မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, January 21, 2015

AEROSOL


ကမ္ဘာ့လေထုအမြင့်ထဲမှာ ရောက်နေတဲ့ အမှုန်ကလေးတွေတွေဟာ နဂို
ထင်ထားတာထက် ကမ္ဘာ့ ဥတုရာသီအပေါ် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို
မကြာခင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
 လေထဲမှာရှိနေတဲ့ Aerosol လို့ခေါ်တဲ့ အမှုန်လေးတွေဟာ နေရောင်ခြည်ကထွက်တဲ့
ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေကို ကာထားပေးတာကြောင့် ကမ္ဘာ့မြေမျက်နှာပြင်ကို
ပိုအေးလာစေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာပါ။ အဲဒီ အေးအောင် ကာကွယ်ပေးထား
တဲ့ အမှုန်လေးတွေက ကမ္ဘာမြေပေါ်မှာ လူတွေကဖန်တီးလို့ ဖြစ်ပေါ်လာတဲ့ ကမ္ဘာကြီး
ပူနွေးမှုအရှိန် လျော့ကျသွားအောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟန့်တားပေးထား
တာကို နိုင်ငံတကာ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ သုတေသီတွေက တွေ့ရှိခဲ့ကြတာပါ။
 အနာဂတ်မှာ ဖြစ်ပေါ်လာမဲ့ မိုးလေဝသအခြေအနေကို ခန့်မှန်းရတဲ့အလုပ်က တကယ့်
ကို မသေချာ မရေရာတဲ့ကိစ္စပါ။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုကို လေ့လာနေကြတဲ့
သိပ္ပံပညာရှင်တွေအတွက် သေချာတာတစ်ခုကတော့ ကမ္ဘာမြေကြီးရဲ့ လေထုဟာ ပိုပြီး
ပူလာနေတယ်ဆိုတဲ့ အချက်ပါပဲ။
 Co2 လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ တခြား စက်မှုလုပ်ငန်းတွေကထွက်လာတဲ့
ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ကမ္ဘာကြီးရဲ့ပျမ်းမျှအပူချိန်
ဟာ တဖြည်းဖြည်း ပူနွေးလာနေပါတယ်။ ဒါပေမယ့် ဒီကိစ္စကို အနီးကပ်လေ့လာကြည့်
လိုက်တဲ့အခါ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေရှိနေတာကို
တွေ့ရတယ်လို့ အမေရီကန်အစိုးရလက်အောက်ခံ NOWA လို့ခေါ်တဲ့ အမေရီကန်
အမျိုးသား အဏ္ဏဝါနဲ့ လေထုဆိုင်ရာဌာနက ရသီဥတုဆိုင်ရာ သိပ္ပံပညာရှင်
ဂျွန် ဒန်နီယယ် က ပြောပါတယ်။
 “ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကမ္ဘာကြီး ဆက်တိုက် ပူနွေးလာခဲ့ပေမဲ့ ၂၀၀၁-ခုနှစ်က
စပြီး အဲဒီ ပူနွေးမှုနှုန်းက တကမ္ဘာလုံးအတိုင်းအတာနဲ့ ရပ်တန့်သွားတယ်ဆိုတာကို စ
တွေ့လာရပါတယ်...”
 ဆိုလိုတာကတော့ ကမ္ဘာမြေကြီးဟာ ပူနွေးမြဲ ပူနွေးနေပါတယ်။ ဒါပေမဲ့ အဲဒီ ပူနွေးတဲ့
အရှိန်က နှေးကွေးလာနေတာပါ။ အခုလို ဖြစ်လာလိမ့်မယ်လို့ ရာသီဥတုပြောင်းလဲမှု
ဆိုင်ရာ သိပ္ပံပညာရှင်တွေရော၊ ကွန်ပျူတာနဲ့ စမ်းသပ်ထားတဲ့ နမူနာတွေကရော
ကြိုတင် တွက်ချက်မထားကြဘူးလို့ ဂျွန် ဒန်နီယယ် က ပြောပါတယ်။ ဒါ့ကြောင့် ဂျွန်
ဒန်နီယယ်နဲ့ သူ့ရဲ့ အမေရီကန်-ပြင်သစ် လုပ်ဖော်ကိုင်ဖက်တွေ ပူးပေါင်းပြီးတော့
အရင်က သုတေသနလုပ်ငန်းတွေမှာ ထည့်စဉ်းစားလေ့မရှိတဲ့ လေထုထဲက နမူနာ
တွေကို စတင် လေ့လာခဲ့ကြတာပါ။ အဓိက ကတော့ ကမ္ဘာကြီရဲ့ ပူနွေးမှုအရှိန်ဟာ
ဘာကြောင့် နှေးကွေးသွားသလဲဆိုတာကို လေ့လာကြတာပါ။
 “ ဆက်သွယ်ရေးဂြိုလ်တုက တွေ့ရှိတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ လေ့လာ
ကြည့်တယ်။ နောက် ဟာဝိုင်အီကျွန်း တောင်ထိပ်ပေါ်မှာရှိတဲ့ လေ့လာရေးစခန်း
မိုနာလိုဝါ က ရတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ လေ့လာကြည့်တယ်။ အဲဒီ
ကာလအတွင်း လေထုထဲမှာရှိတဲ့ Aerosol အမှုန်တွေ ပါဝင်မှုနှုန်း မြင့်လာတယ်ဆိုတာ
ကို ကျွန်တော်တို့ တွေ့ရတယ်။ ၂၀၀၀-ခုနှစ်နောက်ပိုင်းမှာ သုတေသနလုပ်တဲ့ သူတွေ
က လေထုထဲမှာ Aerosol အမှုန်တွေ ရှိနေတယ်ဆိုတဲ့အချက်ကို သူတို့ သုတေသနတွေ
ထဲမှာ ထည့်မတွက်ကြဘူး...”
 စက်ရုံတွေ၊ မော်တော်ယာဉ်တွေကနေထွက်လာပြီး မြို့ပြတွေမှာ ဖြစ်ပေါ်စေတဲ့ မီးခိုးတွေ၊
ကြပ်ခိုးတွေနဲ့ တခြားအမှုန်တွေအကြောင်းကိုတော့ အများစုက ယေဘုယျအားဖြင့် သိရှိ
ထားကြပြီးသားပါ။ ဒါပေမယ့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေတဲ့ လေထုထဲက ကာဗွန်ဒိုင်
အောက်ဆိုဒ် ဓာတ်ငွေ့တွေနဲ့ နှိုင်းယှဉ်လိုက်ရင် လေထုအမြင့်ထဲမှာရှိနေတဲ့ အဲဒီ
Aerosol လို့ခေါ်တဲ့ အမှုန်လေးတွေက ကမ္ဘာမြေကို အတိုင်းအတာတစ်ခုအထိ အေးစေ
တယ်လို့ ဂျွန်ဒန်နီယယ် ကပြောပါတယ်။
 “ ဒီအမှုန်လေးတွေက ကမ္ဘာမြေကို အေးစေတဲ့အကြောင်းကတော့ ကမ္ဘာမြေပေါ်
ကျရောက်နေတဲ့ နေရောင်ခြည်တွေ ကမ္ဘာမြေပေါ်ကို မကျရောက်နိုင်အောင် ကာထား
ပေးတဲ့အတွက်ကြောင့် ဖြစ်တယ်၊ ဒီအမှုန်လေးတွေက အထက်လေထုလွှာကို အေးစေ
တယ်ဆိုတဲ့အချက်ကလဲ အသစ်အဆန်းတော့ မဟုတ်ဘူးပေါ့ဗျာ..ဒါကို ကျွန်တော်တို့
သိထားတာ ကြာပါပြီ..”
 ဒါဆို လေထုအထက်လွှာမှာရှိနေတဲ့ အဲဒီ အမှုန်လေးတွေကို သိပ္ပံပညာရှင်တွေ အရင်က
ဘာကြောင့် ထည့်မစဉ်းစားခဲ့ကြတာပါလဲ... သူတို့ဟာ ပုံမှန်အားဖြင့် ကမ္ဘာမြေနဲ့ နီးနီး
ကပ်ကပ် ရှိနေပေမယ့် လေထုအထက်လွှာထဲမှာ သိပ် များများစားစား မရှိလှဘူးလို့
ဆိုပါတယ်။ ဝိုင်အိုမင်းတက္ကသိုလ်က လေထုဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ တယ်ရီ
ဒက်ချလာ က ဒါကို ရှင်းပြထားပါတယ်။
 “ ဖီလစ်ပိုင်နိုင်ငံက ပင်နာတူဘိုမီးတောင်ကြီး ပေါက်ကွဲတယ်ဆိုကြပါစို့ဗျာ..ဒီမီးတောင်
ကနေ Aerosol အမှုန်တွေ အများကြီး လေထုထဲကို မှုတ်ထုတ်လိုက်မယ်... ဒါပေမဲ့
ဒါတွေဟာ တစ်နှစ်လောက်ကြာတဲ့အခါမှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီအမှုန်တွေနဲ့ တစ်ချိန်
တည်းမှာပဲ ဆာလ်ဖာဂက်(စ်)လို့ခေါ်တဲ့ ကန့်ဓာတ်ပါတဲ့ ဓာတ်ငွေ့တွေလဲ လေထုထဲကို
မှုတ်ထုတ်လိုက်ပါတယ်။ ဒီ ကန့်ဓာတ်ငွေ့တွေက ကန့်ငရဲမီး အစက်ကလေးတွေအဖြစ်နဲ့
ပြောင်းလဲသွားကြပါတယ်။ ဒီအစက်ကလေးတွေက အရမ်းကို သေးငယ်လွန်းတဲ့အတွက်
ကမ္ဘာ့မြေဆွဲငင်အားက သူတို့အပေါ်ကို အကျိုးသက်ရောက်မှု မရှိဘဲနဲ့ ပင်နာတူဘို
မီးတောင်ကထွက်တဲ့ ဒီအမှုန်တွေဟာ လေထုရဲ့အထက်လွှာထဲမှာ ငါးနှစ်၊ ခြောက်နှစ်
လောက်အထိ ရှိနေတတ်ကြပါတယ်..”
 ၁၉၉၁-ခုနှစ်မှာ ပေါက်ကွဲခဲ့တဲ့ ပင်နာတူဘိုမီးတောင်လောက် ကြီးမာတဲ့ မီးတောင်
ပေါက်ကွဲမှုက ဖြစ်ခဲတယ်လို့ ဒက်ချလာ က ပြောပါတယ်။ ပင်နာတူဘိုမီးတောင်
ပေါက်ကွဲအပြီး ငါးနှစ်၊ ခြောက်နှစ်လောက် အကြာမှာတော့ မီးတောင်မပေါက်ခင်က
မှတ်တမ်းတင်ထားတာထက် အဲဒီ Aerosol လို့ခေါ်တဲ့ အမှုန်တွေရဲ့ တန်ပြန် အကျိုး
သက်ရောက်မှုကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတာပါ။ ဒါပေမဲ့ လေထုအထက်လွှာမှာ
ရှိနေတဲ့ အမှုန်တွေက သုညအဆင့်ထိ ပြောင်းလဲလျော့ကျသွားတာတော့ မဟုတ်ပါဘူး။
အဲဒီအမှုန်လေးတွေရဲ့ အရေအတွက်ဟာ မီးတောင်ပေါက်ကွဲမှု ကြီးကြီးမားမား မရှိပေမဲ့
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးပွားလာတာကို တွေ့ရတယ်လို့ ဂျွန် ဒန်နီယယ်က
ပြောပါတယ်။ ဒါဟာ လေထုထဲက ပူနွေးမှုလျော့စေတဲ့ အကြောင်းတစ်ခုလားလို့
သူ့အနေနဲ့ စဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။
 “ သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၁၀ ကြားမှာ အပူချိန် ဘယ်လောက်တက်သွားတယ်ဆိုတာကို
ကျွန်တော်တို့ တွက်ချက်ကြည့်တယ်။ ပထမတော့ လေထုအထက်လွှာထဲမှာရှိတဲ့ အမှုန်
တွေကိုပါ ထည့်တွက်တယ်။ နောက် အဲဒါတွေမပါဘဲ တွက်ချက်ကြည့်တယ်။ အဲဒီမှာ
ကျွန်တော်တို့တွေ့ရတာက လေထုအထက်လွှာထဲမှာ အဲဒီ Aerosol လို့ခေါ်တဲ့ အမှုန်
လေးတွေ ရှိနေတာကြောင့် အပူချိန် ၂၀% လောက် လျော့ကျနေတယ် ဆိုတာကို
ကျွန်တော်တို့ တွေ့ခဲ့ရတာပါပဲ..”
 ယေဘုယျအားဖြင့်တော့ လေထု အထက်လွှာထဲမှာ အမှုန်လေးတွေ များလာလေလေ
လေထုထဲက အပူချိန်တက်တဲ့နှုန်း လျော့ကျလာလေလေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လေထု
အထက်လွှာထဲကို အဒီ အမှုန်လေးတွေ ဘယ်အချိန်က ဘယ်လိုရောက်လာကြတယ်
ဆိုတာကတော့ ပြောရခက်တယ်လို့ ဒန်နီယယ်ကော ဒက်ချလာကော နှစ်ယောက်လုံးက
ထောက်ပြကြပါတယ်။
 ဒီအမှုန်တွေဟာ အင်အားပြင်းတဲ့ မီးတောင်ကနေ ရောက်လာတာ ဖြစ်နိုင်တယ်လို့ တချို့
သိပ္ပံပညာရှင်တွေကပြောသလို တချို့ကလဲ ဆာလ်ဖာလို့ခေါ်တဲ့ စက်ရုံတွေကထွက်တဲ့
ကန့်တွေကနေ ရောက်လာတာလဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
 ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်တဲ့ အကောင်းဆုံးနည်းဟာ အဲဒါတွေကို တွန်းလှန်နိုင်မဲ့
နည်းပညာတွေကို တီထွင်ဖန်တီး လုပ်ဆောင်တာမဟုတ်ဘူး ဆိုတဲ့အပေါ်မှာ ဥတုရာသီ
ဆိုင်ရာ သိပ္ပံပညာရှင်အများစုက သဘောတူကြပါတယ်။ ကာဗွန်ဓာတ်ငွေ့ အများအပြား
ပါဝင်တဲ့ ကျောက်မီးသွေးလို တွင်းထွက်လောင်စာတွေကို အသုံးပြုမှု လျှော့ချပြီး ပြန်လည်
အသုံးချနိုင်တဲ့ လောင်စာဆီတွေကို အသုံးပြုတာက အကောင်းဆုံးနည်း ဖြစ်တယ်လို့
သူတို့က ယုံကြည်နေကြတာပါ။ ဒါမှလဲ နောင် ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာကြီး
ပူနွေးလာမှုကို ရှောင်ရှားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုနေကြပါတယ်။

Source:VOA News

No comments:

Post a Comment