မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, November 26, 2014

ခြေတစ်လှမ်း၊ ကုဋေတစ်သန်း...

ကိုယ်လက်လှုပ်ရှားမှုပြုရသည့် လေ့ကျင့်ခန်းများထဲတွင် ကျွန်မက ဘယ်အရာကို သဘောအကျဆုံးလဲလို့ စဉ်းစားကြည့်တော့ လမ်းလျှောက်ခြင်းက ခေါင်းထဲမှာပေါ်လာသည်။ လမ်းလျှောက်ခြင်းကို စဉ်းစားမိသည့် အချက်တွေက များစွာရှိသည်။ ကျွန်မတို့နှင့် အနီးစပ်ဆုံး ကိုယ်လက်လှုပ်ရှားမှု ဖြစ်သကဲ့သို့ ကျွန်မတို့ကို အကျိုးကျေးဇူး များစွာပေးနိုင်သည့် နည်းလမ်းလည်း ဖြစ်သေးသည်။ လေ့ကျင့်ခန်း လုပ်ရန်ဆိုလျှင်


ကျွန်မတို့က ပြင်ဆင်စရာရှိတာတွေ လိုသေးသည်ဟု အကြောင်းပြပြီး အချိန်ဆွဲ တတ်ကြသည်။ သို့သော် လမ်းလျှောက်ခြင်းကိုတော့ ချက်ခြင်းထပြီး ဆောင်ရွက်နိုင်သည်။ လမ်းလျှောက်ရန်အတွက် ကိရိယာ တန်ဆာပလာ အထွေအထူးမလိုအပ်။ အားကစားခန်းမကို တကူးတကန့် သွားရန်လည်း မလိုအပ်သလို လှုပ်ရှားမှုပြုလုပ်ရင်းနှင့် ရလာနိုင်သည့် ထိခိုက်မှုကလည်း အတော့်ကိုနည်းလှသေးသည်မဟုတ်လား။

လမ်းလျှောက်ခြင်းကို စနစ်တကျ သုတေသနပြု လေ့လာသူများ၏ ရှာဖွေတွေ့ရှိချက်များကလည်း ကျွန်မတို့ လမ်းလျှောက်ချင်စိတ် ဖြစ်ပေါ်လာစေရန် ယုတ္တိကျကျ စွဲဆောင်နိုင်စွမ်းရှိလှသည်။  ကျွန်မကတော့ လမ်းလျှောက်ခြင်းသည် နှလုံးကို အထောက်အကူပြုစေသည် ဆိုသောအချက်ကို ပိုပြီး နှစ်ခြိုက်မိသည်။ ကျွန်မတို့စားလေ့စားထရှိသည့် အမြန်စာများ၊ အကြော်အလှော်မျိုးစုံအပါအဝင် ကျွန်မတို့ သတိမထားမိသေးသည့် အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောသည် ကျဉ်းသွား ပိတ်သွားနိုင်သည်။ ဝိုင်သောက်ခြင်း၊ အရက် အချိုးအစားနည်းနည်းသာပါသည့် အဖျော်ယမကာများကို သုံးစွဲခြင်းသည် နှလုံးကို အထောက်အကူပြုသည်ဆိုသည်ထက် ကျွန်မကတော့ လမ်းလျှောက်ခြင်းကြောင့် နှလုံးကိုကာကွယ်နိုင်သည်ဆိုသော အချက်ကို ပိုပြီး သဘောကျသည်။ အရက်ဆိုသည်က ဘယ်လောက်ပဲ ကောင်းသည် ပြောပြော ကျွန်မတို့ မမြင်သာသေးသည့်၊ နှီးနွယ်ပြီး ပါလာသည့် ဘေးထွက်ဆိုးကျိုးများ ရှိသေးသည်မဟုတ်လား။

လမ်းလျှောက်ခြင်းကတော့ ထိုသို့မဟုတ်။ လမ်းလျှောက်ပါများလေလေ ခန္ဓာကိုယ်ရှိ အကျိုးပြုသည့် အဆီများ များလာလေ ဖြစ်ပြီး အန္တရာယ်ဖြစ်စေသည့် အဆီများက လျော့ကျသွားသည်။ နှလုံးသွေးကြောများ ကျဉ်းခြင်း၊ ပိတ်ခြင်း၊ နှလုံးသို့ သွေးကောင်းကောင်း မစီးနိုင်သည့် ပြဿနာများလည်း လျော့နည်းသွားသကဲ့သို့ သွေးဖိအားကို ထိန်းထားနိုင်သည်။ လမ်းလျှောက်ပေးသည့်အတွက် နှလုံးကြွက်သားများ ကောင်းစွာအလုပ်လုပ်လာနိုင်သကဲ့သို့
လေဖြန်းခြင်း၊ လေဖြတ်ခြင်းတို့ကဲ့သို့ ရောဂါများပါ လျော့နည်းသွားနိုင်သေးသည်။

လေဖြတ်ခြင်းနှင့် ပတ်သက်ပြီး လေ့လာမှု ပြုလုပ်သည့် အဖွဲ့အစည်း တစ်ခုကဆိုလျှင် ”တနေ့ကို မိနစ် ၃ဝ နီးပါးလောက် လမ်းလျှောက်တတ်တဲ့ သူတွေဟာ လေဖြတ်ခြင်းကိုဖြစ်စေတဲ့ သွေးတိုးတဲ့ ပြဿနာကို ၂၇% လောက်အထိ ထိန်းချုပ်နိုင်တယ်၊ ကာကွယ်နိုင်တယ်” လို့တောင် အဆိုပြုထားကြပါသေးပါသည်။

တကယ်တော့ လမ်းလျှောက်ခြင်းသည် နှလုံးရောဂါတစ်ခုတည်းအတွက်တင် ကောင်းသည် မဟုတ်ဘဲ တခြားရောဂါများကိုလည်း ကာကွယ်နိုင်သေးသည်။ ကျွန်မတို့ လမ်းလျှောက်သောကြောင့် ကြွက်သားများက လှုပ်ရှားမှုများ ရှိလာသည့်အခါတွင် ဆဲလ်များက အင်ဆူလင်များကို လွယ်လင့်တကူပင် တုံ့ပြန်မှု ပေးပြီး ဆဲလ်များ အတွင်းသို့ သကြားဓါတ်များကို ဝင်ရောက်သွားစေသည်။ သွေးတွင်း
သကြားဓါတ်ကို ထိန်းညှိပေးနိုင်သောကြောင့် အသက်ကြီး လာချိန်တွင် ကြုံတွေ့ရတတ်သည့် ဆီးချိုရောဂါရဲ့ အန္တရာယ်ကလည်း လျော့နည်းသွားသေးသည်။ ပုံမှန်လေး လမ်းလျှောက်ပေးသည့်အခါတွင် ဆီးချိုရောဂါသမားများ ကြုံတွေ့ရတတ်သည့် ခြေဖျား လက်ဖျား ထုံခြင်း၊ ကျဉ်ခြင်းတို့ပါ ကာကွယ်ပြီးသား ဖြစ်သွားသည်။ ထိုကဲ့သို့ပင် လမ်းလျှောက်ခြင်းကြောင့် အသက်ရှုလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားများ ကောင်းကောင်း အလုပ်လုပ်လာနိုင်ပြီး အသက်ရှုကြပ်သည့်
ပြဿနာတို့ ကျော်လွှားသွားနိုင်သည်။ ထို့ထက်မက အူကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့ကို ကာကွယ်ပေးနိုင်သေးသည်။

အသက်ကြီးသူများအဖို့တော့ လမ်းလျှောက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးတက် ကောင်းမွန် စေရန် ကောင်းစွာ ကူညီပေးနိုင်ပါသည်။ ဦးနှောက်ရှိ ဆဲလ်များ ပျက်စီးမှုကြောင့် အသက် ၆၅ နှစ်ပြည့်ပြီးသူ ၁၄ ယောက်တွင် တစ်ယောက်လောက်က စိတ်ပျံ့လွင့်မှု ပြဿနာကို ကြုံတွေ့ရတတ်ပြီး အသက် ၈ဝ ပြည့်ပြီးသွားရင်တော့ အဘိုး၊ အဘွား ၈ ယောက်မှာ တစ်ယောက်ကတော့ ကြုံတွေ့နေရပါသည်။ သည်အရွယ်မှာ လှုပ်လှုပ်ရှားရှား တက်တက် ကြွကြွ ရှိနေလိုက်ပါက  ဦးနှောက်၏လုပ်ဆောင်မှုများက ပိုပြီး ကောင်းမွန်လာပါသည်။ အဘိုးအဘွားတွေ အနေနဲ့ ပုံမှန် လမ်းလျှောက်ပေးရင်တော့ စိတ်ပျံလွင့်မှု ပြဿနာများကို ၄ဝ %လောက်အထိ လျော့ချပေးလို့ ရသွားပါသည်။ တစ်ပတ်တာလုံးမှာ ၆မိုင် နီးပါးလောက် လမ်းလျှောက်ပေးရင်ပဲ ဦးနှောက်ဆဲလ်တွေ ကြုံသွားသည့် ပြဿနာကို ကာကွယ်ပေးပြီး မှတ်ဥာဏ်တွေကို ပြန်လည် ရရှိစေနိုင်ပါသည်။

တချို့ကမူ ကိုယ်အလေးချိန် ထိန်းရန် ရည်ရွယ်ချက်နှင့် လမ်းလျှောက်ကြသည်။ ကျွန်မတို့ စားသောက်နေသည့် အစာအစားများထဲမှ ပိုလျှံလာသည့် ကယ်လိုရီတို့ လောင်ကျွမ်းသွားစေရန် အတွက် အသင့်တော်ဆုံးနည်းလမ်းသည် လမ်းလျှောက်ခြင်းဖြစ်သည်။

ကိုယ်အလေးချိန် ပေါင် ၁၃ဝ ခန့်ရှိသူတစ်ယောက်သည် တနေ့ကို မိနစ် ၃ဝ ခန့် လမ်းလျှောက်ပေးပါက ၇၅ ကယ်လိုရီလောက် လောင်ကျွမ်းသွားနိုင်သောကြောင့် ဘေးကင်းကင်းနှင့် ကိုယ်အလေးချိန် ကျနိုင်သည့် နည်းလမ်းလေးဖြစ်နေ ပါသေးသည်။ လမ်းလျှောက်ခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် လေ့လာ သုံးသပ်သူများကတော့ ”လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သား ထုထည် ပိုများလာပြီး ဇီဝဖြစ်ပျက်မှု တွေလည်း ပိုပြီးတော့ မြန်လာပါတယ်။  အဲ့သည်လို ဇီဝဖြစ်ပျက် မှုတွေ မြန်လာသည်နှင့်အမျှ ကယ်လိုရီ လောင်ကျွမ်းမှု များကလည်း မြန်လာ တတ်ပါတယ်။ ဒါကြောင့် ခပ်သွက်သွက် နှင့် မြန်မြန်လျှောက်ပါက ၁၅ဝ ကယ်လိုရီလောက်အထိ လောင်ကျွမ်းသွားနိုင်ပါသည်”ဟု ဆိုထားကြပါသေးသည်။

လမ်းလျှောက်ခြင်းကြောင့် ကျွန်မတို့ မိန်းမသားတွေ ပိုပြီး ရလာနိုင်သည့် အကျိုးရလဒ်တွင် အရိုးများ ကြံ့ခိုင်ရေးလည်း ပါဝင်သည်။ လမ်းလျှောက်ခြင်းသည် အရိုးများကို သန်မာအောင်လှုံ့ဆော်ပေးပြီး သိပ်သည်းဆများကို မြင့်မားစေပါသည်။ အရိုးကဲ့သို့ပင်  အဆစ်များကိုလည်း အထောက်အကူ ပြုပေးနိုင်ခြင်းကြောင့် အဆစ်ရောင်ခြင်းတို့ကဲ့သို့ အခြေအနေတွေကို လျော့ပါးစေဖို့အတွက် လမ်းလျှောက်ပေးရပါလိမ့်မည်။ လမ်းလျှောက်ရင် ခြေထောက်နာမည်ဆိုပြီး ကျွန်မတို့က စိုးရိမ်ကောင်း စိုးရိမ်နေတတ်သည်။ အမှန်တော့ လမ်းလျှောက်ခြင်းကြောင့် ကျွန်မတို့၏ ခြေထောက်အစိတ်အပိုင်းများ ပိုမိုပြီး သန်မာလာသည်။ ခြေသလုံးကြွက်သား၊ ဒူးခေါက်ကွေး ကြွက်သားအပါအဝင် ခြေထောက်ရှိ ကြွက်သားများအားလုံး သန်မာစေပြီးတော့ တင်ပါးမှာရှိတဲ့ ကြွက်သားတွေကို ထောက်မ ထားပေးနိုင်ပါသေးသည်။

လမ်းလျှောက်ခြင်းကြောင့် စွမ်းအင်များ ကုန်သွားသည်တော့မဟုတ်။ ကျွန်မတို့ လမ်းလျှောက်သည့်အခါ သွေးလည်ပတ်မှုက ကောင်းလာပြီး ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း၊ တစ်သျှူး တိုင်းကို သွေးထောက်ပံ့မှု ပိုမြင့်မားလာသည်။ ခန္ဓာကိုယ်ရှိ အင်္ဂါတိုင်းကို အလုပ်ကောင်းကောင်း လုပ်စေကာ သွက်သွက်လက်လက် ဖြစ်လာစေသည်။ တုံ့နှေးနှေး ဖြစ်နေသည့် အဆစ်များ၊ အရွတ်များသည်  လမ်းလျှောက်ခြင်းကြောင့် မြန်ဆန် သွက်လက်လာပြီး တောင့်တင်းနေသည့် ကြွက်သားများက ပြေလျော့သွားသည်။ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေသည့် စိတ်က ပျောက်သွားသည်။ သို့အတွက် ကျွန်မတို့သည် တက်ကြွသော နေထိုင်မှုကို အစပြုနိုင်ရန် နေ့လည်နေ့ခင်း ထမင်းစားပြီး ကော်ဖီ သို့မဟုတ် အချိုမုန့်များနှင့် ငြိမ်သက်နေမည့် အစား ခဏတဖြုတ်လောက်တော့ လမ်းလျှောက်ပေးသည့် အကျင့်ကလေးကို မွေးထားရမည်။

ထိုသို့ လမ်းလျှောက်သည်ကိုချည်းပဲ ဦးစားပေးနေရင်းနှင့် ကျွန်မတို့က လက်ကို မေ့သွားတတ်ပါသေးသည်။  လမ်းလျှောက်ခြင်းသည် လက်ရော၊ ခြေထောက်ပါ ညီတူညီမျှ အလုပ်လုပ်ကြရခြင်းမျိုး ဖြစ်သည်။ လမ်းလျှောက်ရင်းနှင့် ရလာသောအရှိန်သည် လက်မောင်းများမှ ခြေရာခံလာခြင်းဖြစ်သည်။ လမ်းလျှောက်ချိန်တွင် ရင်ဘတ်နား မရောက်တရောက် အထိ တံတောင်ဆစ်ကိုကွေးပြီး အရှေ့၊ အနောက် လွှဲပေးသည့်အခါ အရှိန်ရလာတတ်သည်။ ထိုသို့ လက်ကိုလွှဲသည့်အရှိန် မြန်လာသည်နှင့်အမျှ လမ်းလျှောက်သည့်နှုန်းလည်း မြန်လာပါသည်။ ရလဒ်အနေဖြင့် ကျွန်မတို့၏ လက်မောင်း၊ ပုခုံးနှင့် နောက်ကြောတွင်ရှိသည့် ကြွက်သားများသည် ကျစ်လစ်သန်မာလာပါသည်။

လမ်းလျှောက်ခြင်းသည် အနိမ့်ဆုံးအားဖြင့်တော့ ကျွန်မတို့ကို ပျော်ရအောင် လုပ်ဆောင်ပေးနိုင်သည်။ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေသောကြောင့် ထွက်လာသည့် Feel Good Endorphins များသည် စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိုးရိမ်ပူပန်မှုကိုလည်း ကျစေသေးသည်။  လမ်းလျှောက်ခြင်းသည် ဗီတာမင်ဒီ မြင့်မားလာအောင်လည်း သွယ်ဝိုက်သည့်နည်းဖြင့် စွမ်းဆောင်နိုင်သေးသည်။ နေရောင်ခြည်ကလေးရသည့်အချိန်တွင် အပြင်ဘက်သို့ထွက်ပြီး လမ်းလျှောက်လျှင် ကျွန်မတို့ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသည့် ဗီတာမင် ဒီ များလာတတ်ပါသေးသည်။ အရိုးများ သန်စွမ်းရန်မှသည် ကိုယ်ခံစွမ်းအားများ ကောင်းမွန်ပြီး ကျန်းကျန်းမာမာနေနိုင်ရေးအထိ အရေးပါသည့် ဗီတာမင်ဒီများသည် အစားအသောက်များမှ ရနိုင်ရန်ခက်ခဲပြီး နေရောင်ခြည်နှင့် ထိတွေ့မှုရှိမှသာ ကျွန်မတို့ ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်သည်။ သို့အတွက် နေရောင်အောက်တွင် လမ်းလျှောက်ပေးရန်ကိုလည်း ကျွန်မတို့က အားစိုက်ထုတ်ရဦးမည်။

တနေ့လျှင် မိနစ် ၃ဝ ခန့် လမ်းလျှောက်ရင်ပဲ ကျွန်မတို့တတွေ ကျန်းမာရေးအကျိုးကျေးဇူးရနိုင်သည်။ အလုပ်နှင့်လက် မပြတ်ရအောင် လှုပ်ရှားနေရသူများအဖို့ မိနစ် ၃ဝ ပြည့်ဖို့ သိပ်ခက်ခဲနေသည်ဆိုလျှင်လည်း ကိစ္စမရှိ။ တနေ့တည်းမှာ ၁ဝ မိနစ်စီလောက်ကို ၃ ကြိမ် လမ်းလျှောက်လိုက်သည့်အခါ မိနစ် ၃ဝ ဖြစ်သွားသည်။ လှေကားအတက်အဆင်းတွင် ဓါတ်လှေကားကို သုံးမည့်အစား လှေကားဖြင့်ပဲ အတက်အဆင်းလုပ်လို့ရသေးသည်။ ရုံးမှာ ဆိုလျှင်လည်း တခန်းနှင့် တခန်း ဖုန်းကို အသုံးပြုပြီး ဆက်သွယ်မယ့်အစား ကိုယ်တိုင် ကိုယ်ကျသွားပြီးတော့ စကားပြော၍ ရသေးသည်။ ဒါကလည်း လမ်းလျှောက်သည့် နည်းလမ်းတစ်မျိုး ဖြစ်သည်။ အိမ်တွင်လည်း ဖုန်သုတ်ရင်း၊ ချက်ရင်း ပြုတ်ရင်းနှင့်ပင် လမ်းလျှောက်ပြီးသားဖြစ်နေသည်။

လမ်းလျှောက်ခြင်းကို လေ့ကျင့်ခန်းတစ်ခုကဲ့သို့ သဘောထားပြီး လုပ်မည်ဆိုလျှင်တော့ ခြေထောက်ကို အထိအခိုက်နည်းမည့် အားကစား ဖိနပ်တစ်ရံတော့ လိုအပ်ပါမည်။ လမ်းကြာကြာလျှောက်ရန် စဉ်းစားထားပြီးမှတော့ ဖိနပ်ကလေး တစ်ရံကိုပါ ထည့်သွင်းစဉ်းစားရမည်။ ထိုသို့မဟုတ်လျှင် ခြေထောက်နာခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ အသားများ စုတ်သွားခြင်းတို့က မခေါ်ဘဲ ရောက်လာဦးမည်။ သို့အတွက် မိမိခြေထောက်နှင့် အနေတော်ပြီး သက်တောင့်သက်သာရှိမည့် ဖိနပ်ကလေးတော့ လိုပါသည်။

ကျွန်မသာ အသက်ကြီးကြီး အဘွား တစ်ယောက်ဆိုရင်တော့ ကျွန်မတစ်ယောက်တည်း လမ်းလျှောက်မည်မဟုတ်။ အနားမှာ အဖော်ပြုပေးမည့်သူ တစ်ယောက်ယောက်တော့ ရှိစေရဦးမည်။ သို့မှသာ ထိမိခိုက်မိတခုခုဆိုလျှင် ဘေးကနေ ဖေးကူနိုင်ပါမည်။ စကားပြောဖော်ကလေးပါတော့လည်း ဘေးကင်းသကဲ့သို့ အမောလည်းပြေဦးမည်။ ထိုတစ်ယောက်ယောက်သည် သက်တူရွယ်တူ မိတ်ဆွေတွေထဲက တစ်ယောက်ယောက် ဖြစ်ချင်လည်း ဖြစ်လိမ့်မည်။ အိမ်နီးနားချင်း သို့မဟုတ် ကလေးလေး တစ်ယောက်ယောက်လည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ မဟုတ်ရင်လည်း ခွေးကလေးတစ်ကောင်ကောင်ကို အဖော်ပြုပြီး မနက်စောစော၊ ညနေစောင်းတွေမှာ လမ်းလျှောက်နိုင်အောင် ကြိုးစားရမည်။

လမ်းလျှောက်သည့် လေ့ကျင့်ခန်းကို လုပ်တော့မည်ဆိုပေမယ့် သတိထားရမည့် အကြောင်းများ ရှိသေးသည်ဟု ကျွန်မဖတ်ဖူးသည့် စာအုပ်တစ်ချို့ကလည်း ညွှန်းဆိုထားသည်။ ဆိုပါစို့၊ အသက် ၄ဝ ကျော်အရွယ်၊ သို့မဟုတ် ကိုယ် အလေးချိန်များနေသူ၊ ရောဂါအခံတခုခု ရှိနေသည်ဆိုလျှင် ဆရာဝန်နှင့် တွေ့ဆုံ ဆွေးနွေးရမည်။ သည်လိုဆိုလျှင်တော့ မိမိနှင့် သင့်လျော်သည့် အချိန်၊ အနေအထားတို့ကို ရွေးချယ်သွားနိုင်မည်။ အဝတ်အစားဆိုလျှင်လည်း အားကစားသမားများ ဝတ်ဆင်သည့် ဝတ်စုံ မဖြစ်ရင်နေပါ၊ ပွပွချောင်ချောင်နှင့် လှုပ်ရှားရလွယ်ကူမည့် အဝတ်အစားဆိုလျှင် ပိုကောင်းမည်။

နွေရာသီဘက်ဆိုလျှင်တော့ ဦးခေါင်းလုံအောင်ဆောင်းထားဖို့ ဦးထုပ်လေးလိုမည်။ မိုးရာသီ ဆိုလျှင်တော့ မစိုရအောင် မိုးကာက အစသတိထားရတော့မည်။ လမ်းလျှောက်ရင်းနှင့် ထီးကောက်ကလေး တစ်ချောင်းလောက် ဆောင်ထားမည်ဆိုလျှင်တောင် အနည်းဆုံးတော့ လမ်းမှာ ရှောပြီး ချော်လဲမည့်ရန်၊ မိမိကို ရန်မူမည့် ခွေးများရန်ကပင် ကာကွယ်နိုင်ဦးမည်။ ရေဓာတ်ဆုံးရှုံးမှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် လမ်းမလျှောက်ခင်အချိန်၊ လမ်းလျှောက်ပြီးသည့် အချိန်တို့တွင် ရေများများသောက်ပေးရမည်။ ခပ်ဝေးဝေးလျှောက်မည်ဆိုလျှင်တော့ ရေဘူးပါဆောင်ထားရမည်။

လမ်းလျှောက်ခြင်းသည် မိမိနှင့် အဆင်ပြေမည့်နေရာမျိုးတွင် အချိန်မရွေးလုပ်နိုင်သည့် အားကစားလည်း ဖြစ်သေးသည်။ ပြင်းပြင်းထန်ထန် လှုပ်ရှားရသည့် နည်းမဟုတ်သကဲ့သို့ လူကြီးလူငယ်၊ ပိန်သည် ဝသည် မရွေး အဖော်လုပ်ပြီး လမ်းလျှောက်နိုင်တာကြောင့်လည်း ကျွန်မ သဘောကျမိသေးသည်။ ကျောရိုးများကို မတ်ထားပြီး နားရွက်နှင့် ပုခုံးကို တစ်တန်းတည်းကျစေကာ ယုံကြည်မှုရှိရှိ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် ကျွန်မတို့ ခန္ဓာ၏ အခြေခံအကျဆုံး ယူနစ်ဖြစ်သည့် ဆဲလ်များကို ကာကွယ်ပေးနေသည်။

. . . . . . . ဆိုရလျှင်တော့ လမ်းလျှောက်ခြင်းသည် ကျွန်မတို့ရဲ့ နှလုံးအတွက် အဖိုးမဖြတ်နိုင်သော နတ်ဆေးပင်ဖြစ်သည်။

နှင်းနုလွင် (ဆေးဝါး)
အာရောဂျံမဂ္ဂဇင်း
စက်တင်ဘာ၊ ၂၀၁၃

No comments:

Post a Comment