မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, January 24, 2015

ဖလော်ရင့်စ်နိုက်တင်ဂေးလ် အကြောင်း




စိတ်နှလုံးလှ မီးအိမ်ရှင်မ နိုက်တင်ဂေးလ်

ဖလော်ရင့်စ်နိုက်တင်ဂေးလ်၏ မိဘများသည်ချမ်းသာကြပြီး အထက်တန်းအလွှာထိ ဝင်ဆံ့ကြ သည်။ မတောင့်မတ မကြောင့်မကြ လိုတရဘဝဖြင့် ရှင်သန်ကြီးပြင်းခဲ့သူဖြစ် သည်။ ကျောင်းပညာ အရာ၌လည်း သူ့ခေတ်ကပညာတတ်၊ အမျိုးသမီးလောကတွင် ထိပ်တန်းမှရှိနေခဲ့သည်။ ခရီးသွားခြင်းကို ဝါသနာပါသဖြင့် မိမိတိုင်းပြည်သာမက နိုင်ငံရပ်ခြား တိုင်းပြည်များသို့ပင် အလည်အပတ် သွားရောက် ခဲ့သည်။ စူးစမ်းဆင်ခြင်နိုင်သည့် သဘောရှိသလို လူအများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်သည့် ဆန္ဒမှာ သူ၏ စိတ်နှလုံးသား ထဲတွင်  ပိုမိုကြီးမားလာခဲ့သည်။ ထို့ကြောင့် အသက် ၃ဝ ကျော်အရွယ်တွင် ဖလော်ရင့်စ်နိုက်တင်ဂေးလ်သည် လူသားအများတို့အား အကျိုးကျေးဇူးပြုသည့် လုပ်ငန်း တစ်စုံ တစ်ရာပြုလုပ်ဆောင်ရွက်နိုင်မှသာလျှင် မိမိဘဝသည် တန်ဖိုးရှိသော၊ အဓိပ္ပာယ်စစ်မှန်ပြည့်ဝသော ဘဝဖြစ်မည် ဟူ၍ သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်လျက်ရှိခဲ့သည်။

မိဘများက သမီးကိုချစ်မြတ်နိုး၍ အနာဂတ်ဘဝ လှပစေချင်ခဲ့သော်လည်း ဖလော်ရင့်စ်နိုက်တင်းဂေးလ် ဝါသနာကြီးသည်က လူမှုရေးလုပ်ငန်းဖြစ်သောကြောင့် သူနာပြုလုပ် ငန်းကို မလုပ်ရန် တားမြစ်ကြသော်လည်း မိမိစိတ်ဝင်စားခဲ့သော ထိုလုပ်ငန်းတာဝန်ကြီးများကို မထမ်းဆောင်ခင် နိုက်တင်ဂေးလ်သည် သူဝင်ရောက်လုပ်ကိုင်မည့် ဆေးရုံများ၊ လူနာပြုစုနေသည့် သူနာပြုများ၏ ဘဝများစွာကို လေ့လာခဲ့သည်။ ထိုခေတ်ကာလက သူနာပြုများ၏ ဘဝသည် လူနာများအပေါ် စေတနာမပါခဲ့သလို ဝတ္တရားကျေလုပ်ကိုင်သည့်အပြင် ထိုလုပ်ငန်းသည် အောက်ဆုံး အလွှာ ဆင်းရဲသားများသာ လုပ်ကိုင်သည့် အချိန်ဖြစ်သည်။ ထိုကြောင့် ကုသပြုစုခြင်းများမစတင်မီ သူ့ အနေဖြင့် ရောမမြို့၊ ပါရီမြို့၊ အလက်ဇန္ဒားမြို့ စသည်တို့ကို သွားရောက်ခဲ့ပြီး သူနာပြုလုပ်ငန်းများ၌လည်း စနစ်တကျလေ့လာခဲ့သည်။
နိုက်တင်ဂေးလ်က သူဝါသနာပါ၍ ပြုလုပ်တော့မည်ဖြစ်သော လုပ်ငန်းကြီးသည် သူကြီးပြင်း ကျင်လည်ခဲ့ရာ ဘဝနှင့် မိုးနှင့်မြေ ဖြစ်နေသောကြောင့် စတင်လုပ်ကိုင်ရန် နှောင့်နှေးနေခဲ့သည်။ ၁၈၅၃ခုနှစ်၊ သြဂုတ်လတွင် လန်ဒန်မြို့ ၌ ဆင်းရဲချို့တဲ့ပြီး ဆွေမျိုးဥာတိနည်း ပါသော ဂိလာန အမျိုးသမီး ကြီးများအတွက် ပထမဦးဆုံး ရည် ရွယ်ကာ ဂိလာန အမျိုးသမီးကြီးများ စောင့်ရှောက်ရေး ဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုက်တင်ဂေးလ်သည် ဆေးပညာရှင်တစ်ဦး မဟုတ်သော် လည်း သူဆေးရုံ၌ လူနာများအား သူ့ခေတ်ကာလ ဆေးပညာအဆင့် အတန်းရှိသမျှ အပြည့်အဝခံစားစေပြီး ဆေးရုံလုပ်ငန်း တာဝန်များကို အကောင်းဆုံး၊ အချောမွေ့ဆုံး၊ တိကျသော စည်းမျဉ်းများဖြင့် ပြည်သူတို့၏ အဆင့်အတန်း ကို မြှင့်တင်ပေးနေသူအဖြစ် အသိအမှတ်ပြုခံရသည်။
ထိုနှစ်ကာလများတွင် ကရိုင်းမီးယားစစ်ပွဲကြီးဖြစ်ပေါ်ခဲ့သည်။ တိုက်ပွဲသတင်းများ မှာ နိုက်တင်ဂေးလ် ကို စစ်မြေပြင်သို့ သွားရောက်ရန် သတိပေးသလိုဖြစ်ခဲ့သည်။ စစ်မြေပြင်တွင် သေဆုံးသူများ၊ ဒဏ်ရာရသူများအတွက် ဆေးဝါးနှင့် ဆရာဝန်မလုံလောက်၊ တာဝန်ယူမည့်သူ မရှိဆိုသည့် သတင်းများထွက်ပေါ်လာချိန်တွင် စစ်ဝန်ကြီး ဖြစ်နေသော ဆစ်ဒနီ ဟားဗက်မှ နိုက်တင်ဂေးလ်ထံသို့ စာရေး၍ အကူအညီတောင်းခံခဲ့သည်။ သူနာပြု ဆရာမချုပ်အဖြစ် ခန့်စာကိုရရှိပြီး ၁၈၅၄ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့ တွင် နိုက်တင်ဂေးလ်သည် အရည်အချင်း  ပြည့်ဝသော စေတနာ ဝန်ထမ်းသူနာပြု ၃၈ ဦးဖြင့် စတင် ထွက်ခွာခဲ့သည်။
စစ်မြေပြင်သို့ ရောက်ရှိချိန်တွင် လူနာပြုစုရေးနှင့် သန့်ရှင်းစင်ကြယ်ရေးသည်သာ အဓိကဟူသောမူနှင့် ကုသခဲ့သောကြောင့် လူနာအသေအပျောက်နှုန်းမှာ သိသိသာသာကြီး ကွာဟခဲ့သည်။ နိုက်တင်ဂေးလ်သည် ထိုကာလများတွင် နေ့စဉ် နာရီ ၂ဝနှုန်း အလုပ်လုပ်ခဲ့ပြီး ညဘက်ဆိုလျှင်လည်း မီးအိမ်တစ်လုံးကိုင်ဆောင် လှည့်လည် ကာ လူနာများ၏ အခြေအနေကို စစ်ဆေးကြည့်ရှုတတ်သည်။ ထိုအခြင်းအရာကို အကြောင်းပြု၍ မီးအိမ်ရှင်အဖြစ် တဖြည်းဖြည်း ပြောစမှတ် ပြုလာခဲ့သည်။ နောင် အခါတွင် ဆေးရုံပြင်ပလောကသို့ပါ ပျံ့နှံ့ခဲ့ရာ သူ့အား စိတ်နှလုံးလှသည့် မီးအိမ်ရှင်မနိုက်တင်ဂေးလ်အဖြစ် ကမ္ဘာကပါ အသိအမှတ်ပြုခဲ့သည်။
စိတ်နှလုံးလှမီးအိမ်ရှင်မ နိုက်တင်ဂေးလ်သည် ဒဏ်ရာရစစ်သည်များသာမဟုတ် စစ်မြေပြင်သို့ပင် သွားရောက်ကာ ဒဏ်ရာရသူများအား ကုသမှု ပိုမို ထိရောက်မြန်ဆန်မည့် နည်းများ၊ အစီအစဉ်သစ်များ ချမှတ် ပေးခဲ့သည်။ နာလန်ထလူနာများအတွက်လည်း စာအုပ်စာတမ်းများ၊ ဖျော်ဖြေမှုများ၊ ကာယလ့ကျင့် ခန်းများကို         တီထွင်ပေးခဲ့သည်။ ကရိုင်းမီး ယား စစ်မြေပြင်ပြန် နိုက်တင်ဂေးလ်အတွက် တိုင်းပြည်မှ စုဆောင်း ကောက်ခံချီးမြှင့်သည့် ငွေများကို ကိုယ်တိုင်မယူဘဲ စိန့်သောမတ်ဆေးရုံတွင် သူနာပြု သင်တန်းများအတွက် နိုက်တင်ဂေးလ်သင်တန်း ကျောင်းနှင့် အဆောင် တစ်ခုဆောက်လုပ်ရန် မတည်ပေးခဲ့သည်။ သူ၏နည်းစနစ်သစ်များကြောင့် အင်္ဂလန်နိုင်ငံမှ ခေတ်သစ် သူနာပြုစနစ်ကို စတင် ပုံဖော်ခဲ့သူအဖြစ် အသိအမှတ် ပြုခဲ့ကြရသည်။
ဖလော့ရင့်(စ်) နိုက်တင်ဂေးလ်သည် သူ့ဘဝတစ်လျှောက်တွင် သူနာပြုအတတ်ပညာနှင့် ဆေးရုံ စီမံ အုပ်ချုပ်မှု ပညာဆိုင်ရာ စာအုပ်စာတမ်းများ ရေးသားပြုစုခြင်း၊ နိုင်ငံတကာရှိ သူနာပြုအသင်း အဖွဲ့ များနှင့် အဆက်အသွယ် ပြုလုပ်ခြင်း၊ လုပ်ပုံကိုင်ပုံနည်းနာများ ဝေငှပေးခြင်း၊ နည်းနာယူခြင်၊ အကြံဥာဏ်များ ပေးခြင်းတို့ကို အသက်အရွယ် ကြီးမြင့်သည်အထိ ဆောင်ရွက် စွမ်းဆောင်ခဲ့သည်က လူထဲကလူ၊ သူမတူသော စိတ်နှလုံးလှ မီးအိမ်ရှင် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်ဟု ဆိုသည်ကား အမှန်ပင် ဖြစ်ပေတော့သည်။

No comments:

Post a Comment