မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, January 19, 2015

ပြုံးပုံဆွဲထားပေမယ့် မပြုံးနိုင်ပါ

ပြုံးပုံ (smiley) ဆွဲထားပေမဲ့ မပြုံးနိုင်ပါ။
=========================

          အမေရိကန်နိုင်ငံ Maryland နဲ့ kilometer ၅၀ အကွာရှိ မြို့ငယ်လေးမှာ အသက် ၃၂ နှစ်အရွယ် Kaye Robinson ဟာ သူရဲ့၁၁ နှစ်ရွယ်သားငယ်နှင့် နှစ်ယောက်အတူနေကြပါတယ်။ ဒီမြို့လေးဟာ
အေးဆေးတဲ့လူလတ်တန်းစာများ နေထိုင်တဲ့မြို့လေးဖြစ်ပါတယ်။ တစ်နေ့ နံနက် ၃ နာရီမှာ


တံခါးခေါက်သံကြားလို့ ပြူတင်းပေါက်ကကြည့်တော့ လူမည်းတစ်ယောက်က သူ့ကားပျက်သွားလို့ telephone ဆက်ဖို့ အိမ်ထဲဝင်ဖို့တောင်းခံလာပါတယ်။ Kaye ကအိမ်ထဲအဝင်မခံနိုင်တာမို့ ထွက်သွားဖို့ပြောပြီး၊ ပုလိပ်ကိုဖုန်းဆက်လိုက်ပါတယ်။ ပုလိပ်တွေရောက်လာတဲ့အခါ တံခါးခေါက်သူလည်းမတွေ့ရ။ ဘာအန္တရာယ်မှလည်း မတွေ့တဲ့အတွက် ပြန်သွားကြပါတယ်။
ပုလိပ်တွေပြန်သွားပြီးနောက် Kaye လည်း အိပ်ယာဝင်ခဲ့ပါတယ်။ နာရီဝက်လောက်အကြာမှာတော့ မီးဖိုချောင်မှ အသံကြားသဖြင့်သွားကြည့်ရာ၊ တံခါးခေါက်သောသူက ၎င်းအား ဓားနှင့်ချိန်းခြောက်ပြီး အိပ်ခန်းထဲသို့ခေါ်သွားပါတယ်။ ၎င်းပြောသည့်အတိုင်းမလိုက်နာပါက တဘက်ခန်းတွင်အိပ်နေသော သားဖြစ်သူအား သတ်ပစ်မည်ဟုပြောပါတယ်။  Kaye အား မတရားကျင့်ပြီးနောက် ဓါးဖြင့် အချက်ပေါင်းများစွာထိုးပါတယ်။ ဓါးထိုးရင်းနဲ့လည်း မသေသေးဘူးလား၊ စသည်ဖြင့်ဆဲဆိုပါတယ်။ ၎င်းမှာကလေးနှစ်ယောက်ရှိကြောင်း၊ ဒီရပ်ကွက်မှာနေတဲ့အကြောင်းလည်း ပြောပါတယ်။ Kaye ကပြန်ပြောသောအခါ ပိုမို၍ ဓါးထိုးခံရသဖြင့် Kaye လည်း စကားမပြန်တော့ပဲ သေချင်ရောင်ဆောင်နေ
လိုက်ပါတော့တယ်။ ဒါပေမဲ့ ပုလိပ်ကိုတိုင်နိုင်အောင်လို့ တရားခံရဲ့ အသေးစိတ် အမူအရာကအစ မှတ်သားပါတယ်။တရားခံကလည်း အသေသတ်မည့်သူဖြစ်သဖြင့် ၎င်း၏မျက်နှာကိုလည်း မဖုံး၊ Kaye ကိုလည်း မျက်နှာမစီးထားခဲ့ပါဘူး။ ကုတင်ဘေးမှာရှိတဲ့ စားပွဲတင်မီးကိုလည်း ဖွင့်ထားခဲ့ပါတယ်။ ၃ နာရီ နီးပါးနှိက်စက်ပြီးနောက် တရားခံဟာ တဘက်ခန်းက သားဖြစ်သူကို သွားကြည့်ပြီးနောက် အိမ်မှထွက်သွားခဲ့ပါတယ်။

သားဖြစ်သူလည်း အိပ်ချင်ရောင်ဆောင်နေပြီး၊ တရားခံထွက်သွားသည်နှင့် အိမ်နီးချင်းများအား အကူအညီတောင်းပြီး ပုလိပ်နှင့်ဆေးရုံသို့ အကြောင်းကြားပါတယ်။ ပုလိပ်များ ရောက်လာသောအခါ Kaye မှာ ကျောတွင် ဓားချက်များ အနှံ့အပြားနှင့် သေလုနီးပါးတွေ့ရပါတယ်။ ကျောတွင် ဓားချက်ပေါင်း ၂၈ ချက်တိတိရှိပါတယ်။ ၎င်းအပြင် သွေးများဖြင့် smiley ပုံကို ကျောတွင်ရေးဆွဲထားပါတယ်။ ကံကောင်းထောက်မစွာ Kaye တစ်ယောက် သေကံမရောက်ပဲ ပြန်လည်ကောင်းမွန်လာပါတယ်။ လည်းပင်မှာ ဓါးချက် ၁၅ ချက်တိတိရှိသော်လည်း အရေးကြီးသော သွေးကြောများ၊ နာ့ဗ်ကြောများ မထိခဲ့တဲ့အတွက် ပြန်ကောင်းလာခြင်းဖြစ်ပါတယ်။

Kaye အနေနဲ့ ၎င်းအား ရက်ရက်စက်စက်မတရားကျင့်ခဲ့သူကို ဘယ်လိုမှ မေ့စရာ အကြောင်းမရှိပါဘူး။ Kaye ရဲ့ပြောကြားချက်အရ တရားခံရဲ့ပုံတူဆွဲပြီး (media) သတင်းစာ၊ဂျာနယ်များမှာဖြန့်ဝေလိုက်ပါတယ်။ Kaye က တရားခံဟာ သူကိုင်ခဲ့တဲ့အရာအားလုံးကို လက်ဗွေရာမကျန်အောင် သုတ်ပစ်ကြောင်း၊ သို့ရာတွင် အပြာရောင်ဖန်ခွက်ကိုတော့ ဘယ်လက်အင်္ကျီနှင့်သုတ်ပြီးနောက် ညာလက်ဖြင့်ကိုင်ပြီး
ပြန်ချခဲ့တယ်လို့ပြောပါတယ်။Kaye ပြောသည့်အတိုင်း၊ အခန်းထဲတွင် ဘာလက်ဗွေရာမှ မကျန်သော်လည်း၊ အပြာရောင်ဖန်ခွက်မှာတော့ လက်ဗွေရာ သုံးခု ကျန်နေခဲ့ပါတယ်။

          Kaye အမှုဖြစ်ပြီး ၂ ပတ်ခန့်အကြာတွင်၊ Kaye အိမ်ရှေ့တွင် လူတစ်ယောက် ဖရောင်းတိုင်ထွန်းပြီး ထိုင်ရှစ်ခိုးနေတာတွေ့လို့ ပုလိပ်ကိုအကြောင်းကြားပါတယ်။ ပုလိပ်များ ရောက်လာတဲ့အခါ အသက် ၃၈ နှစ်ရှိ Doug O`Silver ကိုတွေ့ရပါတယ်။ ၎င်းရဲ့ကားရှေ့မှန်မှာလည်း သတင်းစာမှာပါတဲ့ တရားခံပုံတူကို ကပ်ထားပါတယ်။ Doug O`Silver ဟာ တရားခံနဲ့လည်း ရုပ်ချင်းတူနေပါတယ်။
Doug O`Silver ဟာ ၁၇၀ Kilometer အဝေးမှာနေပါတယ်။ ဒါပေမဲ့ ၎င်းရဲ့ ex-wife နဲ့သားဟာ Kaye တို့ရပ်ကွက်ထဲမှာနေပါတယ်။ ၎င်းအားစစ်ဆေးနေစဉ် ပုလိပ်တွင် အလုပ်လုပ်ချင်သောကြောင့်၊ အလုပ်ဝင်ခွင့် form ဖြည့်ရန်တောင်းပါတယ်။ ၎င်းက Kaye အတွက် စိတ်မကောင်းကြောင်း၊ တရားခံအားတွေ့လျှင် အကြောင်းကြားနိုင်ရန်အတွက် တရားခံပုံတူကို ကပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ Kaye အမှုအကြောင်းမေးရာ မဟုတ်ဘူးလို့ မဖြေပါဘူး။ စိတ်မကောင်းပါ၊ ခွင့်လွှတ်ပါဟုသာပြောပါတယ်။ Doug O`Silver ရဲ့ဓါတ်ပုံကို Kaye နဲ့သူ့သားကိုပြရာ နှစ်ဦးလုံးက တရားခံဖြစ်တယ်လို့ အစစ်ခံပါတယ်။

Doug O`Silver ဟာလွန်ခဲ့တဲ့ လအနည်းငယ်က ၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးကို မတရားပြုမှုတွင် သံသယဖြစ်ခြင်းခံရသူဖြစ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကလည်း လူသတ်မှုတစ်ခုတွင် သံသယဖြစ်ခြင်းခံနေရပါတယ်။ Kaye အမှုဖြစ်စဉ်ကလည်း ၎င်းဘယ်မှာရှိနေတယ်ဆိုတာ သက်သေ        ( alibi) မပြနိုင်ခဲ့ပါဘူး။ ဒီ့ထက်ပိုဆိုးတာက ပုလိပ်အလုပ်လျှောက်စာမှာ smiley ပုံကိုရေးထိုးထားပါတယ်။ Kaye အမှုသတင်းထုတ်လွှင့်စဉ်က ကျောတွင် smiley ပုံ ရေးထားတာကို မဖေါ်ပြခဲ့ပါဘူး။ တရားခံနဲ့ အမှုစစ်သောပုလိပ်အဖွဲ့သာသိတဲ့ အချက်ပါ။ တရားခံတော့မိပြီဟု အားလုံးဝမ်းသာနေကြပါတယ်။

          Doug O`Silver ရဲ့ လက်ဗွေတွေနဲ့ DNA တွေယူပြီး အပြာရောင်ဖန်ခွက်မှာကျန်ခဲ့တဲ့ လက်ဗွေရာနဲ့ Kaye မိန်းမကိုယ်တွင်ကျန်ခဲ့သော တရားခံ၏ DNA နဲ့ တိုက်ကြည့်ရန် expert များထံ ပို့လိုက်ပါတယ်။ ဒါပေမဲ့ အဖြေထွက်လာတဲ့အခါမှာတော့ ပုလိပ်အားလုံး ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ တရားခံရဲ့ လက်ဗွေနဲ့ရော၊ DNAနဲ့ရော မတူပါဘူး။ စစ်တဲ့နေရာမှာများ မှားသလားလို့ ဒုတိယအကြိမ် ထပ်စစ်စေပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်မှာလည်း မတူဘူးဆိုတဲ့ အဖြေပဲထွက်တာမို့ Doug O`Silver ကို လွှတ်လိုက်ရပါတယ်။ Kaye ကတော့ Doug O`Silver ဟာ ၎င်းအားနှိပ်စက်ခဲ့တဲ့သူပါပဲ။ ပုလိပ်က အရေးမယူရင် မိမိဘာသာ အရေးယူမယ်လို့ဆုံးဖြတ်ပြီး သေနတ်တစ်လက်ဝယ်။ သေနတ်ပစ်ကျင့်ပြီး Doug O`Silver ရဲ့အိမ်ရှေ့မှာ သွားစောင့်နေပါတယ်။ သို့ရာတွင် ၎င်း၏ သားမျက်နှာပေါ်လာပြီး မိမိထောင်ကျသွားပါက မိမိသား ဒုက္ခရောက်ကျန်ခဲ့မည်ကိုတွေးမိပြီး၊ ဂလဲ့စားခြေဖို့ကို လက်လျော့လိုက်ပါတယ်။

          Kaye အမှုဖြစ်ပြီး ၉ နှစ်အကြာတွင် Maryland တွင် Kaye ကဲ့သို့ သားတစ်ယောက်မိခင်အား မတရားကျင့်ပြီး၊ ဓားနှင့် ၄၃ ချက်ခုတ်မှုကြောင့် Mark ဆိုသောတရားခံကို ဖမ်းမိကြောင်းသတင်းရပါတယ်။ Kaye အမှုမှာကဲ့သို့ ဓားချက်ပေါင်းများစွာထိုးခဲ့ခြင်း၊ နှိုပ်စက်နေစဉ် စကားများစွာပြောခြင်း၊ နံနက်စောစောတွင်အမှုဖြစ်ပွားခြင်း၊ အမျိုးသမီးတစ်ဦးတည်းနေထိုင်ခြင်း စသည့် တူညီချက်များတွေ့ရ
သဖြင့် Kaye အမှုကိုင်သောစုံထောက်များ Maryland သို့ လိုက်သွားပါတယ်။ Mark  ဟာ Kaye အမှုရဲ့ တရားခံနှင့်လည်း ရုပ်ချင်းတူပါတယ်။ Mark ရဲ့ DNA နှင့် Kaye ရဲ့ကိုယ်မှာကျန်ခဲ့တဲ့ တရားခံရဲ့ DNA တူ၊ မတူစစ်ဆေးရန်ပို့လိုက်ပါတယ်။ အဖြေက တူပါတယ်တဲ့။ Mark ကို Kaye အမှုအတွက် တစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပါတယ်။  Maryland ကအမှုအတွက်လည်း တစ်သက်တစ်ကျွန်းထပ်ကျပါတယ်။

          Kaye အမှုဖြစ်စဉ်က Mark ဟာ Kaye တို့ရပ်ကွက်မှာနေထိုင်ခဲ့ပါတယ်။ ဒီအမှုမှာ DNA ကြောင့် တရားခံအစစ်ကိုဖေါ်ပြနိုင်ပြီး တရားခံမဟုတ်သူကိုလည်း မှားယွင်းအပြစ်ပေးခြင်းမှ ကယ်နိုင်ခဲ့ပါတယ်။ မျက်မြင်သက်သေဆိုတာ မှားနိုင်ပါတယ်။ အထူးသဖြင့် ထိပ်လန့်၊ ကြောက်လန့်နေတဲ့အချိန်မျိုးမှာ အမှတ်မှားနိုင်ပါတယ်။ Kaye က ကံကောင်းလို့ Doug O`Silver ကို အပြစ်မရှိပဲ မှားပြီးသတ်မိတော့မလို့ လို့ပြောပါတယ်။

(မြတ်ပန်းရဂုံ)
Monday, May 28, 2012
NT1  မှ ၂၀၁၂ ခုနှစ် မေလ ၂၅ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

No comments:

Post a Comment