မာသာထရီဇာရဲ့ကဗျာ
=================
လူတွေသည် အကြောင်းအကျိုးမသိ
ကျိုးကြောင်း ဆင်ခြင်ခြင်းလဲမရှိ
အတ္တစိတ်လည်းများလှ၏
မည်သို့ပင်ဖြစ်စေမေတ္တာထားမြဲ မေတ္တာထားပါ
လူတွေသည် ကောင်းသောအမှုကို
သင် မည်မျှပြုသော်လည်း
မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု
စွပ်စွဲကြလိမ့်ဦးမည်
မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ
သင်အောင်မြင်ပြီဆိုလျှင်
သင့်တွင် မိတ်ဆွေ အတုအယောင်များရော
ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်
မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာ အားထုတ်ပါ
ရိုးဖြောင့်ခြင်း ပွင့်လင်းစွာစကားဆိုခြင်းတို့ကြောင့်
သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်
မည်သို့ပင်ဖြစ်စေ ရိုးဖြောင့်ပွင့်လင်းစွာပင် ပြောဆိုဆက်ဆံပါ
သင်ယနေ့ပြုသည့် ကောင်းသောအမှုတွေကို
မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်
မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကိုသာ ပြုမြဲပြုပါ
လူတွေသည် နိမ့်ပါးအောက်ကျသူတို့ကို စေတနာပိုတတ်သည်ဟု ဆိုသော်လည်း
(လက်တွေ့တွင်) အပေါ်စီးရသူ ထိပ်ဆုံးသူများနောက်ကိုသာ လိုက်ပါတတ်ကြသည်
မည်သို့ပင်ဖြစ်စေ နိမ့်ပါးသူများအတွက် ရပ်တည် တိုက်ပွဲဝင်ပေးပါ
နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာများသည်
နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်
မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာကို တည်ဆောက်ပါ
ကမ္ဘာလောကကြီးအတွက် အကောင်းဆုံးကို သင်ပေးသော်လည်း
သင့်အား ခါးသည်း နာကျည်းဖွယ်ရာများဖြင့် တုံ့ပြန်ကောင်းတုံ့ပြန်လိမ့်မည်
မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ သင်ပေးမြဲပေးပါ ။
မာသာထရီဇာ
( ဖေမြင့်)

No comments:
Post a Comment