မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, August 21, 2017

ကမ္ဘာ့တွေးခေါ်ပညာရှင်ကြီးများပေါ်ထွန်းရာ အေသင်မြို့တော်


ကမ္ဘာ့တွေးခေါ်ပညာရှင်ကြီးများပေါ်ထွန်းရာ
အေသင်မြို့တော်က ကြိုဆိုနေပါတယ် (မေမေ့ရဲ့စာ)
------------------------------------------------------------

ကမ္ဘာပေါ်မှာ ခန့်ညားထယ်ဝါမှုအရှိဆုံး သမိုင်းကြောင်းအထင်ရှားဆုံးနှင့် အလှဆုံးမြို့တော်ကတော့
ဂရိနိုင်ငံက “အေသင်” ပါဘဲ။ အေသင်မြို့တော်ဟာ “အလွန်ပဉ္စလက်ဆန်တဲ့ မြို့တော်”ပါတဲ့။ လူအများက
အဲလို သတ်မှတ်ထားကြတယ်။ အေသင်မြို့တော်ရယ်လို့ ဖြစ်ပေါ်လာပုံက အလွန်ဆန်းကျယ်ပါတယ်။


အေသင်ရဲ့ ရှေးဦးသမိုင်းကာလတွေမှာ လူတွေနဲ့နတ်တွေဟာ အမြဲရောထွေးနေတယ်။ လူတွေကရော
နတ်တွေကပါ အလေးထားရတဲ့ မြို့တော်ကြီးဟာ အေသင်ပေါ့။ အထူးခြားဆုံးကတော့ သူ့ထံကို မလာ လာ
ချင်အောင် ညှို့ယူဖမ်းစားနိုင်တဲ့ စွမ်းအားနဲ့ ပြည့်စုံခြင်းပဲဖြစ်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး။
တွေးခေါ်မျှော်မြင်မှု အရှိဆုံး ပညာဥာဏ်အကြီးဆုံးလူသားတွေကို ရှေးဦးအကျဆုံး မွေးဖွားပေးခဲ့တဲ့
မြို့တော်ကြီးလဲ ဖြစ်ပါတယ်။ ဥပမာ “ဆိုကရေးတီးစ်” “ပလေတိုး” “ဟုမ္မား” “ဟီရိုဒိုးတပ်စ်”စတဲ့ ပုဂ္ဂိုလ်အကျော်
အမော်တွေ ကိုပေါ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid) ပလူတားခ်ျ
(Plutarch) ပူဆားနီးယပ်စ် (Pausanias) စတဲ့ အကျော်အမော် စာရေးဆရာများလည်း ရှိပါသေးတယ်။
ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလည်းဖြစ်တယ်။ သမိုင်းစာမျက်နှာတွေပေါ်မှာ ရုပ်ပုံတွေနှင့်တကွ
တလေးတစား ဖော်ပြခြင်းခံရတဲ့ မြို့တော်၊ ထောင်သောင်းချီ လာရောက်လည်ပတ်ကြတဲ့ ဥရောပဧည့်သည်
တော်တွေ မပြတ်စီးဝင်နေတဲ့ မြို့တော်ပါ။  “အိုလန်းပတ်နတ်ကွန်း” “ပါသီနွန်ကျောင်းတော်” “မီခရိုလီမာနို”
တို့လို ကမ္ဘာ့အခမ်းနား အကြီးကျယ်ဆုံး စာရင်းဝင် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများစွာဖြင့်
ယဉ်ကျေးမှု ထွန်းကားပျံ့ပွားကြွယ်ဝရာ မြို့တစ်မြို့အဖြစ် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ အေသင်ရဲ့ နာမည်
အထင်ရှားဆုံး လူသိအများဆုံး ရှေးဟောင်းအထိမ်းအမှတ် ရုပ်တုများ ပြတိုက်အမျိုးမျိုး စသည်များ ကို ဥရောပ
ကသာမက ကမ္ဘာ့လူသားသန်းပေါင်းများစွာ နေ့နေ့ညည တအံ့တသြ တလေးတစား လေ့လာ ကြည့်ရှုကြတယ်။

တစုံတယောက်ဟာ အေသင်ရဲ့ “အခရိုပိုလစ်စ်” (Acropolis)ဆိုတာ ကြားဖူးပါရဲ့လား။ “အခရိုပိုလစ်” ဆိုတာ
ယနေ့ခေတ်မှီ ကမ္ဘာ့နိုင်ငံကြီးများထဲက အံ့ဖွယ်ခုနှစ်ခုမှာ တစ်ခု စာရင်းဝင် အဆောက်အဦပါ။ အေသင်ရဲ့
ထင်ရှားတဲ့ အမှတ်တံဆိပ်တခုလည်း ဖြစ်ပါတယ်။ 5th BC နှစ်ရဲ့ Holy rock of Acropolis ခေတ်ကို ပြန်သွား
ကြည့်ရင် နာမည်ကျော်ကြားတဲ့ “Golden Age of Periklis” ခေတ်ဆိုတာ တွေ့လိမ့်မယ်။ ရာဇဝင်သမိုင်း
ဆိုတာက အနိမ့်အမြင့် အတက်အကျ ရှိစမြဲပါပဲ။ အေသင်ဟာ ပွင့်လဲ ပွင့်ခဲ့တယ်။  ကြွေလဲကြွေခဲ့တယ်။
စစ်ပွဲတွေ နဲ့ အများကြီး ကြုံဆုံခဲ့ရတယ်။

မက်ဆီဒိုးနီးယဲန်(အလက်ဇင်းဒါးသည်ဂရိတ်)တွေရဲ့ လက်အောက်ရောက်ခဲ့တယ်။ ရောမရဲ့လက်အောက်
ရောက်ခဲ့တယ်။ ဗီနီရှဲန်(Venetian) တို့ ကြီးစိုးတာ ခံခဲ့ရတယ်။ အော်တိုမင်အင်ပါယာထဲ ရောက်ခဲ့ရတယ်။
နောက်ဆုံး ဒုတိယကမ္ဘာစစ်အတွင်း ကွန်မြူနစ် နာဇီဂျာမဏီရဲ့ လက်အောက်ရောက်ခဲ့တယ်။ အော်တိုမင်
အင်ပါယာရဲ့ ဗြိတိသျှသံတမန်အရာရှိ လော့ဒ် အီလ်ဂင် (Lord Elgin) က ပါသီနွန်ကျောင်းတော်ရဲ့ အလှဆင်
မျက်နှာကျက်ပန်းဆွဲများကို တစစီ ဖြုတ်ယူသွားတယ်။ ပြင်သစ်ကလည်း သုံးပိုင်း ပိုင်းခွဲဝေ ဝယ်ယူသွားတာမျိုး
ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ လျှောက်လမ်းဟာ ကြမ်းတမ်းပါစေ မိုးကောင်းကင်ကြီးရဲ့ အောက်က
အထပ်ခိုးကလေးကနေ မသိမသာ အနာဂတ်ကို ပုံဖေါ် ငေးကြည့်လိုက် ယနေ့တိုင် တောက်ပဝင်းလက်
နေမြဲပဲဆိုတာ ယုံမှားစရာ မရှိပါဘူး။ ပါသီနွန် (Parthenon) ဘုရားကျောင်းရယ် အခြား ဖြူဖွေးသန့်စင်တဲ့
စကျင်ကျောက်နဲ့ လှပစွာ ထုဆစ်ထားတဲ့ ရုပ်တုတွေရယ် အဆောက်အဦးအားလုံးရယ်ကို လက်လက်ခါနေတဲ့
ကြယ်ပွင့်များပမာ ယနေ့တိုင် အံ့မခန်း တွေ့ မြင်နေရဆဲဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ EU အဖွဲ့ဝင်ဖြစ်လာတယ်။
၁၉၉၆ ခုနှစ်မှာ နှစ်တရာပြည့်အိုလံပစ်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်။ 1833 ခုနှစ်မှာမှ
အော်တိုမင်တို့ ထံမှ လွတ်လပ်ရေးကို အပြီးအပိုင် ရရှိခဲ့တာပါ။

ယနေ့ အေသင်ရဲ့တည်ရှိမှုဟာ ကျွန်းဆွယ်ပိုင်းမှာသာမက ဂရိနိုင်ငံ အလယ်ပိုင်းတခုလုံးမှာ ပျံ့လွင့်ကျော်ကြား
နေပါတယ်။ Ymmytos, Pendeli, Parnitha, စတဲ့ တောင်တန်းတွေက မြောက်ဘက်နဲ့ အနောက်ဘက်ကနေ
အေသင်မြို့ကို ဝန်းရံထားတာမို့ အေသင်ဟာ ပိုပြီး အိမ်မက်ဆန်ဆန် လှပနေပါတယ်။ Saronic ပင်လယ်ကွေ့
ကတော့ တောင်ဘက်နှင့် အနောက်ဘက်မှာ ရှိနေပါတယ်။ နေရောင်ခြည်ဟာ အေသင်မြို့ကို တနှစ်ပတ်လုံး
ထွန်းလင်းတောက်ပနေတာမို့် ဆောင်းလယ်မှာ သာယာပြီး နွေရာသီမှာ့ တကယ့်ကို ပူပြင်းလှပါတယ်။  ဒါပေမဲ့ 
ခရီးသွားဧည့်သည်များအတွက် အေသင်ဟာ ဥရောပရဲ့ အဆင်အပြေဆုံး နံပတ်ဝမ်းအဖြစ် အကောင်းဆုံးရာသီ
ဥတုကို ပိုင်ဆိုင်ထားတဲ့ မြို့တော်ကြီးပါပဲ။ Piraeus ဆိပ်ကမ်းကနေ ကီလိုမီတာ အနည်းငယ်သာကွာလှမ်းတဲ့
attica ဟာလည်း မြို့တော်ရဲ့ အချက်အချာကျတဲ့ တောင်ဘက်ကမ်းခြေရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ
ဗဟိုဌာန ဖြစ်နေပါတယ်။

အေသင်လူမျိုးတို့ဟာ နီယိုလီသစ်ခ် (NEOLITHIC) ခေတ်မှာကတည်းက အမြဲတစေ ဒီမြေ ဒီရေမှာ
အစဉ်တစိုက် ရှင်သန်နေထိုင်လာကြတာဖြစ်တယ်။ ၅ ရာစုနှစ်ကတည်းက အစွမ်းကုန် ပွင့်လန်းခဲ့တဲ့ပန်းလို
ရှင်သန်လာတာပါ။ ပြောရရင် “အေသင်” အမည်ရပုံကလည်း ခပ်ဆန်းဆန်းပါ။ ဒဏ္ဍာရီ ဆန်လွန်းလှပါတယ်။
ရှေးအခါက ဂရိတို့အလိုအရ လူသားနဲ့မြို့ရွာကို စောင့်ရှောက်သူ သို့ မဟုတ် ကမ္ဘာလောကကြီးကို စိုးမိုး
အုပ်ချုပ်သူဆိုတဲ့“အေသင်နာ နတ်ဖုရားမ” (goddess Athena)အမည်ကနေ ဆင်းသက်လာခဲ့တယ်လို့ 
ဆိုပါတယ်။ “အားပေးချီးမြှင့်သူ” လို့  ဆိုလိုဟန်ရှိတယ်။ “ဂရိပညာရှင် ပလေတို” ရဲ့အဆိုအရ ဝေါဟာရဇစ်မြစ်
ကို စစ်လိုက်ရင် ရှေးဟောင်း ဂရိဘာသာစကားက ဆင်းသက်လာခြင်းဆိုတာ သိရနိုင်တယ်။ ဒဏ္ဍာရီလာ
ပုံပြင်တခုမှာ “အေသင်နာ” နတ်ဖုရားမနဲ့ နတ်ဘုရား “ပိုဆီဒွန်” Poseidon”တို့ ဟာ ပြိုင်ဆိုင်မှုတခုကို ပြုလုပ်
ကြသတဲ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid) ပလူတားခ်ျ(Plutarch)
ပူဆားနီးယပ်စ်(Pausanias) စတဲ့ “ပိုဆီဒွန်”ဟာ အသွားသုံးခွပါရှိတဲ့  မှိန်းတခုနှင့် မြေကြီးကို ရိုက်ခတ်ပြီးနောက်
“ရေကြောင်းဆိုင်ရာစွမ်းအင်တမျိုး”ကို ထုတ်လုပ်ဖန်ဆင်းပါတယ်။ “နတ်ဖုရားမ အေသင်နာ” ကတော့
အောင်မြင်ခြင်းနှင့် ငြိမ်းချမ်းခြင်း သင်္ကေတသဘောဆောင်တဲ့ “သံလွင်ပင်” ကို ဖန်ဆင်းပါတယ်။ အနိုင်ရသူရဲ့
အမည်ဟာ မြို့အမည်အဖြစ်သတ်မှတ်ဖို့သဘောတူခဲ့ကြတဲ့အတွက် အနိုင်ရသူ အေသင်နာ အမည်တွင်ခဲ့တာ
ပါ။ အဲဒီအချိန်အခါကတည်းက အေသင်လူမျိုးတို့ဟာ သံလွင်ခက်ကို ငြိမ်းချမ်းခြင်းအထိမ်းးအမှတ်သင်္ကေတ
တခုအဖြစ် ယနေ့တိုင် အလေးအနက် မှတ်ယူခဲ့ကြပါတယ်။ အေသင်နာ နတ်ဖုရားမကိုလည်း ပိုမို အထွတ်
အမြတ် ထားခဲ့ ကြတယ်။ ဂရိအမျိုးသမီးကလေးများဟာ သံလွင်ခက်ကို ဦးခေါင်းမှာအမြတ်တနိုး ပတ်ရစ်
ဆင်မြန်းပြီး အတိတ်ကောင်းနမိတ်ကောင်း ယူကြတယ်။

ပင်ထရိုဆုစ် ခေါ် နောင်အခါ ပါသီနွန် အမည်ရ (parthenon) ရှေ့မျက်နှာစာ မြင့်မိုရ်ပိတ်ပါရှိတဲ့ ရှေးခေတ်ဂရိ
ဘုရားကျောင်း အဆောက်အဦကိုလည်း တွေ့မြင်လာရနိုင်တယ်။ ပါရှန်စစ်ပွဲများအတွင်း အထွတ်အမြတ်ထားရာ
သံလွင်ပင်ဟာ ဘုရားကျောင်း ပရဝဏ်တခုလုံး နှင့်အတူ မီးဘေးသင့်ခဲ့ ရပေမင့် ဟီရိုဒိုးတပ်စ်( Herodotus) ရဲ့
 ပြုစုမှုကြောင့် သစ်ငုတ်တိုဘဝမှ ပြန်လည်ရှင်သန်ကြီးထွားခြင်းသို့ ပူဆားနီးယပ်စ်ခေတ်မှ AD 2 ရာစုတိုင်
သံလွင်ပင်ဟာ ထင်ရှားခဲ့တယ်လို့  ဆိုပါတယ် ။ ( တကယ်တော့ ယနေ့အထိ အလေးအမြတ်ထားကြဆဲပါ။
ဂရိတွေမှ မဟုတ်ပါဘူး။ ဒီအယူအဆဟာ တကမ္ဘာလုံးကို ပျံ့နှံ့နေတာလို့ ပြောနိုင်ပါတယ်။) အေသင်မြို့တော်ဟာ
၁၆ ရာစုနှစ်များဆီက အော်တိုမင်လက်အောက် ကျရောက်ခဲ့ရာမှာ ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ
ဖျက်ဆီးခံခဲ့ရပါတယ်။ ပါသီနွန်ကျောင်းတော် နှင့် ပရိုပိုင် လာအာ (Propylaea)ကျောင်းတော်တို့ဟာ ဖေါက်ခွဲ
ဖျက်ဆီးခံရအပြီး ပျက်စီးယိုယွင်းသွားခဲ့ရာမှာ ယနေ့ မြင်တွေ့ရတဲ့ပုံစံအတိုင်း ကျန်ရစ်တာဖြစ်ပါတယ်။
အေသင်ဟာ နိုင်ငံရပ်ခြားယဉ်ကျေးမှုကို အကန့် အသတ်နဲ့သာ လက်ခံခဲ့ပေမဲ့ အောင်နိုင်သူ စစ်ဘုရင်များဟာ
ရာစုနှစ်များစွာကပင် အေသင်ကို သိမ်းပိုက်ပြီး မိမိယဉ်ကျေးမှု ထွန်းကားဖို့ အပြင်းအထန် ကြိုးစားခဲ့ ကြတယ်။
စစ်အောင်နိုင်သူတို့ဟာ အေသင်ကို ကာလကြာရှည် သိမ်းပိုက်ရယူထားနိုင်ဖို့ နည်းမျိုးစုံသုံးခဲ့ပေမဲ့ ၁၈၃၄ ခုနှစ်
မှာတော့ ဂရိနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့အပြီး မြို့တော်ပတ်လည်မှာ အခရိုပိုလစ်စ် တံတိုင်းများ ကာရံခဲ့တယ်။
အေသင်ဟာ ဂရိနိုင်ငံရဲ့မြို့တော်ကြီး ဖြစ်လာတော့တယ်။

ယနေ့မှာတော့ အေသင်ဟာ နိုင်ငံတကာဆက်ဆံရေး ။ နိုင်ငံရေး။ စီးပွားရေး၊ ရောင်းဝယ်ရေး နှင့် ယဉ်ကျေးမှု
စသည်တို့အတွက် အချက်အချာမြို့တော် ဖြစ်လာပါတယ်။ နိုင်ငံတကာက ဧည့်သည်များဟာ စီးပွားရေးအတွက်
ကြောင့်သော်၎င်း၊ အာရုံခံစားဖို့  အလည်အပတ်သော်၎င်း တဖွဲဖွဲ လာရောက်နေကြဆဲပါ။
( ဒါပေမဲ့ ဒီစာကိုရေးနေစဉ်မှာတော့ ဂရိအကြွေးထူနေသတဲ့။ တချို့ကလဲ ရွှေဘုံပေါ် ထိုင်မှိုင်ပြနေတာတဲ့
နိုင်ငံရေးပရိယယ်တွေတဲ့။ ၂၀၀၈ခုနှစ်ကစလို့  စီပွားရေးကျဆင်းလာတာပါ) ဘာဘဲပြောပြော ယနေ့ အေသင်ရဲ့
အဆင်အပြင် အသွင်သဏ္ဍာန်ဟာ တော်တော်ကို ထူးခြားနေပါတယ်။ ကမ္ဘာ့အဆင့်မှီဟိုတယ်ကြီးများ၊ ရိုးရာ
စားသောက်ဆိုင်များ၊ ခရီးသွားဧဂျင်စီများ၊ စိန်ရွှေရတနာဆိုင်များ၊ အလှအပစတိုးဆိုင်များ၊ ဇိမ်ခံပစ္စည်းအရောင်း
ဆိုင်များ၊ ယဉ်ကျေးမှု အနုပညာပစ္စည်း အရောင်းဆိုင်များ၊ စစ်သမိုင်းပြတိုက်၊ ပန်းပု ပန်းချီ ပြတိုက်၊ ရှေးဟောင်း
သမိုင်းပြတိုက် စတဲ့ပြတိုက်ကြီးများ။ အနုပညာမျိုးစုံပြခန်းများ၊ အင်တာနက်ကေ့ဖ်များ၊ အိမ်ခြံမြေရောင်းဝယ်ရေး၊
ဆားဖေ့စ်လုပ်ငန်းများ၊ ရှေးဟောင်း ရုပ်တုများ၊ အထိန်းအမှတ် အဆောက်အဦကျောက်တိုင်များကို ရှုမဆုံးဖွယ်
တွေ့မြင်ရမှာပါ။

Syintagma Square ဟာ အေသင်ရဲ့ အသဲနှလုံးပါဘဲ။ အဲဒီမှာ (တော်ဝင်နန်းတော်ဟောင်း) ပါလီမန်
အဆောက်အဦရှိတယ်၊ ( တော်ဝင်နန်းတော်သစ် )သမ္မတနန်းတော်ရှိတယ်။ အမျိုးသားဥယျာဉ် အမျိုးသား
စာကြည့်တိုက်ရှိတယ်။ အကယ်ဒမီကျောင်းများရှိတယ်။ lycabettus ဟာ တနှစ်ပတ်လုံး ထောင်နှင့်ချီတဲ့
လာရောက်လည်ပတ်သူ ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နေတဲ့ အလွန် လှပသာယာတဲ့ တောင်ကုန်း
ကလေးပါ။ အဲဒီကနေ ကီလိုမီတာ အနည်းငယ်သာကွာဝေးတဲ့ ပင်လယ်ကမ်းစပ်ရွာကလေးတွေက လေပြေ
လေညှင်းကလေးတွေနှင့်လည်း တီးတိုးစကားစမြည်ပြောရင်း ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်နိုင်ပါတယ်။
အေးအေးဆေးဆေး ဇိမ်ယူ အပန်းဖြေနိုင်ပါသေးတယ်။ သမိုင်းဝင် နေရာများဖြစ်တဲ့ Faliro, Glyfada, Voula
နှင့် Vouliagmeni များကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။ ဂရိမှာ နာမည်ကျော် “ဇု” နတ်မင်းကြီးနှင့်
နတ်မိဖုရားများ ပျော်စံရာ “အိုလန်းပတ်” တောင်တော်မဟာနှင့် ဘုရားကျောင်းများ၊ နတ်ကွန်းများ အများအပြား
တွေ့မြင်ရမှာဖြစ်ပြီး အိုလံပစ်ပွဲတော်များကျင်းပရာ အားကစားရုံများ ပညာရှင်အများအပြား ပေါ်ထွန်းရာ
တက္ကသိုလ်အမျိုးမျိုးနှင့် အကယ်ဒမီသိပ္ပံကျောင်းများ။ ပညာရှင် ဆိုကရေးတီးစ်နှင့် ပလေတို စသည်တို့ရဲ့
ရုပ်တုများကို ကိုယ်တွေ့ လေ့လာနိုင်ပါလိမ့်မယ်။

အဖိုးထိုက်တန်လှတဲ့ ရတနာပစ္စည်းများကိန်းအောင်းရာ ရှေးဟောင်းအမွေအနှစ်တို့ သိုမှီးသိမ်းဆည်းစုဝေးရာ
ဂရိနိုင်ငံ အေသင်မြို့တော်ကို လာရောက်လည်ပတ်ကြဖို့  ဖိတ်ခေါ်ပါတယ်။ အေသင်ဟာ လူသန်းပေါင်းများစွာ
ကို အာရုံစိုက်လာအောင် ဆွဲအားအပြည့်ရှိတဲ့ မြို့တော်ဖြစ်ပါတယ်။ အထူးသဖြင့် အေသင်ရဲ့ညများဟာ သင့်ကို
တစ်သက် မေ့ရက်နိုင်စရာမရှိအောင် ဆွဲဆောင်နေမှာ ဖြစ်ပါတယ်။ အေသင်ရဲ့ညတွေဟာ တကယ်လဲ
ဘယ်အချိန် ဘယ်အခါမှ ရိုးအီသွားတယ်မရှိပါဘူး။ အမြဲ ဆန်းသစ်နေပါတယ်။ Bouzoukia နှင့် အခြား
နာမည်ကြီး ဖျော်ဖြေရေးပွဲများ သာမက တေးဂီတနှင့် ပြဇာတ်အမျိုးမျိုးကို ကြည့်ရှုလေ့လာဖို့ အကောင်းဆုံး
မြို့တစ်မြို့ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။  ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလဲဖြစ်တာကြောင့် ကမ္ဘာပေါ်က
ဘယ်လူသားမဆို ဂရိကို စိတ်ပါဝင်စားကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ သွားရောက်လည်ပတ်ဖို့
ဦးမလေးကြဘူးထင်ပါတယ်။ “အေသင်”ဟာ တခြား ဥရောပမြို့တော်များထက် သင့်ကို ပိုမို ညှို့ယူ
ဖမ်းစားနေမှာ မလွှဲပါဘူး။ ။

Posted by PhyoPhyo
http://www.myworld-phyophyo.com/2011/11/blog-post_17.html
facebook link:
https://www.facebook.com/permalink.php?story_fbid=1621214204826875&id=100008149329661

No comments:

Post a Comment