မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, August 23, 2017

ဂျော်ဒန်မြစ်ကိုရှာဖွေခြင်း - ယေရှု နှစ်ခြင်းခံရာ ဂျော်ဒန်မြစ်…


ဂျော်ဒန်မြစ်ကိုရှာဖွေခြင်း
ယေရှု နှစ်ခြင်းခံရာ ဂျော်ဒန်မြစ်…
-------------------------------------------

ကျွန်မတို့တွေ ဂါလီလီရေအိုင်ဘက်ကို ခရီးထွက်ဖြစ်ကြပါတယ်။ ကျွန်မလည်း ကင်မရာကို အိတ်ထဲသေချာ
မမေ့မလျှော့ထည့် စာအုပ်တအုပ်နဲ့ ဘော့ပ်င်ပါ မကျန်စေရ ဝီရိယတွေ ကောင်းနေပါတယ်။ ငယ်တုန်းက
သမိုင်းမှာ သင်ခဲ့ရတဲ့ ဂါလီလီရေအိုင် နောက် စာအုပ်တွေမှာ ဖတ်ရတဲ့ အစ္စရေးစစ်ပွဲတွေထဲက ဆီးရီးယား
နယ်စပ်ပါ ရောက်ရင်ရောက်မယ်လို့ လိုက်ပို့တဲ့ အစ်ကိုကြီးက ပြောလို့ ရင်တွေခုန်ပေါ့။


ခရီးကတော့ တော်တော်ဝေးပါတယ်။ တောင်ကုန်းထိပ်တနေရာရောက်တော့ အဲ့ဒါ ဂါလီလီရေအိုင်လို့
လှမ်းပြလို့ ကားပေါ်ကနေ ကမန်းကတမ်း လှမ်းကြည့်လိုက်တော့ ရေပြင်ပြာပြာကို လှမ်းမြင်ရတယ်။ အော်…
ဒီရေအိုင်ကနေ အစ္စရေးတနိုင်ငံလုံးကို သုံးရေ ပေးတာပါလားလို့ တွေးလိုက်မိသေးတယ်။ တဖက်မှာတော့
ဂိုလန်ကုန်းမြင့်။  နွေဦးရာသီမို့ အဝါရောင်ပန်းတွေ အလှခြင်းပြိုင်နေတာများ ဂိုလန်ကုန်းမြင့်တခုလုံး
အဝါရောင်လွှမ်းလို့။ ဂါလီလီရေအိုင်ဟာ အကျယ် ၅မိုင်ရှိပြီး အရှည် ၁၃မိုင်ရှည်ပါတယ်။ ပထမဆုံး မြို့ထဲဝင်
လျှောက်ကြည့်။ နောက်တော့ မြို့ထဲကပြန်ထွက် ဘုရားကျောင်းတခုကို ရောက်ခဲ့ပါတယ်။ ဘုရားဖူးကားတွေ
လည်း တွေ့ပါတယ်။ ကျောင်းဝင်းထဲ ဝင်လိုက်တဲ့အခါ တလမ်းလုံး ပူပြင်းသမျှ အေးမြသွားသလို ခံစားရပါတယ်။

သစ်ပင်တွေလည်း စိမ်းစိုလို့။ အစ္စရေးတနိုင်ငံလုံး ဘယ်နေရာကြည့်ကြည့် အပင်မရှိ ပူပြင်းသမျှ
ဂါလီလီရောက်မှ မြင်မြင်သမျှ စိမ်းစိုနေတာပါပဲ။ နောက်တော့မှ သိလိုက်ရတာက အခုဘုရားကျောင်းက
ယေရှုကို တံငါသည်တွေက ငါးနှစ်ကောင်ပဲ မိလို့ လူအများကြီး ဘယ်လိုကျွေးရမလဲ လာမေးတော့ ယေရှုက
ပြန်သွားကြည့်ပါဦး ခိုင်းလို့ ပြန်သွားကြည့်တော့ ငါးတွေ အများကြီး ဖြစ်နေတဲ့ နေရာတဲ့။ ကမ်းစပ်မှာ တည်ထား
တဲ့ ဘုရားကျောင်းလေးပါ။ ကျောင်းဘေးကနေ ရေထဲ ဆင်းကြည့်လို့ရပါတယ်။ အဲ့ကျောင်းက ပြန်ထွက်လာတော့
ကားကို အရှေ့ဘက် ဂိုလန်ကုန်းမြင့်ဘက် ဦးတည်လိုက်ပါတယ်။ ယေရှု ကားစင်တင် မခံရမီအထိ တလျှောက်လုံး
နေခဲ့တဲ့ ဘုရားကျောင်းကိုတော့ အဝေးကပဲ လှမ်းမြင်ခဲ့ရပါတယ်။ ဘာလို့လဲတော့မသိ  ပိတ်ထားလို့ ဝင်ခွင့်မရ
ခဲ့တာပါ။ ကုန်းမြင့်တလျှောက် ကားမောင်းလာတော့ အောက်ဖက်မှာ ဂါလီလီရေအိုင်။ ဂါလီလီကန်တပတ်
ဖောက်ထားတဲ့ ကားလမ်းအတိုင်း ကန်တပတ်ကို မောင်းပြီး လိုက်ကြည့်ကြတာပါ။ အာရပ် အစ္စရေး စစ်ပွဲတုန်းက
 ဆီးရီးယားဆီက သိမ်းထားတဲ့ နေရာတွေဘက် ရောက်သွားတော့ ကျွန်မစိတ်ထဲ စစ်တလင်းပြင်ထဲ ရောက်သွား
သလို ခံစားလိုက်ရပါတယ်။ အပျက်အစီးတွေကို လုံးဝ မပြင်ထားပါဘူး။ ဘုရားကျောင်း အပြိုအပျက်တွေ ၊
ကတုတ်ကျင်းနေရာတွေ၊ မိုင်းကွင်းတွေ၊ တင့်ကားအပျက် ကားအပျက် အိုး…..အစုံပါပဲ။ သံဆူးကြိုးတွေ
ကာထားပြီး မိုင်းသတိပေး စာတွေလည်း တွေ့ရပါတယ်။ ဓာတ်ပုံရိုက်ခွင့် တားမြစ်ထားပါတယ်။ ဆီးရီးယားမြေမို့
အစ္စရေးတွေကို အတည်တကျ နေထိုင်ခွင့် ကုလသမဂ္ဂက ခွင့်မပြုလို့ တကယ့် သဘာဝ မြေပြင်ကျယ်ကြီးပါပဲ။

လမ်းတလျှောက် တမေ့တမောကြည့်လာရင်း ကားက တောင်ကုန်းကနေ တဖြည်းဖြည်း အနိမ့်ဖက်ဆင်းလာ
တော့ ဟိုးအောက်ဖက်မှာ ဂါလီလီရေပြင်။ အံ့သြဖွယ်ရာ တောင်ကြီးက အလယ်ကနေ နှစ်ခြမ်းကွဲပြီး ပြတ်ရွေ့
ဖြစ်နေတာလည်း တွေ့ခဲ့ရပါတယ်။ ဂါလီလီ ကမ်းစပ်ဖက်ပြန်ရောက်တော့ ဌက်ပျောစိုက်ခင်းကိုလည်း အံ့သြစရာ
တွေ့ရပြန်ရော။ လမ်းဘေး ဝဲ၊ ယာ နှစ်ဖက်လုံးမှာရှိတဲ့ ဌက်ပျောခင်းတွေဟာ တမျှော်တခေါ်ပါ။ အားလုံးကို
အမိုးတွေ မိုးထားတာများ ခြင်ထောင် ထောင်ထားတာနဲ့တူပါတယ်။ ဌက်ပျောခင်း ခြင်ထောင်ပေါ့။ ဌက်ပျောပင်
က ဌက်ပျောခိုင်တွေ အားလုံးကိုလည်း အပြာရောင် အိတ်တွေနဲ့ ထုတ်လျှက်သား။ ကျွန်မတို့ဆီတော့ ဌက်ပျော
ဆိုတာ ဒီအတိုင်း စိုက်ထားတာကိုး ဒီမှာတော့ တယုတရ။

နောက်တော့ ကားဟာ တံတားအသေးလေးကိုဖြတ်တော့ လိုက်ပို့တဲ့ အကိုကြီးကဂျော်ဒန်မြစ်လို့ ပြောပြပါတယ်။
ကျွန်မအတွက်တော့ ဒါဟာ မြစ်မှမဟုတ်တာ ကျွန်မတို့ အညာက ရိုးသာသာရယ်လေ။ ပတ်ပတ်လည်မှာ သံလွင်
ပင်တွေ ခြံရံထားတဲ့ ကားရပ်နားတဲ့ နေရာမှာ ကားရပ်ပြီး အားလုံးဆင်းမှ သိလိုက်ရတာက ယေရှုနှစ်ခြင်းခံရာ
နေရာပါတဲ့။ ဘုရားဖူးကားတွေမှ အများကြီးပါပဲ။ နိုင်ငံအနှံ့က လူတွေမို့ အသားအရောင် အစုံပါပဲ။ အထဲကို
ဝင်ဝင်ခြင်း ဂျုတီဖရီးဆိုင်။ ပစ္စည်းတွေမှ စုံလို့။ တဖက်ထွက်ပေါက်ကနေ ထွက်လိုက်တော့ ဂျော်ဒန်မြစ်ကမ်း။
ရေထဲကို ဆင်းစရာ လှေကားတွေက သပ်သပ်ရပ်ရပ်။ နောက် နှစ်ခြင်းခံမဲ့သူတွေ တန်းစီနေတာလည်း
တွေ့ရပါတယ်။ ကျွန်မတို့ ရောက်သွားတော့ နေလည်းစောင်းနေပြီမို့ လူတွေ တော်တော်များပါတယ်။
နှစ်ခြင်းခံမဲ့သူတွေ အားလုံး ဝတ်စုံအဖြူ ဆင်တူ ဝတ်ပြီး စောင့်နေကြတာပါ။ အဲ့ဒီဝတ်စုံကို ဂျုတီဖရီးဆိုင်မှာ
ရောင်းနေတာ တွေ့ရပါတယ်။ ကျွန်မလည်း နှစ်ခြင်းခံတယ်ဆိုတာ ကြားဖူး၊ ဖတ်ဖူးပေမဲ့ တခါဆို တခါမှ မမြင်ဖူး
တော့ အရမ်းကို စိတ်ဝင်စားမိတာပေါ့။ ခဏကြာတော့ ဘုန်းကြီး နှစ်ပါး ရေထဲဆင်းလာပြီး မျက်နှာခြင်းဆိုင်
ရပ်လိုက်ပါတယ်။ ပထမဦးဆုံး နှစ်ခြင်းခံမဲ့ အမျိုးသမီးကို ဘုန်းကြီးတပါးက နောက်ကျောဖက်ကနေ ပခုံးကို
ကိုင်ထားပြီး နောက်တဖက်က နဖူးနေရာကို လက်ဝါး တင်ထားပါတယ်။ နောက်တပါးကတော့ လက်မောင်းနဲ့
ကျောကို ထိန်းကိုင်ထားပါတယ်။ ပြီးတော့မှ နဖူးကနေ ရေထဲကို နောက်ပြန် ပက်လက်ကလေး နှစ်လိုက်ပါရော။

ကျွန်မထင်တာက ခေါင်းကိုကိုင်ပြီး ဒီအတိုင်း ဖိနှစ်တယ် ထင်တာကိုး။ အခုလို ဘုန်းကြီး နှစ်ခြင်းလုပ်ပုံဆို
ရေတွေ နှာခေါင်းထဲ ဝင်မှာပဲ။ တယောက်ပြီးတယောက် နှစ်ခြင်းခံကြတာ အများကြီးပါပဲ။ တိုက်ရိုက် ရိုက်ကူးရေး
ရှိလို့ မိမိနှစ်ခြင်းခံတာကို ဗွီစီဒီခွေ လိုချင်ရင်လည်း ချက်ချင်း ဝယ်လို့ရပါတယ်။ ကျွန်မလည်း စပ်စုချင်လို့
ရေထဲဆင်းကြည့်တော့ တော်တော်အေးပါလားလို့ သိလိုက်ရပါတယ်။ အေးတာမှ ကျင်ခနဲကို ခံစားလိုက်ရတာ။
ခုနက နှစ်ခြင်းခံတဲ့သူတွေ တော်တော်အေးမှာပါလားလို့ တွေးလိုက်မိတယ်။ ဘုန်းကြီးနှစ်ပါးဆို လူအများကြီး
ဆိုတော့ အကြာကြီး။ ပြီးမှ မြစ်ကို သေသေချာချာ ကြည့်မှ မြစ်က ကျဉ်းပြီး တိမ်တယ်။ ပြီးတော့ မိုးဆိုတာ
မရွာသလောက် ဒေသမို့ အခု နှစ်ခြင်းခံတဲ့ နေရာမှာ လူတရပ် ရေရှိအောင် အပေါ်ဖက်ရော အောက်ဖက်ပါ
တမံတုတ်ထားတာ မြင်လိုက်ရတယ်။ နေရာအနှံ့ လျှောက်ကြည့်ပြီးတော့ ဓာတ်ပုံတွေ လျှောက်ရိုက် ပြီးတော့
အိမ်ပြန်လမ်းခရီးကို စ,လိုက်ပါတော့တယ်။

မူရင်းရေးသားသူ -
http://www.mandalaygazette.com/author/hmee
facebook link :
#MNM0013
https://www.facebook.com/permalink.php?story_fbid=1605156003099362&id=100008149329661

No comments:

Post a Comment