘူး။ သွေးမပေါ်ခြင်း၊ သွေးနည်းခြင်း၊ ရာသီလာစဉ်ကိုက်ခဲနာကျင်ခြင်း၊ သွေးအလွန်အကျွံ ဆင်းခြင်း၊ သွေးပေါ်တဲ့ကာလ တိုသွားခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။  ၁ဝ နှစ်မပြည့်ခင်တည်းက သွေးပေါ်တတ်တဲ့ အမျိုးသမီးငယ်တွေဟာ သိုင်းရွိုက်ဟော်မုန်းများတာကို ခံစားရတတ်ပါတယ်။ အသက် ၁၅ နှစ် ပြည့်ပြီးမှ ရာသီသွေး စပေါ်တတ်တဲ့ အမျိုးသမီးတွေမှာတော့ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့မှုကို ခံစားရတတ်ပါတယ်။

သိုင်းရွိုက်နည်းနေတဲ့အမျိုးသမီးတွေမှာ သွေးပေါ်တဲ့ကာလ ကြာရှည်တယ်ဆိုတာကလည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ သွေးပေါ်တဲ့ရက်ဟာ ပိုများလာတာ၊ နည်းသွားတာ၊ ၂၈ ရက် တစ်ကြိမ်အစား မကြာခဏ သွေးပေါ်တာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများနေတဲ့ အမျိုးသမီးတွေမှာတော့ သွေးပေါ်တဲ့ကာလဟာ တိုတောင်းသလို သွေးပေါ်တဲ့အကြိမ်ရေလည်း နည်းသွားပါတယ်။ တချို့အမျိုးသမီးတွေမှာဆိုရင် သွေးပေါ်တာ ရပ်တောင်မှ ရပ်သွားတတ်ပါတယ်။ အကောင်းဆုံးကတော့ အမျိုးသမီးတွေမှာ ၂၁ ရက် ထက်ပိုစောပြီး သွေးပေါ်ခြင်း၊ ၃ လခန့် သွေးမဆင်းခြင်း၊ သွေးဆင်းစဉ် အလွန်နာကျင်ကိုက်ခဲခြင်း၊ ၃ ရက်ထက်ပိုပြီး သွေးဆင်းခြင်း၊
သွေးဆင်းချိန် ၁ ပတ်ထက် ပိုကြာခြင်း၊ အသက် ၁ဝ နှစ်မပြည့်ခင် သွေးပေါ်ခြင်း၊ အသက် ၁၆ နှစ်  ကျော်တဲ့အထိ သွေးမပေါ်ခြင်းတို့ ရှိလာရင်တော့ ဆရာဝန်နဲ့ ပိုပြီးတော့ တွေ့ဆုံသင့်ပါတယ်။

သိုင်းရွိုက်ကြောင့်ဖြစ်တတ်တဲ့ ရာသီမှန်မှန်မလာတာ၊ စိတ်နေစိတ်ထား ပြောင်းလဲတာတွေဟာ တခါတလေကျတော့ သွေးဆုံးတဲ့ လက္ခဏာတွေနဲ့ မှားယွင်းတတ်ပါတယ်။ တကယ်လို့ သိုင်းရွိုက်နဲ့ ပတ်သက်တယ်လို့ သံသယ ရှိနေတယ်ဆိုရင် သွေးထဲမှာရှိတဲ့ သိုင်းရွိုက်ဟော်မုန်း ပမာဏကို စစ်ကြည့်သင့်ပါတယ်။  အကောင်းဆုံးကတော့ အသက် ၃၅ နှစ် ပြည့်ပြီးတဲ့အချိန်ကစပြီးတော့ ၅ နှစ်မှာ
၁ ခါလောက် သိုင်းရွိုက်ကို စစ်ကြည့်သင့်တယ်လို့ လမ်းညွှန်ထားပါတယ်။ ရောဂါလက္ခဏာ ရှိတဲ့သူ၊ ရှိတယ်လို့ သံသယထင်နေတဲ့သူတွေအနေနဲ့ မကြာခဏ စစ်ကြည့်ဖို့ သင့်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ ပြဿနာဟာ အသက် ၆ဝ အထက် အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။

*** ဘယ်လိုကုသကြမလဲ ***

လူတစ်ယောက်ဟာ သိုင်းရွိုက်နဲ့ ပတ်သက်ပြီးတော့ သံသယရှိနေတယ်ဆိုရင်လည်း သွေးစစ်ပြီးတော့ အဖြေကို တိတိကျကျ ရှာလို့ရပါတယ်။ သိုင်းရွိုက်အကျိတ်ရဲ့ အလုပ်လုပ်ဆောင်မှုကို ထိန်းညှိပေးတဲ့ thyroid stimulating hormone (TSH)  ဟော်မုန်း တိုင်းတာခြင်းအားဖြင့် အခြေအနေတွေကို ခန့်မှန်းလို့ရပါတယ်။   TSH တွေ များနေတာဟာ သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုတွေ လျော့နည်းနေတာ
ဖြစ်ပြီးတော့၊ TSH  နည်းနေရင်တော့ သိုင်းရွိုက်ရဲ့လုပ်ဆောင်မှုတွေ လွန်ကဲနေတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒါတွေအပြင် ဆရာဝန်ဟာ ဓါတ်မှန်္ဂရိုက်တာ၊ အသားစနမူနာယူပြီးတော့လည်း သိုင်းရွိုက်အကျိတ်ရဲ့ အခြေအနေတွေကို စစ်ကြည့်လို့ရပါတယ်။

တကယ်လို့ သိုင်းရွိုက်ဟော်မုန်းတွေ နည်းနေတာမျိုးဆိုရင်တော့ လိုအပ်တဲ့ သိုင်းရွိုက်ပမာဏကိုရောက်အောင် ဆရာဝန်က ကူညီပေးပါလိမ့်မယ်။ သိုင်းရွိုက်ဆေးတွေ သောက်တာဟာ ၂ ပတ်လောက်အတွင်းမှာပဲ သိသိသာသာ တိုးတက်မှု ရှိလာပါတယ်။ ကြာရှည်စွဲသုံးတယ်ဆိုရင်တော့ စွမ်းအင် ပိုပြီးတော့လိုအပ်တာ၊ သွေးထဲက အဆီတွေ လျော့နည်းလာတာ၊ တဖြည်းဖြည်းချင်း ပိန်လာတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့သူတွေဟာ ကျန်နေတဲ့ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ ဖြည့်စွက်ပေးဖို့ လိုအပ်နေတတ်ပါတယ်။

တကယ်လို့ သိုင်းရွိုက်ဟော်မုန်းတွေ များနေတာဆိုရင်တော့ antithyroid medication ကို ပြုလုပ်ရမှာ ဖြစ်ပြီးတော့ သူတို့က သိုင်းရွိုက်တွေနည်းအောင် ကူညီပေးကြပါလိမ့်မယ်။ ဒီအခြေအနေဟာ ဆေးတွေသုံးပြီးတော့ မကြာခင်မှာ သက်သာသွားတတ်ပေမယ့် အချိန်အတော်ကြာတဲ့အထိ ဆေးတွေကို ဆက်သုံးနေရပါတယ်။ တပြိုင်နက်တည်းမှာပဲ သွေးခုန်နှုန်းမြန်တာ၊ တုန်တာလိုမျိုး လက္ခဏာတွေ သက်သာဖို့ တခြားဆေးတွေကိုလည်း သုံးစွဲရပါတယ်။ Radioactive Iodine ကတော့ ၆ ပတ်ကနေ ၈ ပတ်အတွင်းမှာပဲ  သိုင်းရွိုက်အကျိတ်ကို သက်ရောက်မှုပေးပါတယ်။ သိုင်းရွိုက်အကျိတ်ပျက်စီးသွားတာ၊ ဖယ်ထုတ်လိုက်ပြီးတာနဲ့တပြိုင်နက် လူနာအများစုဟာ သိုင်းရွိုက်ဆေးကို သောက်ဆေးအနေနဲ့ သုံးစွဲရမှာလည်း ဖြစ်ပါတယ်။

သိုင်းရွိုက်အကျိတ်ကို ခွဲထုတ်ပစ်တာဟာ သိုင်းရွက်များနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် ဆေးတွေ အလုပ်မလုပ်တဲ့အခါ၊ လည်ပင်းတအားကြီးနေတဲ့အခါမှသာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။ အဲ့ဒီလို ခွဲစိတ်မှု လုပ်ပြီးသွားရင်တော့ သိုင်းရွိုက်ဟော်မုန်း လျော့နည်းမှုကနေ ကာကွယ်ဖို့အတွက် နေ့တိုင်း သိုင်းရွိုက်ဆေးတွေကို ပြန်သောက်ဖို့လည်း လိုနေတတ်ပါသေးတယ်။

*** ဘယ်သူတွေမှာ သိုင်းရွိုက်ပြဿနာ ဖြစ်နိုင်သလဲ ***


အစားအစာထဲမှာပါဝင်တဲ့ အိုင်အိုဒင်း ပမာဏပေါ်မူတည်ပြီးတော့ သိုင်းရွိုက်နဲ့ ပတ်သက်တဲ့ ပြဿနာ အမျိုးအစားတွေ၊ ရောဂါဖြစ်တဲ့ အကြိမ်အရေအတွက်တွေဟာ ကွာခြားမှုရှိနေပါတယ်။
ဆေးလိပ်သောက်တာကလည်း သိုင်းရွိက်နဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို တိုးစေပါတယ်။ စားသောက်လိုက်တဲ့ ဆားမှာ အိုင်အိုဒင်းပါဝင်မှု နည်းနေတာကြောင့် ဖြစ်နိုင်သလို နွားနို့၊ ပေါင်မုန်လိုမျိုး အစားအသောက်တွေမှာတော့ အိုင်အိုဒင်း ပါဝင်မှုက နည်းနေပါတယ်။

သိုင်းရွိုက်နဲ့ပတ်သက်ပြီးတော့ ရောဂါခံစားရသူတွေထဲက တချို့ကတော့ မျိုးရိုးနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ တခါတလေကျတော့ အစားအသောက်တွေ၊ ပြင်ပ အကြောင်းအရာတွေကလည်း သက်ရာက်မှုပေးပါတယ်။ Chronic fatigue syndrome, glandular fever & Fibromyalgia တို့လိုမျိုး ရောဂါအခြေအနေတွေကြောင့်လည်း သိုင်းရွိုက်ရောဂါတွေ ခံစားရတတ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူ၊ သားဥအိမ်နဲ့ပတ်သက်တဲ့ ရောဂါရှိတဲ့သူ၊ Hashimoto’s disease  ရောဂါရှိတဲ့သူတွေ၊   Graves disease  တွေ၊ အိုင်အိုဒင်းချို့တဲ့မှုတွေနဲ့ ဆက်စပ်နေပါတယ်။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ရဲ့သားနဲ့ နေ့ခင်းပိုင်းတွေမှာ နုံးနေတာ၊ အစားအသောက်ကို ပုံစံတကျ စားသောက်တာတောင်မှ ကိုယ်အလေးချိန် လျော့ချလို့မရဖြစ်နေတာ၊ အရေပြားတွေ ပူနေတာ၊ တခုခုကို အလွယ်တကူ မေ့သွားတာမျိုးတွေရှိလာရင် သိုင်းရွိုက်ကို ပြန်စစ်ကြည့်ဖို့လိုပါပြီ။

ခန္ဓာကိုယ်ထဲမှာ သတိမထားမိလောက်တဲ့ သေးငယ်တဲ့အစိတ်အပိုင်းတခုဟာ ကျွန်မတို့ကို လွှမ်းမိုးနေတာက ထူးဆန်းပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ထိန်းညှိပေးတဲ့ အဲ့ဒီ သိုင်းရွိုက်ဟာ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ပိုပြီးတော့ သတိထားစရာပါပဲ။ အရင်ကထက်ပိုပြီးတော့ အေးလွယ်သလား၊ မကြာခဏ မေ့တတ်လာသလား၊ အချိန်တော်တော်များများမှာ စိတ်တိုလွယ်လာသလား၊ စိုးရိမ်ပူပန်မှုများနေသလား၊ အချိန်အတော်ကြာ ကြွက်သားနဲ့ အဆစ်တွေ ကိုက်ခဲတာ၊ ကြွက်သားနာကျင်တာတွေ ဖြစ်သလားဆိုတာကို ကျွန်မတို့တွေ သတိထားလိုက်မယ်ဆိုရင် ပြောင်းလဲနေတဲ့ သိုင်းရွိုက်ကို ခြေရာခံမိမှာပါ။ အဲ့ဒီ ပြောင်းလဲမှုပေါ်မှာ မှန်မှန်ကန်ကန် ကုသပေးနိုင်မယ်ဆိုရင် ကျွန်မတို့ကို ခြိမ်းခြောက်နိုင်မယ့် အန္တရာယ်ကို ကောင်းစွာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)
Arogym Magazine
June, 2013

1 comment:

  1. မီးယပ်ဆရာဝန်နဲ့ပြသသင့်လား
    လည်ပင်းကြီးရောဂါဆရာဝန်နဲ့ပြသသင့်သလားရှင့်

    ReplyDelete