မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Tuesday, August 15, 2017

လျှပ်စစ်မသုံးသည့် အားမစ် (Amish) လူမျိုးများ


အမေရိကန်ပြည်ထောင်စုမှ လျှပ်စစ်မသုံးသည့် အားမစ် (Amish) လူမျိုးများ
-------------------------------------------------------------------------------------

>:< ဆောင်းတွင်းကျောင်းပိတ်ရက်တရက် အခန်းဖော်နှင့်ကျွန်မ အနီးအနားက မြို့လေးတမြို့သို့
အလည်အပတ်သွားရန် ကားဖြင့်ထွက်လာခဲ့သည်။ မနက်၈နာရီသာရှိသေးသဖြင့် မြူများကလည်း ခပ်မှိုင်းမှိုင်း
ကျနေသည်။ တနေရာ ၌ ကျွန်မတို့ကားရှေ့တွင် အနက်ရောင် ရထားလုံးတစီးကိုတွေ့လိုက်ရသည်။
ထိုရထားလုံးကို သန်မာ၊ ဖြူဖွေးနေသည့် မြင်းဖြူကြီးတကောင်က ဆွဲလာသည်။ မြင်းကြီး အရွယ်အစားမှာလည်း
ကျွန်မတသက်နဲ့တကိုယ် တခါမျှမမြင်ဘူးသည့် ခန္ဓာကိုယ်အရွယ်အစားဖြစ်ပြီး ခေါင်းမှအမြီးထိ အနက်ရောင်၊
အညိုရောင်တကွက်မရှိ ဖြူဖွေးနေသည်။ လည်ဆံမွှေးများက ရိတ်ထားခြင်းမရှိ၊ တလွှားလွှားကျနေပြီး အမြီးမှာ
တော့ ကျစ်ဆံမြီးသပ်သပ်ရပ်ရပ်စည်းထားသည်။ မြူများထဲမှ ထွက်လာပြီး ကျွန်မတို့ကားနားသို့ရောက်လာသော
ထိုဧရာမမြင်းဖြူကြီးနှင့် အနက်ရောင်ရထားလုံးကြီးအား မှင်သက်မိနေခိုက်၊ ကျွန်မအခန်းဖော်က အံ့သြတကြီးဖြင့်
ကျွန်မအားလှမ်းအော်တယ်။


ဖူး... လှည်းထဲက လူကိုကြည့်။ သူပြောမှ ကျွန်မ ရထားလုံးမောင်းနေသည့်လူပေါ် အာရုံရောက်သွားသည်။
ရထားလုံးအတွင်း၌ အသက် ၈၀ ခန့်ရှိမည့် လူကြီးတဦး။ တကိုယ်လုံးဖြူဖွေးနေသည့် ဝတ်ရုံကို ဝတ်ထားသည်။
ဆွတ်ဆွတ်ဖြူနေသည့် ဆံပင်ရှည်ကို ဖားလျားချပြီး နောက်၌ သိမ်းထားသည်။ သူ ၏ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး
များကလည်း ဖြူဖွေးနေပြီး ဝမ်းဗိုက်အလည်ထိကျနေသည်။ ထိုထက်စိတ်ဝင်စားစရာကောင်းသည်မှာ သူ၏ ဖြူဖြူ
ဖွေးဖွေး မျက်ခုံးမွှေးများက လည်ပင်းနားထိရှည်းလျားစွာ ကျနေခြင်းဖြစ်သည်။ ထိုပြင် သေးငယ်လှသည့် မျက်မှန်
ကိုလည်း တပ်ထားသေးသည်။ သူအားကြည့်ပြီး ရုတ်တရက် Harry Potter ဇာတ်လမ်းထဲမှ Harry ၏
ကျောင်းအုပ်ဆရာကြီးဖြစ်သူ Dumbledore ကို သတိရမိသည်။ အရပ်အထောင်အမောင်း ရုပ်ရည်ချင်း ချွတ်ဆွတ်
မတူသော်လည်း အသွင်အပြင် ပုံပန်းသဏ္ဌာန်မှာ Dumbledore အတိုင်းပင်ဖြစ်သည်။ ထိုအခိုက် ကျွန်မ အခန်း
ဖော်မှ “ဒါ အားမစ်ကွ!” ဟု ရေရွတ်လိုက်တယ်။ ထိုလူကြီး ကျွန်မတို့ ဘေးမှ ဖြတ်သွားပြီး အတော်ကြာသည်အထိ
ကျွန်မတိုနှစ်ယောက် သူ့အဆွေးအနွေးမပြတ်နိုင်ခဲ့ကြချေ။ ကျွန်မက ဒီလူကြီး Harry Potter ကားကြည့်ဖူးလို့
Dumbledore နဲ့တူအောင် တမင်လိုက်တုပြီးနေတာဖြစ်မယ်လို့ဆိုလိုက်သည်။ ထိုအခါ အခန်းဖော်က မဖြစ်နိုင်
ဘူး၊ အားမစ်ပါဆိုမှ ဟယ်ရီပေါ်တာတောင် ကြည့်ဖူးရဲ့လားမသိ။ သူငယ်ချင်းပြောမှ ကျွန်မ ပြန်သတိရမိသည်။
အားမစ်ဖြစ်သည့်အတွက် ရုပ်ရှင် ဗွီဒယို ကဲသို့ လျှပ်စစ်အခြေခံ ဇိမ်ခံပစ္စည်းများ ကြည့်ရှု ၊သုံးစွဲသည်မှာ
သိပ်တော့ မဖြစ်နိုင်ချေ။ အားမစ်ဆိုသည်က အမေရိကန်ပြည်ထောင်စုရှိ လျှပ်စစ်မီး နှင့် ခေတ်မှီ နည်းပညာ
ပစ္စည်းများ မသုံးသည်နှင့်ပတ်သက်၍ နာမည်ကြီးသည့် လူမျိုးစုတစုဖြစ်သည်။ အားမစ်များသည် ဘာသာရေး
အခြေခံဖြင့် ကွဲနေသော လူမျိုးစုဖြစ်သည်။ သူတို့သည် ခေတ်မှီ အသုံးအဆောင်များဖြင့် ပြည့်နှက်နေသည့်
မြို့ကြီးပြကြီးများကို မနှစ်သက်၊ ကျေးလက်ဆန်သည် အရပ်များတွင်သာ နေထိုင်သည်။ လူဦးရေ နှစ်သိန်း
ငါးသောင်းခန့်ရှိပြီး ပင်ဆယ်ဗေးနီးယား(Pennsylvannia)၊ အင်ဒီယားနား (Indiana)၊ အိုဟိုင်းအိုး (Ohio) နှင့်
ကနေဒါနိုင်ငံ အွန်တရီအို (Ontario) တို့ ၌ အဓိကနေထိုင်ကြပြီး ကျွန်မကျောင်းရှိသည့် ဝူစတာမြို့ (Wooster)
တွင်လည်း အားမစ်အတော်များများ တွေ့လေ့ရှိပါသည်။

အားမစ်များသည် သူတို့၏ ထူးခြားသော ဘဝနေထိုင်မှုပုံစံများကြောင့်ထင်ရှားသည်။ အားမစ်များသည် လယ်ယာ
စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ခြင်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုသည်။ သူတို့၏ နေ့စဉ်ဘဝသည် လယ်ယာ
လုပ်ခြင်း၊ အိမ်သိမ်းဆည်းခြင်း၊ ကလေးထိန်းကျောင်းခြင်းဖြင့်သာ အချိန်ကုန်သည်။ ဘဝအား အရိုးရှင်းဆုံး
နေထိုင်သွားရန်မှာ သူတို့၏ အဖွဲ့အစည်းအတွင်းမှ ခံယူချက်ဖြစ်သည်။ ထိုသို့နေထိုင်ရန်အတွက်လည်း
အမေရိကန်နိုင်ငံကဲသို့ ခေတ်မှီိတိုးတက်သော နိုင်ငံကြီး၌ နေလင့်ကစား ခေတ်မှီပစ္စည်းများသုံးခြင်းကို အတတ်
နိုင်ဆုံး ရှောင်၍ နေထိုင်သည်။ အထူးခြားဆုံးမှာ သူတို့ က လျှပ်စစ်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များကို
 မသုံးခြင်းဖြစ်သည်။ တယ်လီဖုန်း၊ ကား၊ လျှပ်စစ်မီးဖို၊ တီဗွီ၊ ကွန်ပျူတာ၊ အဝတ်လျှော်စက်၊ အခြားလျှပ်စစ်ဖြင့်
ပြုလုပ်သည့် ဇိမ်ခံပစ္စည်းများ ဘာတခုမျှမသုံးချေ။ အံ့သြသွားမည်ထင်သည်။ လျှပ်စစ်မီးတောင်မသုံးတော့ဘူးလား
ဟု မေးစရာရှိသည်။ မှန်သည်။ ညနေစောင်းသည်နှင့် မှောင်သည်ထင်လျှင် ဖယောင်းတိုင်ထွန်းနေသည်။
အမေရိကန်ကဲသို့ ၂၄ နာရီ ထိန်ထိန်ညီးနေသည့် နေရတွင် ဖယောင်းတိုင်ချည်းပဲ တောက်လျှောက်သုံးလာရ
သည်မှာ မလွယ်ချေ။ ညနေ မှောင်ရီပျိုးချိန် ၇နာရီ ၈နာရီဆိုလျှင် အားမစ်တို့ ဖယောင်းတိုင်မီးလေးများ မှုတ်ပြီး
အိပ်ရာဝင်ကြသည်။ မနက် မိုးမလင်းသေးမီပင် လူကြီးများက ထ ၍ လယ်ကွင်းထဲသို့ ဆင်းရန်ပြင်ကြသည်။
သားသမီးအငယ်များရှိသည့် အိမ်ဆိုလျှင် မိခင်ဖြစ်သူက ကလေးငယ်များ ကျောင်းသွားရန် မနက်စာစားရန်ပြင်
သည်။ ထို့နောက် သားသမီးများကကျောင်းသွားလျှင် အိမ်၌ ကျန်ရစ်ကာ တနေကုန် တနေခမ်း တောက်လျှောက်
အလုပ်လုပ်သည်။ ၁၂ နှစ် ၁၃ နှစ်ခန့်ရှိသော သားသမီးကြီးများဆိုလျှင် မိဘနှင့်အတူဝိုင်းလုပ်သည်။
အားမစ်လူမျိုးစုများတွင် အလုပ်သည်သာ ပဓာနဖြစ်သည့်အတွက် ကလေးတယောက် ပြော ၍ ဆို ၍ နားလည်
လာသည်ဆိုသည်နှင့် အိမ်အလုပ်အား ဝိုင်းကူနိုင်ရန် သင်ပေးတော့သည်။ ၄၊ ၅ နှစ်သာရှိသော ကလေးများဆို
သော်လည်း ကြမ်းတိုက်၊ ဖုန်သုတ်အလုပ်လောက် လုပ်ကြသည်။ ဤတော့ ခေတ်သစ်ပစ္စည်းများ၊ ကွန်ပျူတာပင်
မသုံးသည့် သူတို့အသိုင်းအ၀ိုင်းတွင် ဘာအလုပ်တွေရှိလို့ ဒီလောက်အလုပ်များနေကြသလဲဟု မေးချင်မည်။
အားမစ်များတွင် အလုပ်ပျက်သည်ဟူ၍ မရှိ။ အကြောင်းမှာ လျှပ်စစ်ပစ္စည်းများ အသုံးမပြုခြင်းက အားမစ်တို့အား
အလုပ်ပိုစေသည်။ ဥပမာ၊ အဝတ်လျှော်သည် ဆိုလျှင် ကျွန်မတို့သာမန်အိမ်တွင် အဝတ်လျှော်စက်ထဲ
ထည့်လျှော်မည်။ အစားအသောက်ချက်လျှင် လျှပ်စစ်မီးဖိုသုံး ၍ ချက်မည်။ အားမစ်များအတွက်မူ အဝတ်ကို
လက်ဖြင့်လျှော်၊ အစားအသောက်ကို မီးမွှေး ၍ ချက်သည့် အတွက် အချိန်ပိုကုန်သည်။

အားမစ်များ ထိုသို့ လျှပ်စစ်အသုံးအဆောင်များ မသုံးစွဲ ဆိုသည်မှာ အပေါ်ယံ၊ ဟန်ပြမဟုတ်ချေ။ စည်းမျဉ်း
စည်းကမ်းတခုအနေဖြင့် စောင့်ထိန်းခြင်းဖြစ်သည်။ အရေးကြီးကိစ္စပေါ်လာ၍ တယ်လီဖုန်းသုံးရန် ကားသုံးရန်
ရှိလျှင် မိမိ မိတ်ဆွေနီးစပ်ရာအိမ်များသို့ သွားပြီး အကူအညီတောင်းခံလေ့ရှိသည်။ ဤမျှ တင်းကျပ်သည့်
ဘဝနေထိုင်ပုံအား စစကြားခြင်း ဘာကြောင့် သူတို့ ဒီလိုဘ၀မျိုးနဲ့နေထိုင်ဖို့ ရွေးချယ်ကြတာလဲ၊ ဒီလိုနေထိုင်မှု
ပုံစံကိုလည်း သူတို့ဟာသူတို့ မေးခွန်းမထုတ်တော့ဘူးလားဟု မေးခွန်းထုတ်ခဲ့သည်။ စာဖတ်သူလည်း ဤသို့
စဉ်းစားနေမည် ထင်သည်။ အားမစ်တို့ ဤသို့နေထိုင်ခြင်းက သူတို့တဦးတယောက်၏ ကိုယ်ပိုင် ရွေးချယ်မှု
မဟုတ်ပါ။ သူတို့၏ အားမစ်ဆိုသည့် လူ့အဖွဲ့အစည်းတခုမှ ရွေးချယ်ထားသော ပုံစံဖြစ်ပါသည်။ သို့ဖြစ် ၍
အားမစ်တယောက်ဖြစ်လျှင်၊ အားမစ်အဖွဲ့အစည်းတွင်းမှ မွေးဖွားလာလျှင် ထိုနေထိုင်မှုပုံစံအတိုင်း တင်းကျပ်စွာ
နေထိုင်ကြရသည်။ အားမစ်ဆိုသည့်အဖွဲ့အစည်းတွင် စည်းမျဉ်းစည်းကမ်းများဖြင့် ပြည့်၍နေသည်။
အထင်ရှားဆုံအနေဖြင့် လျှပ်စစ်ပစ္စည်း ဘာတခုမျှမသုံးရပါ ဟူသည့်စည်းကမ်း။ ဝတ်စားဆင်ယင်ခြင်း၌ဆိုလျှင်
မိန်းမများသည် ဆံပင်ကိုစည်း၍ အားမစ် ခေါင်းအုပ်ကို ဆောင်းထားရသည်။ ဆံပင်ဖားလျားချထားလျှင်
မကောင်းသည့်မိန်းမဟု သတ်မှတ်သည်။ ဂါဝန်အရှည်ကို လုံခြုံစွာဝတ်ဆင်ကြသည်။ ယောက်ျားများသည်
ကြိုးသိုင်းပါသော ဘောင်းဘီကို ဝတ်ဆင်ရသည်။ ထို့နောက် ခရီးသွားလျှင် ဘက်ဂီ (Buggy) ဟုခေါ်သော
ရထားလုံးနှင့်မြင်းလှည်းကိုသာသုံးရမည်။ သူတို့၏ရထားလုံးသည်လည်း အနက်ရောင်ဖြစ်ရမည်။ အားမစ်များတွင်
အရာရာတိုင်းလိုလိုအတွက် စည်းကမ်းများရှိသည်။ စက်ဘီးဆိုလျှင် ခြေနင်းပြားမပါသည့် ခြေဖြင့် တွန်းသွားရသည့်
စက်ဘီးသာစီးရသည်။ မြင်းသိုင်းကြိုးများသည် အရောင်တမျိုးတည်းသာဖြစ်ရမည်။ ယောကေ်ျားလေးများ
ကြိုးသိုင်းအကျီဝတ်ဆင်လျှင် ကြိုးအား ကြက်ခြေခတ်သိုင်းရမည်၊ သို့မဟုတ် အတည့် သိုင်းရမည် စသည်ဖြင့်
အသေးစိတ် စည်းကမ်းများရှိလေသည်။

ထိုစည်းမျဉ်းများကို အားမစ်အဖွဲ့အစည်းတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းများမှသက်ကြီးဝါကြီး တာဝန်ရှိသူများ
က သတ်မှတ်၊ ပြဌာန်းပေးသည်။ အားမစ်များသည် ဘာသာရေး အလေးအနက်ထားသောသူများဖြစ်ပြီး ဘုရား
ကျောင်းမှ ပြဌာန်းထားသော စည်းမျဉ်းများဆိုလျှင် တသွေးတသံတမိန့်လိုက်နာကြသည်။ ဤသို့ ဘာသာရေး
အစွန်းရောက်ခြင်းနှင့် စည်းမျဉ်းများဖြင့်နေထိုင်ခြင်းကြောင့်လည်း အားမစ်လူမျိုးများဟူ ၍ ဖြစ်ပေါ်လာရခြင်း
ဖြစ်သည်။

အားမစ်၏ သမိုင်းကိုပြန်ကြည့်သော် အားမစ်တို့သည် အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀
ကျော်ခန့်က ရောက်ရှိလာခဲ့သည်။ ကျွန်မဖတ်ဖူးသည့် စားများအဆိုအရ ဆွစ်ဇလန်နိုင်ငံနှင့် ဂျာမန်နိုင်ငံမှ
ဘာသာရေးခေါင်းဆောင်တချို့သည် သူတို့၏ ဘာသာရေးအယူအဆများကြောင့် ပြစ်မှုသင့်၍ ကွတ်မြက်ခံရမည့်
ဘေးမှ လွတ်မြောက်ရန် အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။  သူတို့နှင့်အတူ ဂျာမန်စာဖြင့်
ရေးသားထားသော သမ္မတ ကျမ်းစာ စာအုပ်များလည်း ပါလာသည်။ ကျမ်းစာများမှာ ရှေးဟောင်းဂျာမန်စာဖြင့်
ရေးသားထားသည့်အတွက် အပြည့်အဝနားလည်ခြင်းမရှိကြချေ။ ဤတွင် သူတို့တတ်သလောက်မှတ်သလောက်
ဘာသာရေးအသိနှင့်တွဲဖက်၍ ကိုယ်ပိုင် စည်းမျဉ်းများ ရော၍ချလာသည်။ သူတို့ ထုတ်ထားသော စည်းမျဉ်းများ
အား မည်သူမျှမေးခွန်းထုတ်ခွင့်မရှိ။ ချိုးဖောက်ပါက ဘုရားသခင်၏ပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဟုဆိုလာကြသည်။
ချက်စ်ကျောင်းမှ အာဏာပိုင်သက်ကြီးပိုင်းများက အခြားအားမစ်များအား မင်းတို့အနေဖြင့် သမ္မတကျမ်းစာ
နားမလည်ခြင်းတွက် ဘာမှ ပူရန်မလို၊ ငါတို့ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျှင်
ဘာပြသနာမျှမရှိဟုဆိုကာ အားမစ်လူမျိုးစုအား ထိန်းသိမ်းခဲ့သည်။ နောင်တွင် ပြဌာန်းထားသော ဥပဒေအချို့
အစွန်းရောက်လာသည်၊ မလိုက်နာနိုင်ဟုထင်လာသောအခါ အဖွဲ့အစည်းအတွင်း အက်ကြောင်းများပေါ်လာပြီး
အုပ်စုများကွဲလာသည်။ ထိုအခါ အုပ်စုတစုနှင့်တစု စည်းမျဉ်းများလည်း ကွာလာသည်။ အချို့အုပ်စုက ရထားလုံး
သည် အမည်းဖြစ်ရမည်၊ အချို့ ခဲရောင်ဖြစ်ရမည်။ အချို့က ယောကေ်ျာလေးများဝတ်သည့် ကြိုးသိုင်းသည်
ကြက်ခြေခတ် ဖြစ်ရမည်။ အချို့က အတည့်ဖြစ်ရမည် စသည်ဖြင့် အသေးအဖွဲလေးမှ အစ အနည်းငယ်စီ
ကွာခြားသွားကြသည်။

အားမစ်များ အမေရိကန် ၌ အခြေကျကြာလာသောအခါ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာသည်။
(ယခင်က ဂျာမန်နှင့် ဒက်ခ်ျ ဘာသာစကားကို ပြောသည်။ ယခုအခါ အင်္ဂလိပ်နှင့် ပင်ဆယ်ဗေးနီးယန်း ဒက်ခ်ျ
(Pennsylvanian Ductch) ဘာသာစကားနှစ်ခု ပြောကြသည်)။ အင်္ဂလိပ်စာ ကျွမ်းကျင်လာသည့်အလျောက်
သူတို့ ကိုးကွယ်နေသည့် ခရစ်ယာန်ဘာသာနှင့်ပတ်သတ်သော ကျမ်းစာများအား အင်္ဂလိပ်လိုရေးသားထားသည်
များကို ဖတ်ကြည့်သူများရှိလာသည်။ ဤတွင် သူတို့ မမှိတ်မသုန်လိုက်နာနေသော စည်းမျဉ်းများသည် သခင်
ယေရှုဟောကြားခဲ့သည့် တရားများတွင် မပါသည်ကို စိတ်မကောင်းစွာဖြင့် တွေ့လာရသည်။
ထို့အပြင် ၌ ကျမ်းစာကိုလေ့လာမိသူများသည် ချက်ခ်ျ (Church) ၏ အာဏာပိုင်တို့နှင့် သဘောကွဲလွဲကာ
ပဋိပက္ခဖြစ်လာသည်။ အားမစ်အဖွဲ့အစည်းတွင် ကျမ်းစာအား ကိုယ့်သဘောနှင့်ကိုယ်လေ့လာပြီး အာဏာပိုင်
အဖွဲ့အစည်းအား မေးခွန်းထုတ်ခြင်းသည် တင်းကြပ်စွာတာမြစ်ထားသော စည်းမျဉ်းဖြစ်သည်။
ထိုစည်းကမ်းကို ဖောက်ဖျက်မိသည်ကို တွေ့ရှိပါက သို့မဟုတ် သူတို့ချမှတ်ထားသော ကြီးမားသည့် စည်းကမ်း
တစုံတရာကို ဖောက်ဖျက်မိပါက အားမစ် အဖွဲ့အစည်းတွင်းမှ ကျဉ်ခြင်းခံရလေသည်။ အကျဉ်ခံရခြင်းသည်
အဖွဲ့အစည်းအသိုက်အဝန်းနှင့်နေရသော အားမစ်လူမျိုးများအတွက် အကြီးကျယ်ဆုံးပြစ်ဒဏ်ဖြစ်သည်။
အားမစ်အဖွဲ့အစည်းတွင် အကျဉ်ခံရလျှင် ခံရသူသည် အပတ်စဉ်တက်နေသာ ဘုရာကျောင်းသို့ တက်ရောက်
ဝတ်ပြုခွင့် မရတော့ချေ။ ထို့ထက်ဆိုးသည်က ကိုယ်၏ ဘုရားကျောင်းအတွင်း ရင်းနှီးခဲ့ကြသော မိတ်ဆွေများက
ကိုယ့်အား ရှောင်လာသည်။ အဖွဲ့အစည်းတွင်းပေးသည့် အကူအညီများလည်း ရပ်တန့်သွားသည်။ ယခင်က
တရင်းတနှီး ဖတ်ခေါ်ခံခဲ့ရသည့် စားပွဲများသို့လည်း ဖိတ်ကြားခြင်း မခံခဲ့ရတော့။ မိမိ၏ မိဘများသည်ပင် မိမိ
အိမ်မှ ချက်၍ပို့သည့် အစားသောက်အား မယူရဲ၊ မစားရဲလောက်အောင်ဖြစ်လာသည်။ သို့အတွက် ပြင်ပ ကမ္ဘာ
ခေတ်မှီတိုးတက်လာသလောက် အပြင်လောကနှင့်ရောနှောရန်လည်း သတ္တိမရှိသဖြင့် အားမစ်အဖွဲ့အစည်းသည်
သာ သူတို့၏ တခုတည်းသော အားထားရာဖြစ်နေသည့် အားမစ်လူမျိုးများအတွက် အဆက်အသွယ်ဖြတ်ခံရခြင်း
အား အလွန်အမင်းကြောက်ရွံ့ကြသည်။

ကျမ်းစာ တတ်လာသည့်အလျောက် အားမစ်အဖွဲ့အစည်းတွင်း အချို့သည် သခင်ယေရှုဟောခဲ့သည်နှင့် ဘာမှ
မဆိုင်သော စည်းကမ်းများအား လက်တလုံးကြား ချိုးဖောက်တတ်လာသည်။ အိမ်တွင် ဖုန်းမသုံးရ၊ အိမ်အတွင်း
ဝိုင်ယာကြိုးမဖြတ်ရဟုဆိုသဖြင့် ဖုန်းလိုင်းများအား အပြင်သို့ထုတ်ကာ အိမ်အတွင်းတွင် ကြိုးမဲ့ဖုန်းများ
ခိုးသုံးသည်များလည်းရှိသည်။ ကျွန်မသွားရောက်လေ့လာခဲ့သည် လယ်ယာစိုက်ပျိုးရေးပစ္စည်းရောင်းချသည့်
ဆိုင်တွင် အားမစ်အချို့ လယ်ကွင်းသုံး ထရက်တာများ လာဝယ်ကြသည်များတွေ့သည်။ အရောင်းဆိုင်ပိုင်ရှင်ကြီး
ကပင် အားမစ်တွင် အဆင့်အမျိုးမျိုးဖြင့် အားမစ်များရှိကြောင်း၊ သူတို့သွားရောက်သည့် ဘုရားကျောင်းမှ
ထရက်တာသုံးခွင့်ပြုထားလျှင် သုံးရန် လာဝယ်တတ်ကြကြောင်း ရှင်းပြသည်။

အားမစ်အဖွဲ့အစည်းသည် သူတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်အား ထိန်းသိမ်းကာ အမေရိကန်
ပြည်ထောင်စု၏ တဟုန်ထိုးတိုးတက်မှုကို အန်တု၍ အချိန်အတော်ကြာ နေလာခဲ့သည်။ သို့သော်လည်း
တိုးတက်မြန်လွန်းလှသည့် ကာလနှင့်လျော်ညီသည့် အပြောင်းအလဲများလည်း လုပ်လာခဲ့ကြရသည်။ ဥပမာ
ကားများပေါလာသည့် ခေတ်တွင် ညခင်းခရီးသွားလျှင် သူတို့၏ ရထားလုံးများအား မြင်သာစေရန်၊ အန္တရာယ်
ကင်းစေရန် ရထားလုံးများတွင် ရောင်ပြန်ပြားများ တပ်ဆင်လာကြသည်။ ကိုယ့်ဆန္ဒနှင့်ကိုယ် စည်းမျဉ်းများ
လက်တလုံးကြား ခိုးပြင်လာသည်များလည်း ရှိလာသည်။ ဤသို့ကြည့်လျှင် အားမစ်အဖွဲ့အစည်း၌ ရော့ရဲမှုများ၊
ပျော့ပြောင်းမှုများ ရှိလာသည်ကိုတွေ့ရသည်။ သို့ဖြစ်၍ တချိန်တွင် ခေတ်၏တိုးတက်မှုကြောင့် အားမစ်လူမျိုးများ
ပျောက်ကွယ်သွားမည်လားဟူလည်း တွေးမိသည်။ သို့သော် တဖက်တွင်လည်း ဘာသာရေးအရ မဟုတ်လျှင်ပင်
မိမိတို့လူမျိုးစု ယဉ်ကျေးမှုအတွက် ဤနေထိုင်မှုဘဝပုံစံကို ဆက်လက်ထိန်းသိမ်းမည်ဟု ခံယူထားသူများလည်း
ရှိသည်။ သို့အတွက် ချစ်စရာကောင်းသော အားမစ်လူမျိုးစု၏ အနာဂတ်သည် မည်သို့မည်ပုံဖြစ်မည်ဆိုသည်ကို
အချိန်ကသာ အဖြေပေးပေလိမ့်မည်။

ရေးသားသူ - ဖူးပြည့်စုံ
http://phoopyezone.blogspot.com/2012/07/amish.html
(အမေရိကန်ပြည်ထောင်စုမှ စိတ်ဝင်စားဖွယ်ရာ အားမစ်လူမျိုးများအကြောင်းကို ပထမတစ်ကြိမ်
ဖော်ပြပေးပြီးဖြစ်သော်လည်း ပိုမိုပြည့်စုံသော အချက်အလက် များကြောင့် ထပ်မံဖော်ပြပေးခြင်းဖြစ်ပါသည်။
လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ဟောလိဝုဒ် ဇာတ်ကားတစ်ကားဖြစ်သည့် Kingpin ဇာတ်ကားအစပိုင်းတွင်
အားမစ်လူမျိုးများအကြောင်း ခဏတာမျှ (မိနစ်၂၀ ခန့်) ကြည့်ရှုခံစားနိုင်ပါသည်။)
facebook link -
https://www.facebook.com/permalink.php?story_fbid=1969049290043363&id=100008149329661

No comments:

Post a Comment