မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, August 21, 2017

ဟိန္ဒူဘုရားရှင်တို့အကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာများ (ဗိဿနိုး)


ဗိဿနိုး (Vishnu) ဘုရားရှင်အကြောင်း တစ်စေ့တစ်စောင်း
-------------------------------------------------------------------------

ဟိန္ဒူဘာသာဝင်တို့တွင် ဣရွှ(ဣသွာရ) ဟု ခေါ်သည့် တစ်ဆူတည်းသော ဘုရားရှင်သာလျှင်ရှိသည်။
ထိုဣရွှဘုရားရှင်တွင် ဗြဟ္မာ(Brahma), ဗိဿနိုး(Vishnu) နှင့် သီဝ(Shiva) ဟု ခေါ်သော ကိုယ်ပွားတော်
ဘုရားရှင်သုံးဆူတိတိ ရှိပါသည်။


မဟာဗြဟ္မာဘုရားရှင်ကမူ လောကသုံးပါးကိုဖန်ဆင်း၏။ ဗိဿနိုးဘုရားရှင်ကမူ ပျက်စီးချိန်မတိုင်ခင်အတွင်း
မပျက်စီးစေရန်အလို့ငှာ လောကသုံးပါးကို စောင့်ရှောက်၏။ သီဝဘုရားရှင်ကမူ လောကကြီးကို အချိန်တန်လျှင်
ဖျက်ဆီးပေးရန်အတွက် တာဝန်ရှိသည်။

ထိုဘုရားသုံးဆူတွင် ဗိဿနိုးဘုရားရှင်အကြောင်းကို တင်ပြလိုပါသည်။
(မှတ်ချက်။ ။ ကျွန်တော်သည် ဟိန္ဒူဘာသာဝင်မဟုတ်သောကြောင့် တချို့သော အကြောင်းအရာများတွင်
နားလည်မှုလွဲမှားမှုများရှိခဲ့ပါက ခွင့်လွှတ်ပေးပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။)

ဗိဿနိုးသည် ဟိန္ဒူဘာသာ၏ အထွတ်အမြတ် ဘုရားတစ်ဆူပင်ဖြစ်ပါသည်။
သူသည် လူ့ပြည်လူ့လောကတွင် မပျက်စီးအပ်သည့်အရာများ မပျက်စီးစေရေးအတွက် ကိုယ်ပွားတော်
အသွင်များဖန်ဆင်း၍ လူ့လောကကိုဆင်းသက်ကာ စောင့်ရှောက်လေ့ရှိသည်။ ဗိဿနိုးဘုရားရှင်၏
အဝသာရ (Avatar) ကိုယ်ပွားအသွင်တော်(၁၀ဆူ)ရှိပါသည်။

{ထိုအသွင်တော်များအကြောင်းကို နောက်လာမည့်စာစဉ်များတွင် သီးသန့်ဖော်ပြပေးပါမည်။}

ယင်းအသွင်တော်တို့မှာ…
(1) ငါးတစ်ပိုင်းလူတစ်ပိုင်းအသွင်ရှိသော Matsya (မာဆယ) ကိုယ်ပွားတော်
(2) လိပ်အသွင်သဏ္ဌာန်ဖြင့်ပွင့်သော Kurma (ကုမာရ်) ကိုယ်ပွားတော်
(3) တောဝက်အသွင်သဏ္ဍာန်ဖြင့်ပွင့်သော Varaha (ဝါရဟ) ကိုယ်ပွားတော်
(4) ခြင်္သေ့ခေါင်းနှင့် လူခန္ဓာကိုယ်အသွင်ဖြင့်ပွင့်သော Narasimha (နာရဆင်းဟ) အသွင်တော်
(5) ဗြဟ္မဏပုဏ္ဏားအသွင်ဖြင့်ပွင့်သော Vamana(ဝါမန) အသွင်တော်
(6) တပသီအသွင်ဖြင့်ပွင့်တော်မူသော Parashuram (ပရသုရာမ) အသွင်တော်
(7) အယုဒ္ဓယတိုင်း ရဃုမျိုးနွယ်မင်းဆက်တွင် ပွင့်တော်မူသော Rama (ရာမ) အသွင်တော်
(8) ဒွါရကတိုင်း ယာဒဝမျိုးနွယ်မင်းဆက်တွင် ပွင့်တော်မူသော Krishna (ကရစ်သျှနား) အသွင်တော်
(9) ကပိလဝတ်ပြည် သကျသာဂီဝင်မင်းမျိုး ဂေါတမမျိုးနွယ်တွင် ပွင့်တော်မူသော Buddha (ဗုဒ္ဓ) အသွင်တော်
{မှတ်ချက်။ ။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် ဂေါတမမြတ်စွာဘုရားကို
ဟိန္ဒူဘာသာတွင် ဗိဿနိုးဘုရားရှင်၏ ကိုးဆူမြောက်ကိုယ်ပွားတော်အဖြစ် ကိုးကွယ်ကြလေသည်။}
(10) မြင်းဖြူတစ်ကောင်ကိုစီး၍ ဓားတစ်ချောင်းကိုကိုင်ကာ ပွင့်တော်မူမည့် Kalki (ကာလ်ကီ) အသွင်တော်။
ဗိဿနိုးဘုရားရှင်၏ ဆယ်ဆူမြောက်အသွင်တော် ကာလ်ကီကိုယ်ပွားတော် ပွင့်ပြီးသောအခါတွင်
ကလိယုဂ်ခေတ်အဆုံးသတ်ကာ လောကသုံးပါးစလုံး ပျက်စီးကိန်းဆိုက်ပါလိမ့်မည်။

ဗိဿနိုးတွင် ဗိဿနိုးဟူသောအမည်နာမအပြင် နာရာယန၊ ဝါသုဒေဝ နှင့် ဟရိ အစရှိသည့် တခြားသော
အမည်နာမများလည်း ရှိပါသေးသည်။ ဗိဿနိုး ဟူသော စကားစု၏အဓိပ္ပာယ်မှာ "အရာအားလုံးတွင် ပြန့်နှံ့
ပါဝင်လျက်ရှိသည်" ဟု အဓိပ္ပာယ်ရ၏။
ဗိဿနိုးတွင် လက်ခ်ျမီ ဟူသော ကြင်ယာတော်ရှိသည်။
သျှေးသျှနဂါးမင်းသည် ဗိဿနိုး၏သင်္ကေတပင်ဖြစ်၏။

ဗိဿနိုးဘုရားရှင်၏မန္တရားမှာ
"Om Namo Bhagavate Vasudevaya နှင့် Om Namo Narayana" တို့ပင်ဖြစ်၏။

ဗိဿနိုး၏အသွင်သဏ္ဌာန်မှာ လက်လေးဖက်အသွင်သဏ္ဌာန်ရှိ၏။ ညာဘက်အပေါ်လက်တွင် သုဒဿန
စကြ်ာကို ကိုင်စွဲထားကာ ညာဘက်အောက်လက်တွင်မူ ကုမုဒကိ တင်းပုတ်ကိုကိုင်စွဲထား၏။ ဘယ်ဘက်
အပေါ်လက်တွင်မူ ခရုသင်းတစ်လက် ဘယ်ဘက်အောက်လက်တွင်မူ ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ထား၏။
မကိုဋ်တွင်မူ ဒေါင်းတောင်တစ်ချောင်းကိုထိုးစိုက်ထား၏။

ဗိဿနိုး၏ပုံကိုဖော်ပြထား၏။

ဤကား ဟိန္ဒူဘာသာ၏ အထွတ်အမြတ်ဖြစ်သော ဗိဿနိုးဘုရားရှင်နှင့်
သက်ဆိုင်သော သိမှတ်ဖွယ်ရာ အခြေခံအချက်အလက်များပင်ဖြစ်၏။

ဆောင်းပါးရှင် - Zolomon
source:ဘူတဝါဟနစာစဉ်
facebook link :
https://web.facebook.com/permalink.php?story_fbid=1947357738879185&id=100008149329661

No comments:

Post a Comment