မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, August 23, 2017

ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ


ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ 
--------------------------------------------

>:<   ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက်မှာပါ။
ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက်
သမိုင်းရာဇဝင်ပါ။ ဒီကနေ့ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမ ယက်ကန်းယက်တဲ့ အသုံးအဆောင်
ပစ္စည်းတွေ သူမရဲ့ ဆွေစဉ်မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်
အမျိုးသမီး တောသူမတဦးပါ။ နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖာပွန်ဒေသက ဖြစ်ပါတယ်။


ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊ မိန်းမမြတ်တို့ ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ အလှဘုရင်မလေးတဦး
ဖြစ်ပါတယ်။ ထိုင်း (ယိုးဒယား) ဘုရင်ရဲ့ (၅) ဆက်မြောက်ဘုရင်လက်ထက်မှာ… ဘုရင့်အနားမှာ ခစားတဲ့
ပုရောဟိတ်ပုဏ္ဏားတွေရဲ့ တွက်ချက်ဟောကိန်းအရ ထိုင်းနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲအောင်၊ မိန်းမကောင်း
မိန်းမမြတ်တဦးဦးရဲ့ သွေးနဲ့  ယိုးဒယားဘုရင်ပိုင်မြေတွေကို ယာဇ်ပူဇော်ရမယ်။  ၄င်းမိန်းမမြတ်ကို ဘယ်အရပ်
ဒေသက သွားရှာရင်ရနိုင်တယ်ဆိုတာလည်း တွက်ချက် ထားပါတယ်။ ယခင့်ယခင်က ယိုးဒယားဟာ ကိုလိုနီ
နယ်ချဲ့ တွေရဲ့ ကျူးကျော်ရန်စမှု၊ ဗမာမင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ဟာ ကြာရှည်
မခိုင်ဘဲ မကြာခဏဆိုသလို ပျက်စီးလိုက် မြို့ရွာတွေ အသစ် ပြန်လည်တည်ဆောက်လိုက်နဲ့  သံသရာ
လည်နေပါတယ်။

၅ ဆက်မြောက်ထိုင်းဘုရင်ဟာ ၄င်းရဲ့ ပုရောဟိတ်ပုဏ္ဏားတွေရဲ့ ဟောပြောချက်အရ မုယယ်ဖဲကို မရမက
သွားရှာယူဖို့  အမိန့်တော်ထုတ် ညွှန်ကြားလိုက်ပါတယ်။ နောက်ဆုံးတော့ ဘုရင့်မင်းမှုထမ်းတွေ ကလိမ်ကကျစ်
ညစ်ပတ်တဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ဘုရင်ရှေ့မှောက်ထံအရောက် မုယယ်ဖဲကို ခေါ်လာခဲ့ပါတယ်။ မုယယ်ဖဲဟာ
 ဘုရင်ရှေ့မှောက်ထံမရောက်ခင် လမ်းခုလတ်မှာ မင်းမှုထမ်းစစ်သူကြီးတဦးရဲ့ မတရားသားမယားပြုကျင့်ခြင်းကို
ခံခဲ့ရပါသေးတယ်။ မုယယ်ဖဲဟာ မိန်းမကောင်းမိန်းမမြတ်တို့ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပြည့်စုံတဲ့ အလှဘုရင်မလေးတဦး
ဖြစ်တဲ့ အလျှောက်၊ ထိုင်းဘုရင်ဟာ မုယယ်ဖဲကို တွေ့မြင်ရတဲ့အချိန်မှာ ယခင် သူမအား သွားရှာခေါ်ခိုင်းတုန်းက
မိမိနိုင်ငံတော် ကောင်းစားဖို့ သူမရဲ့သွေးနဲ့ ယာဇ်ပူဇော်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ချက်ချင်း ပျောက်
ပျက်သွားပါတယ်။ ထိုင်းဘုရင်ဟာ မုယယ်ဖဲဆိုတဲ့ ကရင်အလှဘုရင်မလေးရဲ့ ညှို့အားကြောင့် မြင်မြင်ချင်း
ချစ်စိတ်ဝင် သံယောဇဉ်တွယ်ပြီး မိဖုရားအဖြစ် ချီးမြှင့် မြှောက်စားလိုက်ပါတယ်။ မုယယ်ဖဲဟာ ယခင်သူမရဲ့
ရပ်ရွာမှာနေတုန်းက ချစ်သူရည်းစားတဦး ရှိခဲ့ပါတယ်။ ထိုင်းဘုရင် မင်းမှု ထမ်းတွေရဲ့ ကောက်ကျစ်မာမှု၊
အာဏာသုံးမှုကြောင့် မိမိရဲ့ ချစ်သူရည်းစားနဲ့ ခွဲခွါ စွန့်လွှတ်ခဲ့ကြရတယ်။ ထိုင်းဘုရင်ထံ ခေါ်လာခြင်းခံရပြီး
လမ်းခုလတ်မှာလည်း မတရား သားမယားပြုကျင့်ခံရတယ်၊ အခုတော့ ထိုင်းဘုရင်မင်းမြတ်ကနေပြီး မိဖုရား
မြှောက်စားခံခဲ့ရပေမဲ့ မတတ်သာလို့ သာ မိဖုရားဖြစ်ခဲ့ရတာပါ။ သူတပါးလက်ခုတ်ထဲကရေ ဖြစ်နေတဲ့
အနေအထားမို့  ဘဝရဲ့ခါးသီးမှုဝေဒနာကို ကြိတ်ပြီးခံခဲ့တယ်။ သူမရဲ့ရင်ထဲမှာတော့ နာကျင်မှုတွေနဲ့ ပြည့်နှက်
နေတယ်။ အနေအထားတခုအရ ဘုရင့်မိဖုရားတဦးဖြစ်ပေမဲ့ ဒီလိုမျိုး ကောက်ကျစ်ယုတ်မာတဲ့ ထိုင်းလူမျိုးတွေနဲ့ 
ပါတ်သက်ပြီး မိမိမှာ လူသားမျိုးဆက် မမွေးထုတ်ပေးနိုင်ပါ။ ဒါကြောင့် “ဤကဲ့ သို့ ကောက်ကျစ်ယုတ်မာသော
ထိုင်းဘုရင်နှင့်ပါတ်သက်ပြီး ကျမရင်သွေးငယ် တဦးဦးမွေးလာပါက မွေးလာသော ရင်သွေးငယ်သည် ဖခင်ဖြစ်သူ
ထိုင်းဘုရင်မင်းမြတ်၏ ဝမ်းသာခြင်း အလျဉ်းလုံးဝ မဖြစ်စေရပါလို၏” လို့ အဓိဌာန်ပြု ဆုတောင်းထားပါတယ်။

မကြာခင်မှာဘဲ မုယယ်ဖဲဟာ ကိုယ်ဝန်လေး ရလာပါတယ်။ ဘုရင်မင်းမြတ်ဟာ မုယယ်ဖဲကို အလွန် ချစ်ခင်
နှစ်သက်တာမို့  ယခုလို သူမ ကိုယ်ဝန်ရလာတာဟာ ဘုရင်ကြီး အလွန်ဝမ်းသာ ပီတိဖြစ်ခဲ့ပါတယ်။ မျှော်လင့်ချက်
လည်း များစွာ ထားခဲ့ပါတယ်။ ဒါပေမဲ့ မုယယ်ဖဲဟာ ကိုယ်ဝန်ရက်စေ့လို့ သူမရင်သွေးငယ် မွေးဖွားတဲ့အခါ
ဘုရင်ကြီးရဲ့ မျှော်လင့်ချက်ထားသလို ဖြစ်မလာဘဲ မုယယ်ဖဲရဲ့ အဓိဌာန်ပြုဆုတောင်းထားတဲ့ အတိုင်းသာ
ဖြစ်လာခဲ့ပါတယ်။ မွေးလာတဲ့ခလေးဟာ အသက်မရှင်ခဲ့ပါဘူး… ဘုရင်ကြီးဟာ မျှော်လင့်ထားသလို ဖြစ်မလာ
တော့ အရမ်းစိတ်ထိခိုက်ရပါတယ်။ မုယယ်ဖဲရဲ့ ဒုတိယမြောက် ကိုယ်ဝန်ရတော့လည်း ဘုရင်ကြီးရဲ့
ဝမ်းသာခြင်း မဖြစ်ရပြန်ပါဘူး။ ဒီတခါမှာတော့ တော်ဝင်မိသားစုအပါအဝင် နန်းတော်သူ နန်းတော်သားတွေ
အကြား အလွန်ပွက်လော ဆူညံလာပါတယ်။ ပဒေသရာဇ်ဘုရင်တို့ရဲ့ စနစ်အရ မိဖုရားများစွာ မြှောက်စားကြ
တယ်။ ယခုဘုရင်ကြီး အနေနဲ့ မိဖုရားများစွာ ရှိတဲ့အနက် မိဖုရားငယ် မုယယ်ဖဲကို ပိုပြီးချစ်၊ ပိုပြီးအရေးပေးတော့
အခြား မိဖုရားတွေက မကျေနပ်ကြတာ အမှန်ပဲ။ အထူးသဖြင့် မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီးက
ယိုးဒယားဗမာ ကပြားမဖြစ်တယ်။ မုယယ်ဖဲရောက်လာကတည်းက ဒေါသပုန်ထနေတာ နေ့ ရော ညရောပဲ၊
မုယယ်ဖဲကို ဒီနန်းတော်ကနေ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲတမ်း ကြံနေတဲ့သူ။ ယခု
မုယယ်ဖဲ ကိုယ်ဝန်ဆောင်တာ နှစ်ခေါက်စလုံး ကလေးမွေးပြီး မရှင်တာ သူ့ အတွက် အကွက်ကြီး၊ မဟာအခွင့်
အရေးပဲ၊၊

နန်းတော်သူ၊ နန်းတော်သားတွေရော ပုရောဟိတ်တွေပါ သူမ အကုန်စည်းရုံးလိုက်တယ်…
“မုယယ်ဖဲ ကလေးမွေးပြီး မရှင်တာ သူမကလေးကို သူမပြန်စားတဲ့ စုန်းမဖြစ်နေတယ်။ ဒီစုန်းမဟာ နန်းတော်မှာ
ဆက်ထားနေရင် နန်းတော်ရော တိုင်းပြည်ပါ ပူပင်သောကတွေနဲ့ ပြည့်နှက်နေမယ်။ အကောင်းဆုံးက ဒီစုန်းမကို
မူလခေါ်လာတဲ့ ရည်ရွယ်ချက်အတိုင်း ယာဇ်ပူဇော်ရမယ်”လို့  ဘုရင်ကြီးကို အမျိုးမျိုးအဖုံဖုံ၊ ထပ်ခါ တလဲလဲ
လျှောက်ထား ကုန်းချော၊ ကုန်းတိုက်လုပ်ပါတယ်။ ဘုရင်ကြီးဟာ မုယယ်ဖဲကို အလွန် ချစ်ခင်ကြင်နာတဲ့အတွက်
သူများပြောသမျှ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်ကြီးရော ပုရောဟိတ်တွေပါ ပြောပါများတော့ နောက်ဆုံး
တော့ ၄ှင်းတို့ ပြောဆိုတဲ့အတိုင်း ဘုရင်ကြီး အကောင်အထည်ဖေါ်ခဲ့ရပါတယ်။ မုယယ်ဖဲကို တွင်းထဲမှာနေခိုင်းပြီး
မျက်မမြင် ဆင်တကောင်အား မုယယ်ဖဲအပေါ် သစ်တုံးတွန်းချခြင်းဖြင့် ကွပ်မျက်ခဲ့ပါတယ်။ မုယယ်ဖဲဟာ သူမ
အသတ်ခံရမှာကို လုံးဝကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိပါ။ မိမိဘဝမှာ ချစ်သူ၊ မိဘဆွေမျိုး၊ လူမျိုး၊ ရပ်ရွာတွေနဲ့ 
အတင်းအဓမ္မ စွန့်လွတ် စွန့်ခွါခြင်း ခံခဲ့ရတယ်။ အတင်းအဓမ္မ သားမယားပြုကျင့်ခြင်းခံရ၊ အတင်းမိဖုရားမြှောက်
စားခြင်းခံရ၊ တော်ဝင်မိသားစု အသိုင်းအ၀ိုင်းမှာလဲ မနာလိုခြင်းခံရနဲ့ သူမဘဝမှာ ပျော်ရွှင်တဲ့နေ့ရက် တရက်မှ
မရှိ၊ ဒီလိုဘဝမျိုး ဆက်လက် အသက်ရှင်သန်နေရင်လည်း ဘာမှ အဓိပ္ပါယ်မရှိပြီ… မုယယ်ဖဲဟာ မောင်တော်
ဘုရင်မင်းမြတ်ရဲ့အမိန့်နဲ့ ယာဇ်ပူဇော်ခံရမှာကို လုံးဝမညည်းညူပါ။ ဒါပေမဲ့ ကွပ်မျက်ခြင်းမခံရမှီ လင်တော်မောင်
ဘုရင်မင်းမြတ်ကို ကတိကဝတ်တွေ တောင်းခဲ့တယ်။ ဘုရင်မင်းမြတ်လည်း မုယယ်ဖဲကို ချစ်ခင်ကြင်နာတဲ့စိတ်၊
ဘုရင်မင်းမြတ်တို့ရဲ့ ကျင့်ကြံရမဲ့ မင်းကျင့်တရားတွေနဲ့ အတူ ကတိကဝတ်တွေကို ကြည်ဖြူစွာနဲ့ ပေးခဲ့ပါတယ်။

“ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်မည့် ဤတိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက် သာယာဝပြောမည်၊ တိုင်းပြည်ကြာရှည်
စွာ တည်တံ့ခိုင်မြဲပြီး ဘေးရန်အပေါင်းမှ ကင်းဝေးမည်၊ အသင်တို့၏တိုင်းပြည် တည်တံ့ခိုင်မြဲဖို့ အတွက် ငါ၏
အသက်၊ သွေးတွေနဲ့  စတေးရမည်ဖြစ်သောကြောင့် သင်တို့ အား ငါတောင်းဆိုလိုသည်မှာ ငါ့လူမျိုး (ကရင်)
များအား ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်စော်ကားရန်စခြင်း မပြုရ…  တနေ့နေ့ တချိန်ချိန် ငါ့လူမျိုးများ
အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး သင်တို့၏တိုင်းပြည်၊ ရေမြေပေါ်မှာ လာရောက်ခိုလှုံခဲ့သည်ရှိသော်
သင်တို့ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ကူညီရမည်…” စတဲ့အချက်တွေအပါအဝင် အချက်ပေါင်း
(ရ) ချက်ကို မုယယ်ဖဲတောင်းဆိုခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲတောင်းဆိုမှု အပေါ် မိမိပေးခဲ့တဲ့
ကတိကဝတ်တွေအကြောင်း အပါအဝင် မုယယ်ဖဲကို ဘာကြောင့်ဘယ်လိုခေါ်လာရတယ် ဆိုတဲ့အကြောင်းတွေ၊
ကရင်လူမျိုးတွေကို ထိုင်းတွေက ဘယ်လို ကျေးဇူးပြန်ဆပ်မယ့်အကြောင်းတွေကို စာပေကမ္မည်းတွေ ခိုင်ခိုင်မာမာ
ရေးသားထားပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲ ကွပ်မျက်ခံရပြီး သိပ်မကြာလိုက်ပါ။ မုယယ်ဖဲကို
လွမ်းတဲ့စိတ်နဲ့  လွမ်းနာကျပြီး နတ်ရွာစံသွားခဲ့ပါတယ်။

ထိုင်း(ယိုဒယား)ရေမြေဟာ မုယယ်ဖဲရဲ့ သွေးတွေနဲ့ ယာဇ်ပူဇော်ပြီးတာနဲ့ တမဟုတ်ချင်း ကြီးပွားတိုးတက်
လာပါတယ်။ ဘုရင်ကြီးနတ်ရွာစံပြီးနောက် ကျန်ခဲ့တဲ့ ဘုရင်ရဲ့ မူးကြီးမတ်ရာ မိဖုရားတွေက ရှင်ဘုရင်ကြီး
မှတ်တမ်းတင် ရေးသားခဲ့တဲ့ မုယယ်ဖဲ၊ ကရင်လူမျိုးတွေနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေ မီးရှို့ ဖျက်ဆီးခဲ့
ကြတယ်။ ဒီအကြောင်းအရာတွေဟာ ထိုင်း(ယိုးဒယား)လူမျိုးက မုယယ်ဖဲအပေါ် ကရင်လူမျိုးတွေ အပေါ်
ကောက်ကျစ်ယုတ်မာ ရက်စက်တဲ့အကြောင်းတွေ ဖြစ်တဲ့အတွက် နောင်လာနောက်သားများ ဒီအကြောင်းအရာ
ကို သိရင် အရှက်ရ သိက္ခာကျစရာ ဖြစ်စေတာကြောင့် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ပါတယ်။ သို့သော်……………..

ယနေ့ လက်ရှိ ထိုင်းဘုရင်(၉.ဆက်မြောက်)ရဲ့ တော်ဝင်မိသားစုအသိုင်းအဝိုင်းမှာ မုယယ်ဖဲနဲ့ ပါတ်သက်တဲ့
အကြောင်းအရာ စုံစုံလင်လင်ရှိတယ်လို့ ဆိုပါတယ်။ ကရင်လူမျိုးတွေရှိတဲ့ ထိုင်းနိုင်ငံနေရာအနှံ့မှာ ယနေ့ 
သက်ရှိထင်ရှား ထိုင်းဘုရင်နှင့်မိဖုရားက သွားရောက်တိုင်းခန်းလှည့်လည်ပြီး ကရင်လူမျိုးတွေရဲ့ လူမှုဘဝဖွံ့ ဖြိုးမှု
အတွက် ပေးအပ်လှူဒါန်း၊ ကူညီခဲ့တာရှိပါတယ်။ ယခင် ၅.ဆက်မြောက်ဘုရင်ရဲ့ ကတိကဝတ်အတိုင်း ယနေ့ 
ထိုင်းတော်ဝင်မိသားစုတွေက အတတ်နိုင်ဆုံး ကရင်တွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကြည့်ရှုစောင့်ရှောက်တာလား၊
ဒါမှမဟုတ် ၄င်းတို့ရဲ့ ရာဇဝင်အကြွေးတွေကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်စေတနာတွေကြောင့် ဖေးမကူညီမှုပေးတာ
လားတော့ မပြောတတ်ပါ။ တဖန်.. မုယယ်ဖဲရဲ့ ပုံတူပန်းချီကားချပ်တွေဟာ ထိုင်းနိုင်ငံအနှံ့ ယနေ့ထိ
ရောင်းအားကောင်းတဲ့ ပန်းချီပုံစာရင်းထဲမှာ ပါနေပါတယ်။ မုယယ်ဖဲဟာ ထိုင်းလူမျိုးတွေရဲ့ အရှင်သခင်မ၊
သူတို့ ကို ကြည့်ရှုစောင့်ရှောက်တဲ့ တန်ခိုးရှင်လို့ဆိုပြီး ယုံကြည်ကိုးကွယ်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး
စံနစ်က တော်ဝင်မိသားစုတွေဟာ စည်းမျဉ်းခံဘုရင်စံနစ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရအပါအဝင် ထိုင်းလူမျိုး
တွေရဲ့ ပြုမူဆောင်ရွက်ချက်၊ ဆက်ဆံပုံကလည်း ကရင်လူမျိုးတွေကို ထိခိုက် နစ်နာခဲ့ပေါင်းများခဲ့ပါပြီး…
ဒါကို ၅ ဆက်မြောက်ထိုင်းဘုရင်ရဲ့ ကတိကဝတ်ပြု အကြောင်းတွေကို မသိရော့လေသလား၊ သိလျှက်နဲ့ 
မသိကျိုးကျွံပြုလေသလား။ တကယ်မသိသေးဘူးဆိုရင် ယနေ့ သက်ရှိထင်ရှား ၉ ဆက်မြောက် ထိုင်းဘုရင်
အနေနဲ့  လူမှာ ကတိ၊ မင်းမှာသစ္စာဆိုတဲ့အတိုင်း ထိုင်းလူမျိုးတွေကို ၅ ဆက်မြောက် ထိုင်းဘုရင်ရဲ့ ကတိ
ကဝတ်ပြုချက်တွေ အသိပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်ဖြင့်…. ထိုင်းလူမျိုးတွေအပေါ်.. ကရင်အလှဘုရင်မ
လေးရဲ့ မေတ္တာပို့ ထားတဲ့အတိုင်း… “သင်တို့ တိုင်းပြည်ကောင်းစားဖို့ အတွက် ငါ့အသက်၊ သွေးတော်တို့ ဖြင့်
ယာဇ်ပူဇော်ခံ အသက်ပေးသွားမည်။ သို့ သော် ငါနဲ့ ငါ့လူမျိုးများအပေါ် သင်တို့ ပေးခဲ့သော ကတိကဝတ်ပါ
အချက်များကို တသွေမတိမ်း လိုက်နာရမည်။ ကတိကဝတ်ထဲကအတိုင်း မလိုက်နာဘဲ ငါ့လူမျိုးများအား ရန်ရှာ
တိုက်ခိုက်ခြင်း အပါအဝင် အခြားအချက်များ ဖောက်ဖျက်လာပါက အသင်တို့ လူမျိုး၊ အသင်တို့ တိုင်းပြည်
စောစီးလျှင်မြန်စွာ ပျက်သုန်းသွားမည်။ ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်ပြီး တည်တံ့ခဲ့သော အသင်တို့ ၏
တိုင်းပြည်သည် သင်တို့ လူမျိုးဘုရင်မင်းဆက်၏ (၉)ဆက်မြောက်အထိသာ တည်တံ့မည်ဖြစ်ပြီး ၄င်းနောက်ပိုင်း
လုံးဝ(လုံးဝ)ဧကန်မုချ ပျက်သုဉ်းရမည်။ သင်တို့လူမျိုး၊ သင်တို့တိုင်းပြည် ပျက်သုဉ်းမည့် အကြောင်းရင်းသည်
သင်တို့ အချင်းချင်း ရန်ဖြစ်မှုကြောင့် လည်းကောင်း၊ ပြည်ပ ပရောဂကြောင့်လည်းကောင်း ၊ သဘာဝဘေး
အန္တရာယ် ကပ်ဆိုးတွေကြာင့် လည်းကောင်း လုံးဝ ပျက်သုဉ်းရပါမည်” ဆိုတဲ့ ကျိန်စာပဲဖြစ်ပါတယ်။

မျှော်လင့်ချက်များစွာဖြင့် ကရင်မောင်နှမအားလုံး သိစေချင်သောစိတ်ဖြင့်
စီဖကညီဝါ (Karen Unity Hope Community)
facebook link ;
#MNM0009
https://www.facebook.com/photo.php?fbid=1598485890433040&set=a.1388738114741153.1073741827.100008149329661

------------------------------------------------------------------------------------------

(ရာဇဝင်ဆိုတာကတော့ အငြင်းပွားစရာ အမှားအမှန်ရှိနိုင်ပါတယ်။ သက္ကရာဇ်တွေက အစပေါ့။ ဒါပေမယ့်
သူတို့ရာဇဝင်မှာလဲ ရှိခဲ့လို့သာ သီရိဒုံတို့၊ သူ့ဖခင် ထိုင်းဘုရင်တို့ မြန်မာပြည်ထဲမှာလာပြီး လှူတန်းကြတာတွေ
ကို ကြည့်မယ်ဆိုရင် မူရင်းကျောရိုးဇာတ်လမ်းကတော့ အမှန်ဖြစ်ပုံရတယ်လို့ပဲ ကောက်ချက်ချမိပါတယ်။)
ဒုတိယကမ္ဘာစစ်ပြီးလို့ ဂျပန်တွေ မြန်မာပြည်က ဆုတ်ခွါတဲ့အချိန်မှာတောင် မြန်မာပြည်ထဲမှာ ကျန်ရစ်တဲ့
ဂျပန်စစ်သားတွေ အများအပြားရှိခဲ့တာမို့ အလောင်းဘုရားနဲ့ဘုရင့်နောင်တို့ ယိုးဒယားစစ်ချီပြီး ပြန်လာတဲ့
အခါမှာလည်း ယိုးဒယားမှာ ကျန်ရစ်ခဲ့မယ့် ဗမာ၊ ရှမ်း၊ ကရင်၊ မွန်တွေ အများကြီးရှိနိုင်ပါတယ်။ အဲဒါကြောင့်လဲ
ကနေ့ချိန်ထိ ရှမ်းနဲ့ မွန်တွေရဲ့စကားက ယိုးဒယားတွေနဲ့ အတော်ကြီးကို ဆင်ဆင် တူနေကြပါတယ်။
ကြာခဲ့ပြီဖြစ်တဲ့ ရာဇဝင်တွေဆိုတော့လဲ အမှန်ကိုသိနိုင်ဖို့ရာတော့ မလွယ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဗဟုသုတလေးတော့ ဖြစ်ကောင်းပါရဲ့ဆိုပြီး ဖော်ပြပေးလိုက်တာပါ။

No comments:

Post a Comment