မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, August 19, 2017

သိပ္ပံဘိုးဘိုးအောင်


သိပ္ပံဘိုးဘိုးအောင်
---------------------------


ကျမတို့ငယ်ငယ်က ဘိုးဘိုးအောင်ရဲ့ တန်ခိုးတွေကို တစ်ပိုင်းတစ်စ ကြားခဲ့ရပါတယ်။ သူ့ကိုနှောက်ယှက်တဲ့သူတွေကို ဘိုးဘိုးအောင်က ဝလုံး တစ်လုံးရေးပြပြီး၊ သူ့ကို မဖျက်ဆီးခင် ဒီ ဝလုံးကို အရင်ဖျက်အုံးလို့ ပြောခဲ့တယ်တဲ့။ အဲ့ဒီ ဝလုံးက ဖျက်လိုက်တာနဲ့ နှစ်လုံးဖြစ်သွားတယ်။ နှစ်လုံးကို ဖျက်လိုက်တော့
လေးလုံးဖြစ်သွားတယ်။ အဲ့ဒီလို နှစ်ဆ နှစ်ဆဖြစ်သွားလို့ ဖျက်တဲ့သူတွေလည်း လက်လျော့လိုက်ရတယ် ဆိုတာပါပဲ။


အခုပြောမဲ့ သိပ္ပံဘိုးဘိုးအောင်ဆိုတာက ဘိုးဘိုးအောင်လိုပဲ ကျမတို့ရဲ့ဗီဇတွေကို နှစ်ဆ နှစ်ဆစီ တိုးသွားစေတဲ့ PCR (Polymerase chain reaction) အကြောင်းပါပဲ။ ဒီ PCR ဟာ ကျမတို့ရဲ့ ကိုယ်ခန္ဓာထဲမှာ သဘာဝအတိုင်း အမြဲဖြစ်ပျက်နေကြပါတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာအပြင် (ဓာတ်ခွဲခန်းထဲ)မှာ လုပ်နိုင်တာကတော့ ၁၉၈၃ ခုနှစ်က Kary Mulllis ကြောင့်ပါ။ Kary Mulllis ဟာ ၁၉၉၃ ခုနှစ်မှာ ထိုက်တန်စွာ သိပ္ပံပညာ (ဓါတုပညာ Chemisrty) နဲ့ Noble ဆု ရရှိခဲ့ပါတယ်။
ဒီ သိပ္ပံဘိုးဘိုးအောင်နည်းဟာ ဆေးပညာ၊ ဇီဝပညာ၊ ရာဇဝတ်မှုတွေမှာ အလွန်အသုံးဝင်တဲ့ နည်းဖြစ်ပါတယ်။ ဒီနည်းမှာ ဗီဇ အနည်းငယ်ကို လိုသလောက် အဆများစွာပွားနိုင်တဲ့အတွက်
ဥပမာ။ ရာဇဝတ်မှု တစ်ခုမှာ တရာခံရဲ့ ဆံပင်တစ်ချောင်းကျနေတယ်ဆိုရင်၊ အဲ့ဒီ ဆံပင်ရဲ့ အမြစ်မှာရှိတဲ့ DNA စ လေးကနေ တရားခံရဲ့ DNA တွေ အများကြီးပွားနိုင်ပြီး၊ တရားခံဖြစ်နိုင်သူတွေရဲ့ DNA တွေနဲ့ တူ၊ မတူ စစ်ခြင်းဖြင့် တရားခံအမှန်ကို ဖေါ်ထုတ်နိုင်ပါတယ်။ ထိုနည်းအတူ တရားခံက သွေးစွန်းနေတဲ့ အဝတ်တွေကို သုတ်ပစ်၊ လျော်ပစ်ပေမဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ သွေးစက်တွေ (uv light မှာမြင်နိုင်တဲ့အရာတွေ) က DNA တွေကို ပွားများနိုင်ပါတယ်။
ကျမတို့ရဲ့ ဗီဇ(gene) တွေဟာ သာမာန်အားဖြင့် မုန့်ကြိုးလိမ်လို ကြိုးနှစ်ချောင်းလိမ်သလိုမျိုး ဖြစ်နေပါတယ်။ တစ်ကြိုးက ဖခင်ဆီကရပြီး၊ ကျန်တစ်ချောင်းက မိခင်ဆီက ရတာဖြစ်ပါတယ်။ ဒီမုန့်ကြိုးလိမ် (chromosome) တွေဟာ သူတို့နဲ့သက်ဆိုင်ရာ ဗီဇတွေနဲ့ မျက်နှာချင်းဆိုင်မှာ အစုံလိုက်ရှိနေကြပါတယ်။ ဥပမာ။ ဆံပင်အရောင်ကို ဆုံးဖြတ်မဲ့ ဖခင်ရဲ့ဗီဇနဲ့ မိခင်ရဲ့ဗီဇဟာ မျက်နှာချင်းဆိုင်လျက် အစုံလိုက် ရှိနေပါတယ်။ ထိုနည်းအတူ မျက်စိအရောင်ကို ဆုံးဖြတ်မဲ့ ဖခင်ရဲ့ဗီဇနဲ့ မိခင်ရဲ့ဗီဇ ဟာလည်း အစုံလိုက် ရှိနေပါတယ်။ ဒီဗီဇပေါ်မူတည်ပြီး ကျမတို့ရဲ့ ဆံပင်အရောင်၊ မျက်စိ အရောင်တွေ ဖြစ်လာပါတယ်။ ကျမတို့ကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာ ဗီဇတွေဟာ မုန့်ကြိုးလိမ်လို ရှိနေပါတယ်။ ဆေးပညာအရ (Diploid ) အစုံလိုက်လို့ ပြောပါတယ်။ ဒါပေမဲ့ အမမျိုးဥနဲ့ အဖိုမျိုးဥဖြစ်တဲ့ ovum and sperm မှာတော့ (haploid) တစ်ကြိုး အနေနဲ့ပဲ ရှိပါတယ်။ သို့မှသာ ဖခင်နဲ့ မိခင်မျိုးဥတို့ ပေါင်းစပ်တဲ့အခါ သက်ဆိုင်ရာဗီဇတွေရှိတဲ့ ကြိုးနှစ်ချောင်း တွဲမိပြီး၊ မုန့်ကြိုးလိမ်ဖြစ်သွားပြီး နောင်ဖြစ်လာမည့် သန္ဓေသားရဲ့ပုံသဏ္ဍန်တွေကို ဖန်ဆင်းပါတယ်။
ကိုယ်ထဲမှာဆဲလ်တစ်ခုက နှစ်ခုပွားတော့မယ်ဆိုရင် ဒီမုန့်ကြိုးလိမ် (chromosome) တွေ (အားလုံးပေါင်း ၂၃ စုံ) ဆဲလ်ရဲ့အလယ်မှာ တန်းစီကြပါတယ်။ ပြီးတော့ ဒီမုန့်ကြိုးလိမ်တွေ ပြေသွားပြီး ကြိုးတစ်ချောင်းစီ ဖြစ်သွားပါတယ်။ နောက် ကြိုးတစ်ချောင်းစီကွဲသွားကြပါတယ်။ ကွဲသွားတဲ့ ကြိုးတစ်ချောင်း (chromosome တစ်ခြမ်း) စီမှာ ၎င်းနဲ့ သက်ဆိုင်တဲ့ ဗီဇ (gene) တွေကို (Polymerase enzyme) လို့ခေါ်တဲ့ enzyme တွေက ဗီဇ (gene) တွေ ဖြစ်မဲ့ သက်ဆိုင်ရာ nucleotide တွေကို သယ်လာပေးပါတယ်။ ဒီလိုနည်းနဲ့ chromosome တစ်ခြမ်းကနေ chromosome တစ်စုံဖြစ်သွားပါတယ်။ နဂိုက လိမ်ထားတဲ့ chromosome အလိမ်တစ်ခုက အလိမ်ပြုတ်သွားပြီး chromosome နှစ်ခြမ်းဖြစ်၊ chromosome တစ်ခြမ်းက chromosome တစ်စုံစီ ဖြစ်တာမို့ နောက်ဆုံး chromosome တစ်စုံက chromosome နှစ်စုံ ဖြစ်သွားပါတယ်။ ဒီလိုနည်းနဲ့ chromosome တွေ နှစ်ဆ နှစ်ဆ (ဘိုးဘိုးအောင်တန်ခိုးလို) ဖြစ်သွားပါတယ်။
အဲဒီလို ဖြစ်ဖို့ဟာ ဗီဇ (gene) တွေရဲ့ အခြေခံဖြစ်တဲ့ nucleotide တွေနဲ့စီပေးတဲ့ Polymerase enzyme တွေလိုအပ်ပါတယ်။
ဗီဇ (gene) ကို တည်ဆောက်တဲ့ nucleotide က လေးမျိုးပဲရှိပါတယ်။ adenine, thymine, guanine, and cytosine တို့ဖြစ်ပါတယ်။ အတိုကောက်အနေနဲ့ A, T, G and C တို့ဖြစ်ပါတယ်။ သူတို့ဟာ တွဲချင်တဲ့သူနဲ့မတွဲပါဘူး။ Adenine က thymine နဲ့ပဲတွဲပါတယ်။ guanine ကလဲ cytosine နဲ့ပဲတွဲပါတယ်။ ဒီ nucleotide လေးမျိုးဟာ
မြတ်ဘုရားဟောထားတဲ့ မဟာဘုတ်ကြီးလေးပါးလား ? မဟာဘုတ်ကြီးလေးပါးမှာပါတဲ့ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ရုပ်ပရမတ်တရားတွေဟာ မဖောက်မပြန် အမြဲ မှန်ကန်တယ်တဲ့။ ဆိုလိုတာက ပထ၀ီ ပရမတ်က ဘယ်မှာဖြစ်ဖြစ် (လူကိုယ်၊ တိရိစ္ဆာန်ကိုယ်၊ နတ်ကိုယ်) သူ့တို့ရဲ့ သဘောသဘာဝအတိုင်း မာခြင်း၊ ပျော့ခြင်း၊ ပူခြင်း၊ အေးခြင်း ဆိုတဲ့ သတ္တိတို့ကိုသာပြတယ်တဲ့)။
ဒီ ဗီဇတွေကို တည်ဆောက်တဲ့ nucleotide တွေ ကိုယ်ထဲမှာ အလုပ်လုပ်ဖို့ Polymerase enzyme တွေလိုအပ်ပါတယ်။ ဒီ enzyme တွေက ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်မှာမှ အလုပ်လုပ်ပါတယ်။ ဗီဇတွေရှိတဲ့ မုန့်ကြိုးလိမ် (chromosome) တွေကို
နှစ်ခြမ်းခွဲဖို့ကတော့ လွယ်ပါတယ်။ chromosome တွေကို ၁၀၀ ဒီဂရီ စင်တီဂရိတ် အပူပေးလိုက်ရင် နှစ်ခြမ်းကွဲသွားပါတယ်။ အပူချိန်ကို ပြန်ချလိုက်ရင် chromosome တွေ
နှစ်ခုပြန်တွဲသွားပါတယ်။ ဒါပေမဲ့ Polymerase enzyme တွေ အလုပ်မလုပ်နိုင်တဲ့အတွက် ဗီဇ (gene) တွေ သယ်ဆောင်ထားတဲ့ chromosome တွေ နှစ်ဆမပွားနိုင်ပါဘူး။
ဆောင်းဦးပေါက် တစ်နေ့မှာ Kary Mulllis တစ်ယောက် ရေပူစမ်းမှာ အနားယူ ရေစိမ်နေပါတယ်။ အဲ့ဒီအချိန် ရေပူစမ်းထဲမှာ ကူးခတ်နေတဲ့ ငါးလေးတွေကို
တွေ့လိုက်ရပါတယ်။ သတ္တဝါတိုင်းမှာ ဗီဇတွေရှိတယ်။ အဲ့ဒီ ဗီဇတွေကလည်း အမြဲ ဖြစ်နေ၊ ပျက်နေတယ်။ ဗီဇ (gene) တွေဖြစ်ဖို့ Polymerase enzyme လိုတယ်။ ရေပူစမ်းက ငါးတွေလဲ Polymerase enzyme ရှိရမယ်။ ဒီငါးတွေက အပူမှာနေတဲ့အတွက် သူတို့မှာရှိတဲ့ Polymerase enzyme တွေက အပူမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ အသိဉာဏ် ရရှိသွားပြီး၊ အနားယူရာက ချက်ချင်း ဓါတ်ခွဲခန်းကိုပြန်ခဲ့ပြီး လက်တွေ့စမ်းသပ်အောင်မြင် ခဲ့တဲ့၊ ငါးတွေဆီကရတဲ့ Polymerase enzyme တွေကို ဓါတ်ခွဲခန်းမှာ အသုံးပြုခြင်းဖြင့် ဗီဇ (gene) တွေကို အမြောက်အမြား ပွားယူနိုင်သွားတာဖြစ်ပါတယ်။ ဗီဇ (gene) တစ်ခုက နှစ်ခုဖြစ်တာကို (one cycle) လို့ခေါ်ပါတယ်။ အဲ့ဒီအတွက် ၅ မိနစ်ကြာပါတယ်။ ယခုအခါ auto လုပ်နိုင်တဲ့ စက်တွေရှိနေပါပြီ။ ဘယ်နှစ်ကြိမ် (how many cycles) လုပ်မယ်ဆိုတာကို စက်မှာ ခလုပ်နှိပ်လိုက်ရင် သူ့ဘာသာ အလုပ်လုပ်ပါတယ်။

(မြတ်ပန်းရဂုံ)
Wednesday, May 2, 2012
#MNM0053

No comments:

Post a Comment