မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, January 21, 2015

Facebook ၏ မူဝါဒသစ်

Facebook ကတော့ သူ့ရဲ့ Privacy Policy ကို အများလွယ်လွယ် နားလည်နိုင်အောင်
ဆိုပြီးတော့ ပြင်ဆင်နေပါပြီ။ တကယ်တော့ ပြင်သင့်တာက ကြာပါပြီ။ Facebook
Account ဖွင့်တဲ့သူတိုင်း သဘောတူပါတယ်ဆိုပြီးတော့ လက်ခံရတဲ့ အဲဒီ Privacy Policy
Terms and Conditions ထဲက အချက်တွေက ဥပဒေကြောင်းအရ သူတို့ဖက်ကနေပြီး
ကာပြီးရေးထားတော့ ခက်ခက်ခဲခဲနဲ့ သာမန်လူ အတော်များများ နားလည်ဖို့ ခက်ခဲပါတယ်။
Data Policy လို့ Facebook ကသုံးတဲ့ လိုက်နာရမယ့် သူတို့ကုမ္ပဏီရဲ့ Privacy Policy မှာ
အရင်တုန်းက စာလုံးရေ ကိုးထောင်ကျော်ပါလို့ အမေရိကန် ဖွဲ့စည်းပုံဥပဒေထက်တောင်
ရှည်နေတယ်လို့ တချို့က ပြောခဲ့ကြပါတယ်။ အဲဒါကို အခု ၇၀-ရာခိုင်နှုန်းလောက်
လျှော့လိုက်ပြီးတော့ စာလုံးရေ နှစ်ထောင့်ခုနှစ်ရာပဲပါတဲ့ စာသားအသစ်တွေနဲ့ ပြင်လိုက်
ပါတယ်။ အရင်တုန်းကရေးထားတာတွေကတော့ ရှေ့နေတွေနဲ့ သေသေချာချာ အချိန်ပေး
ဖတ်တဲ့သူတွေပဲ နာလည်နိုင်တာမျိုးပါ။


အခုကတော့ စာသားကိုလဲ ရှင်းရှင်းလင်းလင်း ပြောင်းလိုက်တဲ့အပြင် အများနားလည်
လွယ်အောင်လို့ နမူနာပုံတွေနဲ့လဲ  တစ်ဆင့်ပြီး တစ်ဆင့် ရှင်းပြထားပါတယ်။
Privacy Basic ဆိုတဲ့ နေရာကိုသွားကြည့်ရင် အရောင်တွေ ကာတွန်းပုံတွေနဲ့ ကိုယ့်ရဲ့
Facebook Account Setting ကို ဘယ်လိုပြင်နိုင်သလဲဆိုတာတွေကို ရှင်းပြထားပါတယ်။
ဥပမာ- ကိုယ်တင်ထားတဲ့ ပို့စ်တွေ ဓာတ်ပုံတွေကို ဘယ်သူတွေမြင်နိုင်သလဲ၊ ဘယ်သူ
ကပဲ မြင်စေအောင် လုပ်လို့ရသလဲ၊ နောက် ကိုယ့်ရဲ့ပို့စ်တွေကို ဘယ်သူတွေက ကွန်မန့်
ပေးနိုင်သလဲ၊ Like လုပ်နိုင်သလဲ၊ ကြော်ငြာတွေ သူများတင်ထားတဲ့ ပို့စ်တွေကို ကိုယ်က
ဘယ်လို ကန့်သတ်လို့ရသလဲ ဆိုတာတွေကို လွယ်လွယ်ကူကူ ရှင်းထားတာ မြင်ရပါတယ်။
Facebook နဲ့ ပတ်သက်သမျှ အချက်အလက်တွေကို ရှင်းနိုင်သမျှ ရှင်းအောင် ရည်ရွယ်
လုပ်တာပါလို့ Facebook ကုမ္ပဏီရဲ့ Privacy ပိုင်းဆိုင်ရာ အကြီးအကဲ အဲရင်အီဂင် က
သူ့ရဲ့ ဘလော့ဂ်ပို့စ်မှာ ရေးထားပါတယ်။

လူတွေအနေနဲ့ ဒီ Facebook ရဲ့မူဝါဒကို နားလည်အောင်လို့ အချိန်အကြာကြီး ဖတ်နေစရာ
မလိုအောင် ပြင်လိုက်တာပါလို့လဲ ဆိုပါတယ်။ Facebook သုံးတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့
Privacy အတွက် Setting မှာ တစ်ခုခု ပြင်ချင်တယ်ဆိုရင် အရင်တုန်းကလို  ခက်ခက်ခဲခဲ
ရေးထားတဲ့စာတွေကို လိုက်ဖတ်နေစရာ မလိုတော့ပါဘူး။ ပုံလေးတွေနဲ့ ပြထားတာကို
ကြည့်ပြီး လွယ်လွယ်လေးနားလည်အောင် လုပ်လို့ရသွားတာကတော့ ဟုတ်ပါပြီ...
ဒါပေမယ့် Account ဖွင့်တဲ့သူတိုင်း လက်ခံသဘောတူပါတယ်လို့ ပြောထားတဲ့ အချက်
တွေကတော့ ဘာမှ မပြောင်းပါဘူး။

ကိုယ် ဘယ်သူတွေနဲ့ Facebook မှာ chat လုပ်တယ်၊ ဘယ်နေရာသွားတယ်၊ ဘယ်
စားသောက်ဆိုင်တွေမှာ သွားစားတယ်၊ ဘယ်နေရာတွေမှာ ဈေးဝယ်တယ်ဆိုတာတွေကို
ကိုယ်တင်တဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေက တစ်ဆင့် Facebook က မှတ်ထားပြီးတော့
ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းချနိုင်ဖို့ ကြိုးစားတဲ့အချက်ကတော့ ဘာမှ
မပြောင်းလဲပါဘူး။ အဲဒါတွေကို အိုင်တီဆောင်းပါတွေကနေ ထောက်ပြီးရေးသားကြပါတယ်။
တော်တော်များများ ဝေဖန်ရေးနေကြတဲ့ အချက်ကလဲ Facebook Account ဖွင့်ထားသူ
တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Facebook က ယူသုံးပိုင်ခွင့်ရှိပါတယ်
ဆိုတာကို အခွင့်ကောင်းယူပြီးတော့ ဘယ်လိုလူမျိုးတွေဆိုရင် ဘယ်လိုကြော်ငြာမျိုးတွေ
မြင်အောင်လုပ်ရမလဲဆိုတာ ပိုတောင် လုပ်ဖို့လွယ်သွားပြီလို့ ရေးကြပါတယ်။
နည်းပညာသစ်တွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အဓိကတင်ပြတဲ့ Weird မဂ္ဂဇင်းက
ဆိုရင် ဘယ်လိုကြော်ငြာမျိုးတော့ဖြင့် ကိုယ်ကစိတ်ဝင်စားတယ်၊ ဘယ်လိုကြော်ငြာမျိုး
ဆိုရင်တော့ဖြင့် ကိုယ်က မမြင်ချင်ဘူးဆိုတာတွေကို Facebook သုံးတဲ့သူတွေ ကိုယ်တိုင်က
ရွေးချယ်ခွင့်ရသွားတော့ Facebook ကို အကူအညီ ပေးသလိုမျိုးတောင် ပိုဖြစ်နေတယ်လို့
ရေးသားကြပါတယ်။

tech.fastpost.com ဆိုတဲ့ ဘလော့ဂ်ပို့စ်မှာလဲ Facebook ရဲ့ Privacy Policy ပုံ
ပြောင်းလိုက်တာကို သုံးသပ်ရေးထားတဲ့နေရာမှာ Facebook က ဟိုနည်းနည်း ဒီ နည်းနည်း
ပြင်ဆင်လိုက်ပေမယ့် ကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ကိုယ် ဘယ်မှာရှိနေတယ်
ဆိုတဲ့ နေရာထိုင်ခင်းတွေကို ကြော်ငြာထည့်သူတွေနဲ့ မျှဝေပြီးတော့ ဝင်ငွေတွေ အများကြီး
ရအောင်လို့ Facebook က ဆက်လုပ်သွားလိမ့်မယ်လို့ သုံးသပ်ပြထားပါတယ်။
အခု Privacy Policy အသစ်မှာ ကိုယ်ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို Facebook က
သိအောင် ပိုတောင်လုပ်ဦးမှာပါ။ အရင်တုန်းကတော့ လက်ကိုင် Smart Phone ရဲ့ GPS
ကနေပဲ ကိုယ်ဘယ်မှာရှိနေသလဲဆိုတာကို ကြည့်တာပါ။ အခု ပေါ်လစီအသစ်ထဲ
မှာတော့ GPS တင်မကပဲ Facebook ကိုသုံးနေတဲ့ လက်ကိုင်ဖုန်းတို့ တက်ဘလက်
ကွန်ပျူတာတို့ရဲ့ Bluetooth ရော၊ Wi-Fi ကိုပါ သုံးပြီးတော့မှ ကိုယ်ဘယ်နေရာကို
ရောက်နေသလဲဆိုတာ သူတို့သိနိုင်ခွင့်ရအောင် ပြင်လိုက်ပါတယ်။ အဲဒါကလည်း
ကြော်ငြာတွေအတွက် အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။

Washinton Post ရဲ့ အိုင်တီဆောင်းပါးမှာလဲ ပိုရှင်းအောင်၊ လူတွေ ပိုနားလည်အောင်
လုပ်တဲ့ Terms and Condition တွေက အပေါ်ယံပါပဲလို့ ရေးထားပါတယ်။
ဥပဒေကြောင်းအရ နားလည်နိုင်အောင်ရေးထားတာတချို့ကို ပြင်ရေးလိုက်ပေမယ့်
အချက်အလက်တွေကို လွယ်လွယ်ကူကူ နားလည်သွားနိုင်တာမျိုးတော့ မဟုတ်ဘူးလို့
ဆိုထားပါတယ်။ ကြော်ငြာနဲ့ပတ်သက်တာအပြင် နောက် မပြောင်းတဲ့အချက် တစ်ခုလဲ
ရှိပါသေးတယ်။ သုတေသနစစ်တမ်းအတွက် ကိုယ်နဲ့ပတ်သက်တဲ့အချက်တွေကို သူတို့က
အကြောင်းမကြားဘဲ ယူသုံးခွင့်ရှိပါတယ်ဆိုတာကလဲ မပြောင်းပါဘူး။
ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ Facebook သုံးသူတွေရဲ့ စိတ်အခြေအနေတွေကို
အမေရိကန်တက္ကသိုလ်နှစ်ခုနဲ့ သုတေသနလုပ်ခဲ့လို့ Facebook အကြီးအကျယ် ဝေဖန်
ခံခဲ့ရပါတယ်။ အခု မူဝါဒအသစ်မှာလဲ အဲဒါကို ပြင်မထားပေးပါဘူး။ Facebook Account
သုံးစွဲနေတဲ့သူတွေအပေါ် စစ်တမ်းလုပ်ခွင့်ရှိပါတယ်လို့ Facebook ရဲ့ Privacy ပိုင်းဆိုင်ရာ
အကြီးအကဲ အဲရင်အီဂင်က ပြောပါတယ်။

တကမ္ဘာလုံးမှာ သုံးစွဲသူ သန်းတစ်ထောင့်သုံးရာကျော်ရှိနေတဲ့ Facebook လူမှုကွန်ယက်
အနေနဲ့ Facebook Account ဖွင့်ထားသူတွေရဲ့ အချက်အလက်တွေကို ဘယ်လို
စုဆောင်းတယ် ဆိုတာကို ထင်သာမြင်သာရှိအောင် မလုပ်လို့ တော်တော့်ကို အဝေဖန်
ခံနေရတယ်လို့ Wallstreet Journal ရဲ့ ဘလော့ဂ်ပို့စ်ကလဲ ရေးထားပါတယ်။ သူများ
တကာတွေရဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုစုဆောင်းတယ်၊ ဘယ်လို အသုံးချ
မယ်ဆိုတာနဲ့ပတ်သက်လို့ တစ်ခုခု အပြောင်းအလဲ မလုပ်ခင်မှာ လူတွေကို အသိပေးပါ့
မယ်လို့ ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်နဲ့ 2011 ခုနှစ်မှာ Facebook က သဘော
တူခဲ့ရတယ်လို့ အဲဒီ ဘလော့ဂ်ထဲမှာ ရေးထားပါတယ်။

Facebook ဆိုတာက လူမှုကွန်ယက်တစ်ခု ဖြစ်နေပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုလည်း
ဖြစ်တယ်ဆိုတာကို လူတွေ မမေ့သင့်ပါဘူးလို့ အမေရိကန် MPR ဘလော့ဂ်မှာလဲ
ထောက်ပြထားပါတယ်။ သူတို့ရဲ့ အဓိက စီးပွားရေးက စီးပွားရေးနဲ့ဆိုင်တဲ့ ကြော်ငြာ
တွေကို နေရာပေးတာဖြစ်ပါတယ်။ အဲဒီလိုမျိုး ကြော်ငြာခွင့်ပေးနိုင်ဖို့ Facebook သုံးစွဲသူ
တွေရဲ့ အချက်အလက်တွေကို သုံးတယ်ဆိုတာ မမေ့ကြပါနဲ့လို့ အီးမာ့ကက်တက်ဒေါ့ကွန်
က ဒယ်ဘရာ အေဟို ဝီလျံဆန် ပြောထားတာကို MPR ဘလော့ဂ်မှာ ကိုးကား ရေးပြထားပါတယ်။
အရင်တုန်းက အများနားမလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့  လူမသိ သူမသိ အပြောင်း
အလဲတွေ လုပ်ခဲ့ပေမယ့် အခုတော့ ဒီ Facebook က ကိုယ့်ရဲ့ အချက်အလက်တွေကို
ဘယ်လိုသုံးတယ်ဆိုတာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်လာပါပြီလို့ Weird မဂ္ဂဇင်းရဲ့
ဆောင်းပါးမှာတော့ အဆုံးသတ် ရေးထားပါတယ်။

အခုလိုမျိုး အမြင်သစ်နဲ့ လွယ်ကူအောင်လုပ်ထားတဲ့ Data Privacy Policy တွေကို
Facebook က နိုဝင်ဘာလ ၂၀-ရက်နေ့အထိ တစ်ပတ်အချိန်ပေးပြီးတော့  သုံးစွဲသူတွေ
ဘယ်လိုထင်မြင် ယူဆတယ်ဆိုတာကို ရယူတောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် Facebook
က တုန့်ပြန်လာတဲ့ အချက်အလက်တွေကို သုံးသပ်နေပြီး ၂၀၁၄ မကုန်ခင်မှာ အပြီးသတ်
အပြောင်းအလဲတွေ ထုတ်ပြန်မည်ဟု မျှော်လင့်ရပါကြောင်း....

Source:VOA News

No comments:

Post a Comment