မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, August 23, 2017

ညက်ပီနေ့ (Nyepi Day: the Balinese Day of Silence)


ညက်ပီနေ့ (Nyepi Day: the Balinese Day of Silence)
---------------------------------------------------------------

ကမ္ဘာအနှံ့အပြားမှာ ဘာသာရေး နဲ့ ယဉ်ကျေးမှူု့ဆိုင်ရာ ရိုးရာပွဲတော်တွေ ပျော်ရွှင်စွာကျင်းပပြီး နှစ်သစ်ကို
ကြိုဆိုလေ့ရှိကြပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ "နှစ်သစ်ကူးရေသဘင်ပွဲတော်"၊ တရုတ်လူမျိုးများမှာ
"ကုန်းရှီဖဆိုင်ပွဲတော်"၊ မွတ်ဆလင်တွေမှာလဲ "မူဟာရမ်ပွဲတော်" စသဖြင့်ပေါ့။ တခြားလဲ အမျိုးမျိုး သော
နှစ်သစ်ကူးပွဲ တော် တွေ လူမျိုး၊ ယဉ်ကျေးမှူု၊ ဘာသာ ကိုမူတည်ပြီး အများကြီးရှိပါသေးတယ်။ ကမ္ဘာအရပ်ရပ်က
လူအမျိုးမျိုး တညီတညွတ်တည်း ဆင်နွှဲကြတဲ့ အနောက်တိုင်းပြက္ခဒိန် (Gregorian Calendar) အရ နှစ်သစ်ကူး
ဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့ကိုတော့ အားလုံး သိကြပြီး ဖြစ်ပါတယ်။


အဲဒီလို နှစ်သစ်ကူးပွဲတော် မျိုး တွေနဲ့ အလားသဏ္ဍန်တူတာမျိုး အင်ဒိုနီးရှား ရဲ့ဘာလီကျွန်း မှာလဲ ကျင်းပလေ့
ရှိပါတယ်။ ဒါပေမယ့် ဘာလီလူမျိုး တွေဟာ ရှုပ်ထွေးပြီး မတူညီတဲ့ ပြက္ခဒိန် တွေကို အသုံးပြုတဲ့ အတွက် ရက်၊
လ၊ နှစ် တွေ ကိုတွက်ချက်ရာမှာ အနောက်တိုင်းပြက္ခဒိန်နဲ့မတူဘဲ အလွန်ရှုပ်ထွေးလေ့ ရှိပါတယ်။
(ဥပမာ။ ။ တလ ကို ၃၅ ရက်ရှိတယ် ဆိုတာမျိုး)။ အနောက်တိုင်းပြက္ခဒိန် (Gregorian Calendar) ကို
အုပ်ချုပ်ရေး နဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ် တွေ အတွက် အသုံးပြုပေသော်ငြား သူတို့ရဲ့ မရေမတွက်
နိုင်လောက် အောင်များပြားလှတဲ့ နေ့ထူးနေ့မြတ်တွေ၊ ဘုရားကျောင်းနှစ်လည်ပွဲတွေ၊ ဘာသာရေးပွဲတော်တွေ၊
ဘာသာရေးကပွဲတွေ၊ အိမ်ဆောက်ပန္နက်တင် အခန်းအနားပွဲ၊ မွေးနေ့၊ မင်္ဂလာဆောင်၊ အသုဘ၊ ယတြာပွဲ၊
မတြာပွဲ စတဲ့ ဘာလီ ရဲ့ ဝိသေသပွဲတွေ အတွက်တော့ ပြက္ခဒိန်စနစ် နှစ်မျိုးကိုပဲ ကိုးကားပါတယ်။
ရက်သတ္တပါတ် ကိုရည်ညွှန်းတဲ့ ပါဝုကွန် (Pawukon) ပြက္ခဒိန်နဲ့ လ ကို ရည်ညွှန်းတဲ့ စာဆေ့ (Sasih) ပြက္ခဒိန်
တွေပဲ ဖြစ်ပါတယ်။ ပါဝုကွန်ပြက္ခဒိန်မှာ စန္တ (Sinta) ဆိုတာက စပြီး အချက်အလက် ၃၀ ပါဝင်ပြီး ဝါတုဂုဏံ
(Watugunung) နဲ့ ဆုံးပါတယ်။ ရက်ပေါင်း ၂၁၀ ပါဝင်တဲ့ ပါဝုကွန်ရိုးရာ ပြက္ခဒိန်ကို ၁၄ ရာစုလောက် မှာ
ဂျာဗားကျွန်းကနေ ယူဆောင်လာတာ ဖြစ်ပါတယ်။ အဲဒီပြက္ခဒိန် မှာ ရှုပ်ထွေးလှတဲ့ ရာသီခွင် ကိန်းဂဏန်းတွေ
ပါဝင်ပြီး ဘာလီကျွန်းရဲ့ ရိုးရာ ပွဲတော်တွေ လုပ်ဖို့ အလေးအနက်ထား ကိုးကားရတဲ့ အချိန်ဇယား တခုပါပဲ။
၁၂ လပါဝင်တဲ့ စာဆေ့ရိုးရာ ပြက္ခဒိန်ကတော့ အိန္ဒိယ က ဆင်းသက်ပေါက်ဖွားလာတယ် လို့ယုံကြည်ရပြီး
နေသွားလမ်း၊ လသွားလမ်း (နေကြတ်၊ လကြတ်) တာတွေအပေါ် အခြေခံကာ ဂနေ့ရှ် (မဟာပိန္နဲ) အစရှိတဲ့
ဟိန္ဒူနတ်ဘုရားတွေကို ဆည်းကပ်ပူဇော်ရာ ရက်၊ လ၊ အချိန်တွေ ပါရှိတဲ့ အချိန်ဇယား တမျိုးပဲဖြစ်ပါတယ်။

အနောက်တိုင်းသားတွေ နှစ်သစ်ကူးကို ပျော်ရွှင်မြူးတူး ဆူညံစွာ ကျင်းပပေမယ့် ဘာလီမှာတော့ ရိုးရာ
နှစ်သစ်ကူးကို အလွန်အံ့သြစရာ ကောင်းလောက်အောင် တိတ်ဆိတ်စွာ ဖြတ်ကျော်ပါတယ်။ အဲဒီနေ့ကို
ညက်ပီနေ့(Nyepi Day: the Balinese Day of Silence) လို့ခေါ်ပြီး အေဒီ ၇၈ ရာစုလောက်က စခဲ့တဲ့
သက္ကဟိန္ဒူ ခေတ်သစ် (New Era of Saka Hindu) ကတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့
ညက်ပီနေ့ ဆိုတာ သဘာဝ တရားရဲ့ ချိန်ခွင်လျှာကို ထိမ်းသိမ်းတဲ့ နေ့ပါပဲ။ ဤနေ့ကို အိန္ဒိယက ဘုရင် ပထမ
ကိန္နစ္စ (King Kaniska I) က ရွေးချယ် သတ်မှတ်ခဲ့တာ လို့ဆိုပါတယ်။ ဘုရင်ပထမကိန္နစ္စ ဟာ ဉာဏ်ပညာ
ကြီးမားပြီး ရက်ရောမှုကြောင့် ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝန်းမှာ ဂုဏ်သတင်း မွှေးပါတယ်။ နောက်ပြီး သူ့ရဲ့
တခြား ဆောင်ရွက်ချက်ကတော့ ဓမ္မယတြာ (Dharma Yatra) လို့ခေါ်တဲ့ ဟိန္ဒူအယူဝါဒ ကို ဆူမာတြား၊
ဂျာဗား အစရှိတဲ့ ယနေ့ အင်ဒိုနီးရှားကို ဆောင်ယူလာပြီး သက္ကနှစ် ကို မိတ်ဆက်ခဲ့ပါတယ်။

ညက်ပီနေ့ မတိုင်ခင် ၃ ရက်မှာ မယ်လစ္စတီ ပွဲတော် (Melasti) လုပ်ကြရပါတယ်။ အဲဒီပွဲတော်ဟာ
တကယ်တော့ ပါရလင်္ဂ (Pralingga) ရုပ်တုကို ရှင်းသန့်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီလို ရှင်းသန့်စေခြင်းအားဖြင့်
စိတ်အလျင်ဟာ ရှင်းသန့်လာပြီး ဘုရားသခင်နဲ့ ပိုမိုနီးစပ်မှုရကာ နောက်ဆုံးမှာ ထာဝရရှင်သန်တဲ့ အမတ ဘုံကို
ရောက်စေဖို့ အကြောင်း အချက်လို့ ယုံကြည် ကြပါတယ်။ အဲဒီနေ့ မှာ ဘုရားကျောင်းအသီးသီးက နတ်ဘုရား
ရုပ်တုတွေကို ပင်လယ်ကိုဆောင်ယူပြီး အခမ်းအနားနဲ့ ဆေးကြောပါတယ်။

ညက်ပီနေ့ မတိုင်ခင် နေ့မှာတော့ တဝါကစ္စန္ဂ (Tawur Kesanga) ပွဲတော်ကို အကြီးအကျယ် ကျင်းပပါတယ်။
အဲဒီပွဲတော်နေ့မှာ ဘာလီကျွန်းမှာရှိတဲ့ လမ်းမကြီးတွေ အားလုံးလိုလိုကို ပိတ်ပြီး မကောင်းဆိုးရွားတွေ နတ်ဆိုး
တွေကို ပင့်ဖိတ်ပါတယ်။ အိုဂိုး အိုဂိုး (Ogoh-ogoh) လို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးရွား၊ တစ္ဆေ
နတ်ဆိုး အရုပ်တွေကို နှီး၊ ဝါး အစရှိတာတွေနဲ့ ပြုလုပ်ပြီး လမ်းဆုံ လမ်းခွ၊ လမ်းမကျယ် ကြီးတွေမှာ
လှည့်လည်ပါတယ်။ အိုဂိုး အိုဂိုး မကောင်းဆိုးရွားပုံစံ အရုပ်တွေဟာ သူတို့ ပတ်ဝန်းကျင်မှာ နေ့စဉ်လှည့်လည်
နေတဲ့ မကောင်းတဲ့ ၀ိဉာဉ် တွေကို ကိုယ်စားပြုပါတယ်။
(စကားချပ်။ ။ ဘာလီရိုးရာ ဟိန္ဒူအယူဝါဒ အရ မကောင်းဆိုးရွားတွေကို နေ့စဉ် ခေါစာပစ်ရပါတယ်)။
အဲဒီနေ့မှာ မကောင်းဆိုးရွား ရုပ်ပုံတွေကို နေဝင်ချိန်ကစပြီး ညဉ့်နက်သည်အထိ ဘာလီရိုးရာ ကြေးနောင်၊
ပတ္တလား၊ နှဲ၊ ဗုံ စတာတွေ တီးမှုတ်ပြီး ကျေးရွာအစည်းအရုံးအသီးသီး က လူငယ်အဖွဲ့တွေက တာဝန်ယူ
လှည့်လည်ကြပါတယ်။ လူသား နဲ့ နတ်ဒေဝတာ၊ လူသား အချင်းချင်း၊ လူသား နဲ့ သဘာဝပတ်ဝန်းကျင်
အစရှိသဖြင့် အချင်းချင်း သဟဇာတ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ညနေစောင်း ရောက်ချိန်မှာ
အိမ်အသီးသီး မှာ အိမ်ထောင်ဦးစီးက ဦးဆောင်ပြီး မီးတုတ်တွေကို မီးရှို့ ပြီး ဝါးဘိုးဝါး ကုလားတက်တွေနဲ့
တောထုတ်ပါတယ်။ နောက်ဆုံးမှာ မကောင်းဆိုးရွား အရုပ်တွေကို ပင်လယ်ကမ်းစပ်ကို သယ်သွားပြီး မီးရှို့ပစ်
လိုက်ရပါတယ်။ အဲဒီလို ရှို့လိုက်ခြင်းအားဖြင့် ဘူတကာလ (Bhuta Kala) လို့ ခေါ်တဲ့ မကောင်းတဲ့
စိတ်ဝိညာဉ်ဟာ ကင်းစင်လွင့်ပျောက် သွားစေတယ်လို့ ယုံကြည်ကြပါတယ်။

ညက်ပီနေ့ မှာတော့ အားလုံးဟာ ငြိမ်သက်တိတ်ဆိတ်နေပြီး ဘာလီကျွန်း တကျွန်းလုံး ဘာသံမှ မကြားရ
လောက်အောင် ဆိတ်ငြိမ်နေပါတယ်။ ဘာလီရိုးရာ လုံခြုံရေးတွေကလွဲလို့ ဘယ်သူမျှ လမ်းပေါ် မထွက်ကြရ
ပါဘူး။ နိစ္စဒူဝ အလုပ်တွေဖြစ်တဲ့ ထမင်းချက်၊ အဝတ်လျှော် စတဲ့ အလုပ်တွေလဲ ဘယ်သူမှ မလုပ်ကြပါဘူး။
ဘာလီကျွန်းပေါ်မှာ ရှိတဲ့ လူအားလုံး အိမ်အပြင်ဖက်ကိုပါ ထွက်ခွင့် မရှိပါဘူး။ ကမ္ဘာလှည့် ခရီးသည်တွေ
အားလုံးကတော့ တည်းခိုရာ ဟိုတယ်ဝင်းရဲ့ ပြင်ပကို လုံးဝ မထွက်ရပါဘူး။ ရေဒီယို၊ တီဗွီ အသံလွှင့်ဌာနများ
နားပါတယ်။ ယုတ်စွအဆုံး ဘာလီကျွန်းနဲ့ ပြင်ပကမ္ဘာ အဆက်အသွယ်လုပ်ရာ ဘာလီလေဆိပ် (Danpasar
Airport) အပါအဝင် သင်္ဘောဆိပ်၊ လှေဆိပ် အားလုံး ၂၄ နာရီ ပိတ်ပါတယ်။ တနေ့လုံး ခွေးဟောင်သံနဲ့
အင်းဆက်ပိုးမွှားတွေ အော်မြည်သံကလွဲလို့ ဘာသံမှ မကြားရပါဘူး။ ညအချိန် ရောက်တဲ့အခါမှာလဲ မီးလုံးဝ
ထွန်းခွင့် မရှိပါ။ တညလုံး ပိန်းပိတ်အောင် မည်းမှောင်နေပြီး တိတ်ဆိတ်နေပါတယ်။ ကမ္ဘာဦး အစလိုမျိုး
ဖြစ်နေပြီး နောက်တနေ့မှာ အစစ အရာရာ အားလုံး အသစ်ကဲ့သို့ ဖြစ်နေစေအောင် ဘာသာတရား နဲ့
ထိမ်းကွပ်ပြီး သတ်မှတ်ထားတဲ့ သဘောလို့ဆိုပါတယ်။

ညက်ပီနေ့အလွန် နှစ်ဆန်းတရက်နေ့(Ngembak Geni) မှာတော့ ဟိန္ဒူ အသိုင်းအဝိုင်း အချင်းချင်း ခွင့်လွှတ်
စေဖို့ လည်ပတ်ကြပြီး ဟိန္ဒူဘဂဝတ် ကျမ်းတော်လာ တရားဓမ္မ တော်တွေကို ရွတ်ဆိုကြပါတယ်။ ဘာသာရေး
စိတ်ပညာရှုထောင့်ကကြည့်ရင် ညက်ပီနေ့ဟာ လူသားခြင်းစာနာထောက်ထားဖို့၊ မေတ္တာထားဖို့၊ သည်းခံစိတ်
ရှိဖို့၊ အကြင်နာတရားထားတတ်ဖို့ အစရှိတဲ့ စိတ်ကောင်း စေတနာကောင်း ရှိစေဖို့ မိမိကိုယ်ကို ပြန်လည်
ဝေဖန်ဆန်းစစ်စေတဲ့ နေ့တနေ့ပဲ ဖြစ်ပါတယ်။ ဘာလီရိုးရာ ဟိန္ဒူဘာသာ အယူဝါဒမှာ နေ့ထူးနေ့မြတ်တွေ၊
ပွဲတော်နေ့တွေ အလွန်ပဲ များပြားလှပါတယ်။ ဒါပေမယ့် ညက်ပီနေ့ဟာ ဘာလီကျွန်းတခုလုံးအတွက်
အရေးအကြီးဆုံး ဘာသာရေးပွဲတခုဖြစ်ပါတယ်။ အထူးသဖြင့် ဘာလီကျွန်းကို တခြားကမ္ဘာ့ ဘယ်နေရာနဲ့မှ
မတူအောင် ထူးခြားစေတဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ် ။       ။

မှတ်ချက်။ ။ ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့ (စနေနေ့) မှာကိုယ်တွေ့ ကြုံခဲ့ရတဲ့ ညက်ပ်ီနေ့မှာ မနက် ၆ နာရီကစပြီး
နောက်တနေ့ မနက် ၆နာရီအတွင်း အခါအားလျော်စွာ ပတ်ဝန်းကျင် အိမ်နီးချင်းအိမ်တွေကို စူးစမ်းလေ့လာဖြစ်
ခဲ့ပါတယ်။ မနက် စောစောကတည်းက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ ည ၇ နာရီခန့်လောက်က စပြီး
တကယ် ပိန်းပိတ်အောင် မှောင်မည်းနေပါတယ်။ ကလေး အငယ်လေးရှိလို့မီးတပွင့်ထွန်းခွင့် ကြိုတင်
တောင်းခံထားတဲ့အတွက် ထွန်းထားပေမယ့် ပတ်ဝန်းကျင် ကို အလင်းမပြန့်အောင် ခန်းစီးအပေါ်ကနေ
အဝတ်အထပ်ထပ် ကာရံထားရပါတယ်။ ၂ လက်မလောက် လွတ်နေတဲ့ နေရာကနေ ခန်းဆီးကို ဖြတ်ထွက်လာ
တဲ့ အလင်းရောင်ဟာ တော်တော် ဝေးဝေးကနေ မြင်ရတယ်ဆိုတာ အပြင်ထွက်ကြည့်လို့ သိရပါတယ်။
အတော်ထူးခြားတဲ့ နေ့ဖြစ်လို့ အများသိစေလိုတဲ့စေတနာနဲ့ လေ့လာပြီး ပြန်လည် မျှဝေရခြင်းသာ ဖြစ်ပါတယ်။

Photos by Komang
Posted by An Asian Tour Operator
facebook link:
https://www.facebook.com/permalink.php?story_fbid=1604701486478147&id=100008149329661

No comments:

Post a Comment