နံရံပေါ်က အိုင်လပ်ဖ်ယူ
---------------------------------
■ ပါရီပုံရိပ်များကဏ္ဍမှာ ထည့်သွင်းဖော်ပြရမယ့် အကြောင်းအရာတခု ရှိပါတယ်၊
ဒီနေရာက ပါရီမြို့ရဲ့ နာမည်ကျော် မွန့်မတ်ထ်ပန်းချီတောင်ကုန်းနဲ့ မလှမ်းမကမ်းမှာ
တည်ရှိနေပေမယ့်လည်း အကြောင်း မသင့်လို့ မရောက်ဖြစ်တဲ့ ကွက်ပျောက်နေရာတခုပါ။
မောင်ရင်ငတေ့ထံသို့ လာရောက်လည်ပတ်သူ တွေကိုလည်း တယောက်စ နှစ်ယောက်စကလွဲလို့
လိုက်မပြ ဖြစ်သေးတဲ့ နေရာတခုပါ။ လိုက်မပြဖြစ်ခဲ့ရခြင်းအကြောင်းက သာမန်ပန်းခြံလေး တခုတွင်းမှာ
တည်ရှိနေပြီး ဟိုအရင်ကတော့ လူသိနည်းပါးလှတာကြောင့်ပါ။
အခုနှစ်ပိုင်းတွေမှာတော့ ပါရီမြို့တော်ရဲ့ သမိုင်းကြောင်း အဟောင်း တွေနဲ့အတူ
ပါရီရဲ့ ရိုမန်တစ် အလှအပများကို ခံစားချင်ကြသူ လူငယ်လေးတွေကြားမှာ
ပေါ်ပြူလာ ဖြစ်လာတဲ့နေရာတွေ ပေါ်ပေါက်လာပါတယ်။
အဲဒီထဲမှာမှ ဒီနေရာက တနေရာအဖြစ် ထင်ရှားလာခဲ့ သလို အထူးသဖြင့်ကတော့
ပျားရည်ဆမ်းခရီး မှတ်တမ်းတင်ကြသူတွေကြောင့် လူသိပိုမိုပြီးများပြား လာဟန်
တူပါတယ်။
မောင်ရင်ငတေ အဲဒီနေရာကို မရောက်ဖြစ်ခဲ့တာ ကြာပါပြီ။ အရောက်အပေါက်
နည်းခဲ့လေတော့ မေ့နေသလိုတောင် ဖြစ်နေတာလည်း ပါမှာပါ။
ဒီတခေါက် မောင်ရင်ငတေ ရောက်သွားချိန်မှာတော့ လူပရိသတ် အတော်လေး
များပြားနေတာ တွေ့မြင်ရပါတယ်၊ မောင်ရင်ငတေတို့ရဲ့ အရှေ့အာရှသား
လူငယ်လေးတွေ ပိုများပါတယ်၊
တယောက်ချင်း နှစ်ယောက်ချင်းနဲ့ စုံတွဲ တချို့ပါ၊
ဟောင်ကောင် တိုင်ဝမ် ကိုရီးယားက ခရီးသွားအုပ်စုတွေကိုတော့ မတွေ့ခဲ့မိပါဘူး၊
အဲလို အုပ်စုတွေ သွားလေ့သွားထရှိတဲ့ နေရာမျိုးမှ မဟုတ်တာကိုး၊
ဘယ် တွေ့လိမ့်မလဲ နော်။
အဲဒီ နေရာကို . . …… ….. . ….. ….. ……... ဖန်တီးခဲ့ကြသူတို့က၊
Le Mur des Je T'aime လို့ အမည်ပေးပါတယ်၊
အင်္ဂလိပ်လို ဆိုရင်တော့ Wall of Love ပေါ့၊
တချို့တွေကတော့ Le Mur des Romantiques လို့လည်း
တင်စား ခေါ်ဝေါ်ကြလေ့ရှိပါတယ်၊
မေထရို အမှတ် (၁၂) အစိမ်းရင့်ရောင်လိုင်း Abbesses ဘူတာထိပ်
ထွက်ပေါက်အနီးက ပန်းခြံလေး တခုအတွင်းမှာ တွေ့ရှိနိုင်ပါတယ်၊
အဲဒီ Square Jehan-Rictus အမည်ရပါတဲ့ ပန်းခြံလေးက ၁၉၀၀ ခုနှစ်
မတိုင်မီကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ၁၉၃၆ မှာတော့ မြို့တော်ဝန်ရဲ့ အမိန့်ရ
ပန်းခြံတခု ဖြစ်လာ ခဲ့ပါတယ်တဲ့။
ပန်းခြံရဲ့ အကျယ်အဝန်းက ဘာမှမရှိလှပေမယ့် သစ်ပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်းနဲ့
ပန်းပင်တွေကြား ခုံတန်းလျား စိမ်းစိမ်း အတော်များများ ထားရှိတာကြောင့် နေ့လည်
နေ့ခင်းတွေမှာ ဝင်ရောက် ခိုနားကြသူ အတော်အတန်များဟန် တူပါတယ်။
ပန်းခြံစည်းရိုးနဲ့ ကပ်လျက်မှာ လေးထပ်လားငါးထပ်လားမသိ တိုက်ဟောင်းတလုံးရဲ့
ခပ်မြင့်မြင့် နံရံ တခု ရှိပါတယ်၊ အဲဒီ နံရံ အောက်ခြေပိုင်းမှာ အပြာရောင် ကြွေပြားတွေ
ကပ်ထားပါတယ်၊
အဲဒီကြွေနံရံမှာ ဘာမှမဟုတ်တဲ့ စကားလုံးလေး သုံးလုံးကို ရေးထားတာတွေပါ။
တဘာသာတည်း နဲ့တော့ မဟုတ်ပါဘူး၊ လူသိများလှတဲ့ စကားလုံးတွေရော
လူသိနည်းတဲ့ စကားလုံးတွေရော တွေ့မြင် ရပါတယ်။
မောင်ရင်ငတေ ဘာမှန်း မသိနိုင်တဲ့ နားမလည်နိုင်တဲ့ စကားလုံးတွဲတွေကို
အများအပြား တနေရာ တည်းမှာ တွေ့မြင်ခဲ့ရတာမျိုးမို့ တမူထူးခြားစွာ ခံစား
မြင်တွေ့ခွင့် ရခြင်းပါ။
နံရံပေါ်မှာ ရေးထားတဲ့ အိုင်လပ်ဖ်ယူတွေကတော့ အတော်များပြားပါတယ်။
ဘာသာစာစကားပေါင်း ၃၀၀ ကျော် စုဆောင်းရရှိ ထားပါတယ်တဲ့။
Je t'aime, I love you, Ti voglio bene, Eu amo-te,
Jeg elsker dig, Wo ai ni, Te quiero …. ….. …… …….. စသဖြင့် စသဖြင့်
စုစုပေါင်း စကားလုံး တထောင်လောက် ရှိနေပါပြီတဲ့။
ဒီကနေ့ခေတ်ကာလမှာ အသုံးပြုမှု အရမ်း နည်းသွားခဲ့ပြီ ဖြစ်ကြတဲ့ အမေရိကန်
ရက်ဒ်အင်ဒီးယန်း တွေရဲ့ Navajo စကားတို့ နယူးဇီလန် အော်ရဂျင်နယ်ကျွန်းသား
တွေ ရဲ့ Maori စကားတို့ ရေခဲလူသား အက်စကီမိုတွေရဲ့ Inuit စကားတို့ အပြင် ...
မောင်ရင်ငတေတို့ရဲ့ မဟာ့မဟာ မဟာ ရွှေဗမာတို့ရဲ့ စကားလုံး
** * နင့်ကို ငါ ချစ်တယ် ** ကိုပါ ရှားရှားပါးပါး ဝမ်းသာစဖွယ် မြင်တွေ့ခဲ့ရပါတယ်။
ဒီနံရံက အိုင်လပ်ဖ်ယူများကို ဖန်တီးခဲ့ကြသူများကတော့ လက်ရေးလှဆရာ
Calligraphist Fédéric Baron နဲ့ Mural Artist နံရံဆေးရေး ပန်းချီဆရာမ
Claire Kito တို့ပါ။
သက္ကရာဇ် နှစ်ထောင်ခုနှစ်မှာ သူတို့ စတင်ဖန်တီးခဲ့တဲ့ လက်ရာ
Le Mur des Je T'aime ကတော့ ဘယ်လိုနည်းနဲ့ သက်ဆိုင်ရာက
အတည်ပြုလို့ လက်ခံခဲ့ မခံခဲ့ဆိုတာ မောင်ရင်ငတေ သေချာ မသိရှိပေမယ့်
ဒီကနေ့ ဂူဂဲလ်မြေပုံပေါ် မှာတော့ Le Mur des Je T'aime ဆိုတာက ပါဝင်နေခဲ့ပြီမို့
အလွယ်နဲ့ ရှာဖွေတွေ့ရှိ နိုင်ပါပြီ။
အဲဒီပန်းခြံကလေးနဲ့ အဲဒီတိုက်နံရံလေးဟာ ပြင်သစ်ရဲ့ ထိမ်းသိမ်းရမယ့်
အဆောက်အဦး စာရင်းမှာ မပါပါဘူး၊ ယူနက်စကိုတို့ World Heritage တို့
စာရင်းတွေမှာလည်း မပါဝင်ပါဘူး၊
တရာ့တပါးသော နာမည်ကြီး ပုဂ္ဂိုလ်ကြီးများ စာရင်းမှာ ပါဝင်သူများ
ဖြတ်သန်းသွားခဲ့ရာလည်း မဟုတ်ပါဘူး၊
အဲ ဒါပေမယ့် ဗန်ဂိုးတို့ ရေးနွားတို့ ပီကာဆိုတို့ မိုဒီလျာနီတို့ အူထရီလိုတို့လို
ဒီကနေ့ခေတ် ဆရာကြီးများစာရင်းမှာ ပါဝင်နေသူတွေ မအောင်မြင် မကျော်ကြား
သေးစဉ် အခါက ဒီမွန့်မတ်ထ်တောင်ကုန်း လမ်းကြိုလမ်းကြား မူးမူးရူးရူး ရောက်ရာ
ပေါက်ရာ သွားကြရင်း တမေ့တမော အိပ်မောကျခဲ့ဖူးကြတဲ့ ခုံတန်းလျားလေးတွေ
ထဲက တခုတလေများ ဖြစ်လေမလားလို့တော့ မောင်ရင်ငတေ တွေးမိခဲ့ရ
ပါသေးတယ်။
ဖရက်ဒရစ် ဘာရွန်ဟာ လူမျိုးဘာသာပေါင်းစုံရဲ့ အဲလို လက်ရေးလှစာလုံးတွေကို
လိုက်လံလေ့လာ စုဆောင်းခဲ့ပြီး စုဆောင်းမိခဲ့သမျှကို စာအုပ်တအုပ် လုပ်ပြီး
ပြင်သစ်မှာ အုပ်ရေငါးသောင်း အလကား ဝေခဲ့ပါတယ်တဲ့။
ဖရက်ဒရစ်နဲ့ ကီတိုတို့ နှစ်ယောက် ပေါင်းပြီး ဒီလို ဖန်တီးခဲ့တာက ဝါသနာအရလား
ထင်ပေါ် ကျော်ကြားချင်လို့လား တွေးမိသူတွေ သိချင်သူတွေ ရှိမှာပါ။
တချိန်မှာတော့ သမိုင်းဝင်ချင် ဝင်သွားနိုင်ပါတယ်၊ ဒီ အိုင်လပ်ဖ်ယူ နံရံကြီးကို
ဖျက်စေလို့ အမိန့်ထုတ်မယ့် အသည်းနှလုံး သေးတဲ့ အာဏာပိုင်ကြီးတွေ
ပေါ်ပေါက်မလာခဲ့ရင်ပေါ့လေ။
သူတို့ကတော့ သူတို့ရဲ့ဒီလက်ရာကို ဖန်တီးခဲ့ရခြင်းအကြောင်းက ငြိမ်းချမ်းမှုတွေ
တစတစ နည်းပါး ခန်းခြောက်လာတဲ့ ကမ္ဘာမြေကြီးမှာ မေတ္တာတရားတွေ ပြန်လည်
ထွန်းကားလာစေဖို့ ရည်ရွယ်ချက် နဲ့ပါလို့ ဆိုပါတယ်၊
ကမ္ဘာမြေကြီးကို စည်းမျဉ်းတွေတား နံရံတွေခြားစေချင်သူတွေ နည်းပါးလာစေဖို့
ဒီကနေ့မှာ တောင်းဆိုကြဖို့ ပိုမို လိုအပ် လာနေပါပြီလို့ သူတို့က ဆိုပါတယ်။
ဟုတ်လည်း ဟုတ်လောက်ပါပေရဲ့၊ ဒီနှစ်ပိုင်းအတွင်းမှာဘဲ ငြိမ်းချမ်းရေး ဒိုင်းကြီးတွေ
ကိုင်ပြီး ခုတ်ကြ ထစ်ကြ ရိုက်ကြ နှက်ကြတဲ့ သတင်းဆိုးတွေကိုသာ တခြိမ်းခြိမ်း
ကြားနေကြရတယ် မဟုတ်ပါလား။
ဘယ်ဒေသ ဘယ်စက်ရုံက ထုတ်လုပ်မှန်း မသိနိုင်ပါတဲ့ လက်နက်ကြီးတွေနဲ့
စစ်ရေးပြပွဲကြီးတွေက ကြီးမားသထက် ကြီးမားလာပြီး ဒီမိုကရေစီ လက်ကြားမချ
အော်ဟစ်ကြသူတွေ ပိုမိုများလာနေတာ ကတော့ အမှန်ပါ။
မောင်ရင်ငတေကတော့ အဲဒီ ဒီမိုကရေစီ ဆိုတာကြီးကို ပစ်ပြီး ရိုမန်တစ်စစ်စစ်နဲ့
ခပ်အေးအေးသာသာ နေချင်မိပါတော့တယ်၊ ကဲ နံရံပေါ်က အိုင်လပ်ဖ်ယူကို
နိဂုံးချုပ်ပါမယ်။
နံရံပေါ်က အိုင်လပ်ဖ်ယူကို စတင်ဖန်တီးသူ လက်ရေးလှဆရာ Calligraphist
Fédéric Baron ဟာ နိုင်ငံအတော်များများကို ရောက်ခဲ့ပြီး လက်ရေးတွေကို
လေ့လာခဲ့ရာကနေ ဒီအကြံကို ရရှိပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်းကစပြီး
အကောင်အထည် ဖော်ဖြစ်ခဲ့ရာ အခုအခါမှာတော့ နာမည်ကျော်စ ပြုလာခဲ့ ပါပြီ။
ဒါမျိုးတွေကို စိတ်ဝင်စားတတ်တဲ့ မောင်ရင်ငတေတို့လိုကောင် လူအိုကြီးတွေရယ်
ကမ္ဘာလှည့် ပျားရည်ဆမ်းချင်ကြတဲ့ လူငယ် ချာတိတ်တွေရယ် ရှိနေတာကြောင့်
ပိုမိုပြီး နာမည်ကျော်ကြားလာဖို့ ရှိပါသေးတယ်လို့ ထင်မြင်ယူမိရကြောင်းပါ ခင်ဗျား။
ဒီတခေါက် ပါရီမြို့သို့ လာလည်မယ့်သူကိုတော့ ဒီနေရာလေးကို
မရောက်ရောက်အောင် လိုက်ပို့ဖို့ ရည်ရွယ်ထားမိရကြောင်းပါ...။
နောက်ဆက်တွဲ အနေနဲ့ ဆက်ရေးရရင် . . . ……. ……… အဲဒီနေ့က
ကံကြုံချင်တော့ မောင်ရင်ငတေ ပန်းခြံလေးထဲက ပြန်အထွက်မှာ
အကမင်းသမီးတလက်နဲ့ အဖွဲ့တဖွဲ့ ဝင်လာတာတွေ့လို့ မှတ်တမ်းတင်ဖို့
ပြန်ဝင်လိုက်သွားခဲ့ပြီး မင်းသမီးရဲ့ တကိုယ်တော်အဆိုအကကို မှတ်တမ်းတင်ခွင့်
ရလိုက်ပါတယ်။
အော်ပရာမှာဆိုကသလို ဆိုကသွားတာကို မှတ်တမ်းတင်လို့သာ တင်ခဲ့ရပေမယ့်
ဘာအဓိပ္ပါယ်လဲ ဘာအတွက်လဲတော့ မသိလိုက်ပါဘူး။
သြော် ခပ်ညံ့ညံ့ ခပ်တုံးတုံး လေးသာ ကောင်းပါတယ် မောင်ရင်ငတေလို့သာ
ကိုယ့်ကိုကိုယ် အားပေးမိ လိုက်ရပါတယ် ခင်ဗျား။
အဆိုအကကို နားလည်ခံစား ကြည့်ရှုချင်သပ
ဆိုရင်တော့ ဒီ ယူကျူကိုသာ ဖွင့်ကြည့်ကြပါကုန်၊
https://www.youtube.com/watch?v=JJllyLXV5h0
မောင်ရင်ငတေ ၂၈၀၇၂၀၁၆
facebook link:
https://www.facebook.com/permalink.php?story_fbid=1793993460882281&id=100008149329661
No comments:
Post a Comment