မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, January 18, 2015

သက်စောင့်ဓာတ် ဗီတာမင်များအကြောင်း



ဗီတာမင် (သက်စောင့်ဓာတ်)

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းပါ။ ပိုလန်သိပ္ပံပညာရှင် တစ်ဦးကတွေ့ရှိပြီး ဒီအမည်ပေး မှည့်ခေါ်ခဲ့တာပါ။ "အသက်ကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အာဟာရဓာတ်" လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အတွင်း ဗီတာမင်ဟာ အင်ဇိုင်း (Enzyme)နဲ့အတူ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်စဉ်မှာ ပါဝင် အသုံးတော်ခံရတယ်။ ခန္ဓာကိုယ်ရဲ့ စွမ်းရည်အရပ်ရပ်ကို ထိရောက်စွာ ထိန်းညှိပေးရတယ်။

ဗီတာမင်ဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးရုံမက ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ် အမျိုးမျိုး ရှင်းထုတ်ဖယ်ရှားမှုကို ပုံမှန်ဖြစ်အောင်လည်း ထိန်းပေးတယ်။ ဗီတာမင် စီဟာ သွေးလှည့်ပတ်မှုကို အားပေးလို့ ကိုယ်တွင်းက အဆိပ်အပုပ်ကို ဖယ်ထုတ်ပေးတယ်။ ဗီတာမင် အီးဟာ အားကောင်းတဲ့ အင်တီ အောက်စီဒင့် ဓာတ်ပြုကာပစ္စည်းဖြစ်လို့ ဖရီးရယ်ဒီကယ်ရဲ့ ထိပါးမှုကို ဟန့်တား ကာကွယ်ပေးတယ်။ ဗီတာမင် ကေဟာ အသည်းရဲ့ အဆိပ်အပုပ် ခြေဖျက်စွမ်းအားကို ပိုတက်စေတယ်။
ဗီတာမင် ဖြည့်တင်းမှီဝဲမှုဟာ မြို့နေလူထုရဲ့ ဘဝလိုအပ်ချက်တစ်ခု ဖြစ်လာတဲ့ ယနေ့လိုအချိန်မှာ သင် ကရော ဗီတာမင်အပေါ် စိတ်ညွှတ်မှု မဖြစ်ဘူးလား။ ဗီတာမင်အကြောင်း ကောင်းကောင်းသိပြီလား။ မိမိခန္ဓာကိုယ် ပေါ်က ဖော်ပြချက်တွေဟာ ဘာကို ညွှန်းဆိုနေတယ်ဆိုတာ သင်သိလား။ ဗီတာမင်ကို အစားအသောက်နဲ့ ဘယ်လို ဖြည့်တင်းမှာလဲ။ ဗီတာမင်တွေ လေလွင့်ဆုံးရှုံးမှု မရှိအောင် ဘယ်လို ရှောင်ကြဉ်မလဲ။ ဒီအဖြေတွေကို ပေးပါ့မယ်။

ဗီတာမင်စီ
အာနိသင်

အဆိပ်အပုပ် ရှင်းထုတ်ဖယ်ရှားပေးနိုင်တယ်။ ကိုလက်ဂျင် ပရိုတင်း (Collagen protein) ထုတ်လုပ်ဖို့ မရှိ မဖြစ် လိုအပ်တဲ့အရာဖြစ်တယ်။ အားပြင်းတဲ့ ဓာတ်ပြုကာ (Antioxidation) အစွမ်းသတ္တိရှိတယ်။ သွား၊ သွားဖုံးနှင့် အရိုးတို့ရဲ့ ကျန်းမာသန်စွမ်းရေးအတွက် အရေးပါပါတယ်။
အရေပြားပေါ် အမည်းစက်နှင့် အပြောက်များ နည်းပါးအောင် ကာကွယ်ပေးနိုင်လို့ အရေပြားကို နူးညံ့၊ ဝင်းမွတ်စေတယ်။ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်စွမ်းရှိတယ်။ အနာဒဏ်ရာကို အကျက်မြန်စေတယ်။ အမော ဒဏ် ခံနိုင်ရည်အားကောင်းစေပြီး ကိုယ်ခံအားကို တိုးစေတယ်။

ကိုယ်ပေါ်က သတိပေးဖော်ပြချက် 

သွားဖုံး ညိုမည်းရောင်တင်းပြီး သွေးထွက်လွယ်ခြင်း၊ မျက်ဆက်မြှေးနှင့် အရေပြားများမှာ သွေးထွက်လွယ် ခြင်း၊ အနာဒဏ်ရာ အကျက်နှေးခြင်း၊ ပြင်ပဝန်းကျင်ပြောင်းလဲမှုဒဏ် ခံနိုင်ရည်နိမ့်ခြင်း၊ အအေးမိ နှာစေးလွယ်ခြင်း။

ဗီတာမင်စီကြွယ်ဝတဲ့အစာများ

ရှောက်၊ လိမ္မော် အုပ်စုဝင်အသီးများနှင့် ခရမ်းချဉ်သီးများဟာ ဗီတာမင်စီရရှိဖို့ အကောင်းဆုံးပါ။ ဒီနောက် မှာတော့ ဂျူးမြိတ်၊ ဟင်းနုနွယ်၊ အာလူး၊ တရုတ်နံနံပင် (Celery)၊ ငရုတ်သီး၊ ဆီးသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ်၊ တယ်သီး၊ စောင်းလျားသီးတွေမှာ အများအပြားပါရှိပါတယ်။
အရွယ်ရောက်သူတစ်ဦးအဖို့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီပမာဏဟာ ၁၁၀ မီလီဂရမ်ဖြစ်တယ်။ ဒီပမာဏ ကို ရရှိဖို့အတွက် တစ်ရက်မှာ သစ်သီးစိမ်း ၂-လုံး စားပေးဖို့လိုအပ်တယ်။ ကီဝီသီး ၁-၂လုံး (သို့) ရှောက်ချိုသီး ၂-လုံး (သို့) သရက်သီး ၂-လုံး (သို့) အခွံပါးလိမ္မော်သီး ၄-လုံး (သို့) ၁၅၀ ဂရမ်အလေးချိန်ရှိ စတော်ဘယ်ရီသီး စားပေးပါ။
ဖြစ်နိုင်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို အစိမ်းစားပါ။ အကြောင်းကတော့ ဗီတာမင်စီဟာ အပူနဲ့ တွေ့လျှင် ပျက်စီးလွယ်တဲ့အတွက် ချက်ပြုတ်တဲ့အခါ လျော့တတ်၊ ခန်းတတ်လို့ပါပဲ။

သတိပြုရန်
ရေလုံပြုတ်ခဲ့တဲ့ ဟင်းသီးဟင်းရွက်များမှာ ဗီတာမင်စီပါဝင်မှု ၅၀% ဆုံးရှုံးသွားတတ်ပါတယ်။
ဗီတာမင်စီဟာ ရေမှာပျော်ဝင်တတ်လို့ ခန္ဓာကိုယ်အတွင်း ပိုလျှံနေလျှင် ဆီးရည်နဲ့အတူ စွန့်ပစ်ခြင်း ခံရနိုင်တယ်။ ဆေးရွက်ကြီးဟာ ဗီတာမင်စီကို ဖျက်ဆီးနှိုင်စွမ်းရှိတဲ့အတွက် ဆေးလိပ်သမားများဟာ ဗီတာမင်စီ ပိုမို ဖြည့်တင်းပေးဖို့ လိုပါတယ်။

ဗီတာမင်အီး
အာနိသင်

ဗီတာမင်အီးဟာ အလွန်အားကောင်းတဲ့ ဓာတ်ပြုကာအစွမ်းရှိ သဘာဝပစ္စည်းတစ်မျိုးဖြစ်တယ်။ အထူး သဖြင့် အဆီများထဲက မပြည့်ဝ အမျိုးအစားဖြစ်တဲ့ ဖက်တီးအက်စစ်နှင့် တစ်သျှူးအဆီများအပေါ် ဓာတ်ပြုကာ အစွမ်းသတ္တိ ပိုကောင်းပါတယ်။ လူဟာ အသက်အရွယ် ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်အတွင်းမှာ ပါအောက်ဆိုဒ် ဒြပ်ပေါင်းတွေ တိုးများပြီး အဆိပ်အပုပ်များလည်း စုပုံလာပါတယ်။ ဓာတ်စုလွှတ်များကြောင့် လူကို အိုမင်းရင့်ရော် စေပါတယ်။
သို့သော် ဗီတာမင်များမှာ ဓာတ်စုလွှတ်ရဲ့ အဖျက်ဒဏ်ကို တားဆီးပေးနိုင်စွမ်းရှိပြီး ပါအောက်ဆိုက် ဒြပ်ပေါင်းတွေ ဖြစ်ပေါ်မှုကိုလည်း လျော့နည်းစေတယ်။ တစ်ချိန်တည်းမှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ် ပံ့ပိုးမှု၊ ပရိုတင်းရဲ့ ပေါင်းစပ်ဖြစ်ပေါ်မှု၊ ရောဂါပြီးမှု အစုအဖွဲ့တွေရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှုတွေကို အားပေး ခြင်းနှင့် ခန္ဓာကိုယ် အိုမင်းရင့်ရော်မှုကို တုံ့နှေးစေခြင်းစတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။ အရေပြားရဲ့ ကြွကန် အားကို ကောင်းစေတယ်။ ဓာတ်ပြုပစ္စည်းများရဲ့ ထိပါးမှုကို ခုခံနိုင်လို့ ဆဲလ်တွေ စောစီးစွာ သေဆုံးပျက်စီးရခြင်းမှ ကာကွယ်ပေးတယ်။ နှလုံးနှင့် ဦးနှောက်တို့မှ သွေးကြောများကို အကာအကွယ်ပေးနိုင်တယ်။

ခန္ဓာကိုယ်ပေါ်က သတိပေးဖော်ပြချက်များ

အရွယ်ရောက်သူတစ်ဦးအဖို့ တစ်နေ့မှာ ဗီတာမင်းအီး ၁၀၀ မီလီဂရမ်ခန့် လိုအပ်တယ်။ ယေဘုယျအားဖြင့် ၂၀၀ မီလီဂရမ်ထက် မကျော်ရပါ။ အပင်ကရတဲ့ ဆီအမျိုးမျိုး၊ ဆီကြိတ်နိုင်တဲ့ အစေ့အဆန်များ၊ တရုတ်နံနံ၊ ပန်း ဝတ်မှုန်၊ ပဲအမျိုးမျိုးနှင့် ထောပတ်များမှာ ဗီတာမင်အီး အမြောက်အမြား ပါရှိတယ်။ သင့်လိုအပ်ချက်ကို ပြည့်မီ စေရေးအတွက် တစ်နေ့မှာ လက်ဖက်ရည်ဇွန်းကြီး ၂ ဇွန်းစာ နေကြာဆီ (သို့) ဟင်းရွက်ဆီ (သို့) မြေပဲဆီ (သို့) သံလွင်ဆီကို စားသုံးပါ။ ပေါင်မုန့်သုတ်စားတဲ့ အသားဂျယ်လီများမှာလည်း ဗီတာမင်အီး အမြောက်အမြား ပါရှိတယ်။

မှတ်ချက်
သန္ဓေတားဆေး မှီဝဲတဲ့ အမျိုးသမီးများဟာ ဗီတာမင်အီးကြွယ်ဝတဲ့ အစာများ များများစားပေးပါ။ ကိုယ်ဝန် ဆောင်၊ နို့တိုက်မိခင်၊ သွေးဆုံးခါနီး အမျိုးသမီးများဟာလည်း ဆရာဝန်ရဲ့ ညွှန်ကြားမှုဖြင့် ဗီတာမင်အီး ပိုမိုရရှိ အောင် ဆောင်ရွက်ပါ။

ဗီတာမင်အေ
အာနိသင်

လှပမှုကိုအားပေးတဲ့ ဗီတာမင်ရယ်လို့ တင်စားကြပါတယ်။ အရေပြားကို စိုစွတ်ပျော့ပျောင်းစေ တယ်။ အရေပြားအဆီပြန်မှုကို လျော့စေလို့ အရေပြားရဲ့ ကြွကန်အားကို သန်စေတယ်။
ဆဲလ်နံရံရဲ့ တည်ငြိမ်မှုအားကို တိုးတက်ကောင်းမွန်စေလို့ လေထုမှ အညစ်အမှုန်များက အရေပြားပေါ် ဒုက္ခပေးနိုင်မှုကို လျော့ပါးစေတယ်။
ဓာတ်ပြုကာအစွမ်း၊ အိုမင်းရင့်ရော်မှု ကာကွယ်စွမ်းနှင့် နှလုံး၊ ဦးနှောက်သွေးကြောများ ကျန်းမာ သန်စွမ်း စေမှုကိုလည်း ပံ့ပိုးပေးနိုင်တယ်။ မျက်စိအားကို ထိန်းပေးနိုင်တယ်။ ကြက်မျက်သင့် စတဲ့ မျက်စိ ရောဂါများကို ကာကွယ်ပေးနိုင်တယ်။

ကိုယ်ပေါ်က သတိပေးဖော်ပြချက်များ

  လက်သည်းခွံပေါ် အချိုင့်အရစ်များပေါ်ခြင်း၊ အရေပြား ကြမ်းတမ်းမွဲခြောက်ခြင်း၊ အရေပြား လျော့ရိ လျော့ရဲဖြစ်ပြီး ရင့်ရော်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မှတ်ဥာဏ်ယုတ်လျော့ခြင်း။

ဗီတာမင်အေကြွယ်ဝတဲ့အစာများ

တိရိစ္ဆာန်အသည်း (အထူးသဖြင့် ကြက်အသည်း)၊ ငါးလင်ပန်း၊ ကြက်ဥအဝါနှစ်၊ ထောပတ်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ကန်စွန်းဥ၊ သံပုရာသီး။

မှတ်ချက်

ကွန်ပျူတာစာစီသမား၊ ကားမောင်းသမားတွေလို မျက်စိအားစိုက်ရသူများဟာ ဗီတာမင်အေကို ပိုမို ဖြည့်တင်းဖို့လိုတယ်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့်တော့ ဗီတာမင်အေကို မများအောင် ထိန်းပေးပါ။

ဗီတာမင်ဒီ
အာနိသင်
          လူ့ခန္ဓာကိုယ်အတွင်း ကယ်လစီယမ်ဓာတ် ညီညွတ်မျှတအောင် ထိန်းပေးတယ်။ ကယ်လစီယမ်နှင့် ဖော့စဖရပ်ဓာတ်များရဲ့ စုပ်ယူမှုနှင့် ဇီဝကမ္မဖြစ်စဉ်များကို အားပေးတယ်။ အရိုးမပွအောင် ကာကွယ်ပေးတယ်။ အရိုးကို ကျန်းမာသန်စွမ်းစေတယ်။ ခန္ဓာကိုယ်ကနေဗီတာမင်အေကို စုပ်ယူ လက်ခံရရှိရေးမှာလည်း ပံ့ပိုးပေးတယ်။

ကိုယ်ပေါ်ကသတိပေးဖော်ပြချက်များ

          ချွေးထွက်များခြင်း၊ စိတ်လောကြီးခြင်း၊ သွားပိုးထိုးခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ ကြွက်တက်ခြင်း၊ အကြောဆွဲခြင်း။

ဗီတာမင်ဒီကြွယ်ဝတဲ့အစာများ

          နွားနို့၊ ကြက်ဥအဝါနှစ်၊ ငါးသေတ္တာငါး၊ အသည်း၊ ငါးကြီးဆီ။

မှတ်ချက်
          နေ့စဉ် ပုံမှန်စားသောက်မှုရှိပြီး နေရောင်ခြည်နှင့် အမြဲထိတွေ့မှုရှိလျှင် ဗီတာမင်ဒီ ချို့တဲ့တဲ့ လက္ခဏာများ မပေါ်နိုင်ပါ။

ဗီတာမင်ဘီဝမ်း

အာနိသင်

          ခန္ဓာကိုယ်တွင်းက သကြားဓာတ်ရဲ့ ဇီဝကမ္မဖြစ်စဉ်မှာ ပါဝင်ကူညီတယ်။ အာရုံကြော၊ နှလုံးနှင့် အစာခြေ အဖွဲ့များရဲ့ လုပ်ငန်းများ ပုံမှန်လည်ပတ်အောင် ထိန်းသိမ်းပေးတယ်။ ဇီဝစွမ်းအားကို လည်း မြှင့်တင်ပေးတယ်။

ခန္ဓာကိုယ်ပေါ်က သတိပေးဖော်ပြချက်များ

                ဝမ်းချုပ်၍ စမြင်းထခြင်း၊ အချိန်ကြာရှည်စွာအစာမကြေခြင်း၊ မောပန်းလွယ်ခြင်း၊ ခြေလက်များ
ထုံကျဉ်ခြင်း၊ ခြေသလုံးတွင် တစ်ခါတစ်ရံ နာကျင် ကိုက်ခဲတတ်ခြင်း။

ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့အစာများ

          ပဲအမျိုးမျိုး၊ လုံးတီးဆန်ကြမ်း၊ နွားနို့၊ အိမ်မွေး ကြက်၊ ဘဲ၊ ငန်း၊ တိရိစ္ဆာန်များရဲ့နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ အခွံမာသီးရဲ့ အစေ့အဆန်များ၊ ရွှေဖရုံသီး။

မှတ်ချက်
          ဂျုံ၊ ဆန် စတဲ့ ကောက်နှံများမှာ ဗီတာမင်ဘီဝမ်း ကြွယ်ဝစွာပါရှိတယ်။ အဓိကအားဖြင့်တော့ အစေ့တွင်းက ပင်လောင်းအဆံ၊ ဖွဲနုဖွဲကြမ်းများမှာ ပါဝင်တယ်။ ဆန်ကိုဖွေးအောင် ဖွတ်ခြင်းဖြင့် ပျက်စီး လေလွင့်သွားနိုင်လို့ လုံးတီးဆန်ကြမ်း များများစားတာက အကောင်းဆုံးပါပဲ။

ဘီတာမင်ဘီတူး
အာနိသင်

          ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်များနှင့် စွမ်းအင်ထုတ်လုပ်မှုများမှာ ပါဝင်ကူညီတယ်။ အရေပြား အကျိမြှေး၊ ကြွက်သားနှင့် အာရုံကြောအဖွဲ့များမှာ စွမ်းအားပြည့်စေဖို့အတွက် အရေးပါပါတယ်။

ကိုယ်ပေါ်က သတိပေးဖော်ပြချက်

          ပါးစပ်နံခြင်း၊ နှာခေါင်းအတွင်း နီမြန်းရောင်တင်းခြင်း၊ ခံတွင်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ အိပ်မရခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်နုံးချည့်ခြင်း၊ မျက်ကြည်လွှာရောင်ရမ်းခြင်း၊ အရေပြား အဆီပြန်ခြင်း၊ ခေါင်းဗောက်ထခြင်း၊ အလင်းရောင် မကြည့်ရဲခြင်း၊ ခြေဖဝါး လက်ဖဝါးများ နွေးနေခြင်း။

ဗီတာမင်ဘီတူး ကြွယ်ဝတဲ့အစာများ
          တိရိစ္ဆာန်အသည်း၊ကျောက်ကပ်၊ ကြက်သား၊ ကြက်ဥအဝါနှစ်၊ ပဲပုပ်ပဲ၊ နွားနို့၊ ကြွက်နားရွက်မှို၊ လုံးတီးဆန်။

မှတ်ချက်
          ဗီတာမင်ဘီတူးကို အလွယ်တကူဖျက်စီးနိုင်တဲ့ အရာများကတော့ ခရမ်းလွန်ရောင်ခြည်၊ ရေ၊ အယ်ကာလီ နွယ်တဲ့ပစ္စည်း၊ ဆာလ်ဖာအုပ်စုဝင်ဆေးများနှင့် အရက်ပျံများပါပဲ။ သန္ဓေတားဆေး သောက်တဲ့ကာလ၊ ကိုယ်ဝန် ဆောင်နှင့် နို့တိုက်တဲ့ကာလများမှာ ဗီတာမင်ဘီတူးကို အများအပြား မှီဝဲ ဖြည့်တင်းပေးဖို့လိုပါတယ်။

ဘီတာမင်ဘီသရီး
အာနိသင်
          အရေပြားကျန်းမာရေးနှင့် သွေးလှည့်ပတ်မှုများကို အားပေးတယ်။ အာရုံကြောအဖွဲ့ရဲ့လုပ်ငန်း ပုံမှန်ရေး အတွက် ကူညီတယ်။ အာဟာရဓာတ်မျိုးစုံ စုပ်ယူအသုံးချနိုင်ဖို့ စွမ်းဆောင်ပေးတယ်။ ရောဂါ ခုခံကာကွယ်စွမ်းအား ရှိတဲ့ ပဋိပစ္စည်းများဖြစ်ပေါ်ဖို့ စေ့ဆော်ပေးတယ်။

ကိုယ်ပေါ်ကသတိပေးဖော်ပြချက်များ

          လျှာရောင်ကိုင်း နာကျင်ခြင်း၊ ပါးစပ်နံခြင်း။

ဘီတာမင်ဘီသရီးကြွယ်ဝတဲ့အစာများ

          အသည်း၊ အသား၊ ကြက်ဥအဝါနှစ်၊ ပဲအမျိုးမျိုး။

ဗီတာမင်ဘီဆစ်
အာနိသင်
          ရောဂါပြီးမှုကို အားပေးတယ်။ ကိုယ်တွင်းအင်္ဂါ ကလီစာများ အားယုတ်ကျဆင်းမှုမဖြစ်အောင် ကာကွယ်ပေးတယ်။

ကိုယ်ပေါ်ကသတိပေးဖော်ပြချက်များ

         နှုတ်ခမ်းနှင့်လျှာများ ရောင်ကိုင်းနာကျင်မှု၊ ကြွက်တက်မှု၊ အနာဒဏ်ရာများ မကျက်မှု၊ ကိုယ်ဝန်ဆောင်များ ဆိုးဝါးစွာ ပျို့အန်မှု။

ဗီတာမင်ဘီဆစ်ကြွယ်ဝတဲ့အစာများ

          အမဲသား၊ ကြက်သား၊ ငါး၊ အတွင်းကလီစာများ၊ မြင်းစားဂျုံ၊ ဂျုံစေ့အပင်ပေါက်၊ ဂျုံဖွဲ၊ စားတော်ပဲ၊ ပဲပုပ်ပဲ၊ မြေပဲ၊ သစ်ကြားသီး။

မှတ်ချက်

          တီဘီဆေး သုံးစွဲနေသူများ၊ မဟိုမုန်းပါတဲ့ သန္ဓေတားဆေး သုံးစွဲနေသူများ၊ အပူချိန်မြင့်တဲ့နေရာနှင့် ဓာတ်ရောင်ခြည်ဖြာတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်သူများဟာ ဗီတာမင်ဘီဆစ်ကို ပိုမို ဖြည့်တင်းပေးဖို့ လိုပါတယ်။


                                                       ဗီတာမင်ဘီတွဲ
 
အာနိသင်
          သွေးအားနည်းတာမဖြစ်အောင် ကာကွယ်ပေးတယ်။ သွေးရည်အတွင်း အောက်စီဂျင် သယ်ဆောင်မှု စွမ်းအားကို မြင့်စေတယ်။ မှတ်ဥာဏ် ထက်သန်စေတယ်။ အာရုံကြောအဖွဲ့ကို ကျန်းမာသန်စွမ်းစေတယ်။

ကိုယ်ပေါ်က သတိပေးဖော်ပြချက်

         မောပန်းလွယ်ခြင်း၊ စိတ်မရွှင်ခြင်း၊ မှတ်ဥာဏ်လျော့နည်းခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်း၊ သွေးအားနည်း ဖြင်း၊ ဆံပင်ကျဲပါးခြင်း၊ ခံတွင်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း။

ဗီတာမင်ဘီတွဲကြွယ်ဝတဲ့အစာများ

          အသည်း၊ ကျောက်ကပ်၊ ငါး၊ နွားနို့။

မှတ်ချက်
          တိရိစ္ဆာန်ရဲ့ ကလီစာ၊ အသား၊ နို့များမှသာ ဗီတာမင်ဘီတွဲပါဝင်လို့ သက်သတ်လွတ်သမားများမှာ ဗီတာမင် ဘီတွဲ ချို့တဲ့တတ်တယ်။

ဗီတာမင်ကေ
အာနိသင်

          အသည်းရဲ့ အဆိပ်ဖြေအားကို မြှင့်ပေးတယ်။ ဆီးရွှင်စေတယ်။ သွေးတိုးကျစေတယ်။

ကိုယ်ပေါ်ကသတိပေးဖော်ပြချက်

          နှာခေါင်းသွေးထွက်ခြင်း၊ ဆီးမှာသွေးပါခြင်း၊ အရေပြား အကျိမြှေးမှာ အနီစက်ပေါ်ခြင်း၊ အစာအိမ် သွေးထွက်ခြင်း။

ဗီတာမင်ကေကြွယ်ဝစွာပါတဲ့အစာများ

          အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အသည်း၊ ဂျုံနှင့်ဆန် စတဲ့ ကောက်နှံများ။

နိုင်ယာစင် (Niacin)
အာနိသင်
          အစာခြေအဖွဲ့ကို အားပေးကူညီတယ်။ ကိုလက်စထရောလ်နှင့် တြိုင်ဂလစ်စရိုက် (Triglycerides) တွေကို လျော့နည်းစေတယ်။ ပယ်လာဂရာရောဂါ (Peliagra)ကိုသက်သာ ပျောက်ကင်း
စေပါတယ်။

ကိုယ်ပေါ်ကသတိပေးဖော်ပြချက်များ

          အရေပြားရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နုံးချည့်အားပျော့ခြင်း၊ ရင်ကယ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း။

နိုင်ယာစင် (Niacin) ကြွယ်ဝစွာပါဝင်တဲ့အစာများ

          အသား၊ အသည်း၊ ငါး၊ ဂျုံနှင့်ပြုလုပ်သော အစာများ၊ ဘီယာဖောက်တစေး၊ ဂျုံစေ့အညှောက်။

မှတ်ချက်
          ဆီးချို၊ မျက်တွင်း ဖိအားလွန်ရောဂါ (Glaticoma)၊ လေးဖက်နာ၊ သည်းခြေရောင်၊ အသည်းရောဂါ၊ ကလီစာ အတွင်းလှိုက်စားနာ စတဲ့ ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များ အနေဖြင့် နိုင်ယာစင်ကို သတိထား သုံးစွဲဖို့လိုပါတယ်။

ဖို့လစ်အက်ဆစ် (Folic acid)
အာနိသင်

          သွေးအားနည်းမှုနှင့် ပါးစပ်အနာများမဖြစ်အောင် ကာကွယ်ပေးတယ်။ ဖို့လစ်အက်ဆစ်ကို တားနှိမ်ပေးတဲ့ ဆေးများဟာ အကျိတ်ဖုကြီးထွားမှုနှင့် ဆဲလ်တိုးပွားမှုကို ခုခံနိုင်စွမ်းရှိလို့ ကင်ဆာရောဂါမျိုးစုံရဲ့ ဓာတုကုထုံး နည်းမှာ သုံးစွဲလာကြောင်း တွေ့ရတယ်။

ကိုယ်ပေါ်ကသတိပေးဖော်ပြချက်

         သွေးအားနည်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း၊ ခန္ဓာကိုယ်ချည့်နဲ့ခြင်း၊ အားပျော့ခြင်း၊ အိပ်မရခြင်း၊ မေ့တတ် ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း။

ဖို့လစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့အစာများ

          ဟင်းရွက်စိမ်းများ၊ ရှောက်၊ သံပရာအုပ်စုဝင် အသီးများ၊ ဂျုံဖြင့် ပြုလုပ်ထားသော အစာများ။
မှတ်ချက်
          ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များဟာ ဖို့လစ်အက်ဆစ်ကို ဂရုစိုက် ဖြည့်တင်းပေးပါ။ ဗီတာမင်စီနှင့် အတူမစားသင့်ပါ။ အစာအိမ်နှင့်အူတွင်းမှာ ဖို့လစ်အက်ဆစ် စုပ်ယူတာကို ဗီတာမင်စီက နှောက်ယှက်နိုင်လို့ ဖြစ်ပါတယ်။

ဗီတာမင်ချို့တဲ့မှုနှင့်ပတ်သက်ပြီး ခန္ဓာကိုယ်ရဲ့ အချက်ပြလက္ခဏာများ

ပါးစပ်က အချက်ပြလက္ခဏာ

          နှုတ်ခမ်းထောင့်နီပြီး ကွဲအက်ခြင်း၊ နှုတ်ခမ်းနှင့်လျှာများ နာခြင်းဖြစ်လျှင် အာဟာရချို့တဲ့မှုကြောင့် ကျီးကန်း ပါးစပ်နာဖြစ်တာ ဖြစ်နိုင်တယ်။ လျစ်လျူရှုထားလျှင် ပါးစပ်မှာ အနာပေါက်ခြင်းနှင့် ပြန်ရည်ကြော ကျိတ်ဖု ရောင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကျီးကန်းပါးစပ်နာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ သံဓာတ်နှင့် ဗီတာမင် ဘီတူး၊ ဘီဆစ်တို့ ချို့တဲ့လို့ပါပဲ။ နောက်ပြီး ဗီတာမင် ဘီတူးနှင့် ဘီဆစ် နှစ်မျိုး ချို့တဲ့လျှင် သွေးအားနည်းတာ ဖြစ်ပွားပြီး ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်နိုင်တယ်။


 
လိုက်နာရန်
          ဟင်းနုနွယ်အရွက်လို အစိမ်းရောင်ရင့်တဲ့ ဟင်းရွက်များ၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပဲအမျိုးမျိုးတွေကို များများစားပေးပါ။ ဗီတာမင်ဘီ ဆေးပြားများကိုလည်း မှီဝဲနိုင်ပါတယ်။

နှုတ်ခမ်းကအချက်ပြလက္ခဏာ
          နှုတ်ခမ်းအရောင် ခြောက်သွေ့မှေးမိန်၊ ကွဲအက်၊ အဖေးကွာခြင်းဖြစ်လျှင် နှုတ်ခမ်းမှာ ရောဂါရှိတဲ့ လက္ခဏာပါ။ ဗီတာမင်ဘီနှင့် စီ ချို့တဲ့နေတာကို ဖော်ပြတာပါ။

လိုက်နာရန်
          မုန်ညင်းရွက်၊ ရှောက်၊ လိမ္မော်၊ သံပုရာသီးများ၊ ခရမ်းချဉ်သီး၊ ဘူး၊ ဖရုံသီးများနှင့် အာလူးတွေကို များများ စားပေးပါ။ ဗီတာမင်ဘီနှင့် စီ ဆေးပြားများကိုလဲ မှီဝဲနိုင်ပါတယ်။

လျှာပေါ်က အချက်ပြလက္ခဏာ
          သင့်လျှာဟာ အလွန်ချောမွတ်ပြီး ရသာဖူးများ ပြိန်းပြိန်းထနေခြင်း၊ နီမြန်ခြင်း၊ လျှာဖျားနှစ်ဖက် ဝါနေ၊ ဖြူနေခြင်းများဖြစ်လျှင် ဖိုးလစ်အက်ဆစ် (Folic acid) နှင့် သံဓာတ်ချို့တဲ့ကြောင်း ပြနေတာပါ။ ဖိုးလစ်အက်ဆစ် နှင့် သံဓာတ်များချို့တဲ့နေလျှင် ရိုးတွင်းခြင်ဆီရဲ့ သွေးနီဥထုတ်လုပ်မှုကို ထိခိုက်တဲ့အတွက် လျှာရောင်ခြင်း၊ သွေး အားနည်းခြင်း၊ အစာအိမ်နှင့် အူလုပ်ငန်းစွမ်းရည် ကမောက်ကမဖြစ်ခြင်းများကြောင့် လူရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ညံ့ဖျင်းစေနိုင်တယ်။

လိုက်နာရန်
          တိရိစ္ဆာန်များရဲ့ အသည်း၊ ဟင်းနုနွယ်ရွက်တွေကို များများစားပေးပါ။ ဖိုးလစ်အက်ဆစ်ဆေးပြားနှင့် ဗီတာမင်ဆေးပြားကိုလည်း မှီဝဲပါ။

ဆံပင်ပေါ်က အချက်ပြလက္ခဏာ
          ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဆွဲနှုတ်တဲ့အခါ နာကျင်မှု မခံစားရခြင်း၊ ဆံပင်မွှေးများ လိမ်တွန့်ကောက်ကွေးခြင်း ဖြစ်နေလျှင် ဗီတာမင်စီနှင့် သံဓာတ်ချို့တဲ့နေတဲ့ ဖော်ပြချက်ပါ။ ဆံပင်က အရောင်ဖျော့လာ၊ ပျော့လာလျှင် ဗီတာမင်ဘီတွဲ ချို့တဲ့တဲ့ ဖော်ပြချက်ပါ။ ဗီတာမင်ဘီတွဲချို့တဲ့လျှင် သွေးနီဥထုတ်လုပ်မှုနှင့် အာရုံကြော အစုအဖွဲ့ရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။

လိုက်နာရန်
          နို့ထွက် အစားအစာများ၊ တိရိစ္ဆာန်များရဲ့ အသည်း၊ ငါးနှင့် ပဲအမျိုးမျိုးကို များများစားပေးပါ။ ဗီတာမင်ဘီ ဆေးပြားများကိုလည်း မှီဝဲပါ။

ဗီတာမင်ဆေးပြားများကို သိပ္ပံနည်းကျစွာမှီဝဲခြင်း

          ခုခေတ်လူတွေဟာ ဗီတာမင်ဖြည့်တင်းဖို့ ဗီတာမင်ဆေးပြားတွေအပေါ် ပိုမိုမှီခိုလာကြတယ်။ ဒါပေမယ့် ပညာရှင်များ သတိပေးထားတာကတော့ ဗီတာမင်ဖြည့်တင်းဖို့ အကောင်းဆုံးနည်းဟာ အစားအစာထဲကနေ သဘာဝ ဗီတာမင်ကို ရယူနည်းပါပဲလို့ ဆိုပါတယ်။
          သုတေသန တွေ့ရှိချက်များအရ အစားအစာထဲမှာပါရှိတဲ့ သဘာဝ ဗီတာမင်အေကို သွေးရည်ဟာ ပိုမို ကောင်းမွန်စွာ (၁.၅၄ဆ) စုပ်ယူနိုင်တယ်။ ဗီတာမင် ဘီဝမ်းဆေးပြားစားတာထက် အစားအသောက်မှာပါတဲ့ သဘာဝ ဗီတာမင်ဘီဝမ်းကို သွေးရည်က (၁.၃၈ဆ) ပိုစုပ်ယူနိုင်ပြီး အချိန်ကာလအရ (၁.၂၇ဆ) ပိုကြာစွာ ရှိနေ နိုင်တယ်။ ဗီတာမင်စီ ဆေးပြားစားတာထက် သဘာဝ ဗီတာမင်စီကို သွေးဆဲလ်နီများက (၁.၇၄ဆ) ပိုပြီး စုပ်ယူ နိုင်တယ်။ ဒါ့အပြင် သဘာဝဗီတာမင်စီကို တစ်လလောက်ဖြည့်တင်းလျှင် ကိုလက်စထရောလ်ပမာဏ အတော် ကျဆင်းလာတာကို တွေ့နိုင်တယ်။ ဗီတာမင်စီ ဆေးပြားစားရုံဖြင့်တော့ ဒီလို အကျိုးအာနိသင်ပေါ်တာ မတွေ့ရပါ။
          ဗီတာမင်ဆေးပြားများကို မှီဝဲသုံးစွဲမယ်ဆိုလျှင် သင့်မှာ ဗီတာမင်ချို့တဲ့တဲ့ လက္ခဏာများ ရှိ၊ မရှိ ကြည့်ဖို့ လိုတယ်။ ဗီတာမင်ဆေးပြားများကို စနစ်တကျ သုံးစွဲဖို့ဆိုလျှင် ဗီတာမင်မျိုးစုံရဲ့ အကျိုးအာနိသင်၊ သုံးစွဲပုံ၊ သုံးစွဲ နည်းနှင့် ဗီတာမင်ချို့တဲ့တဲ့ လက္ခဏာ၊ ထူးခြားချက်တွေကို သိရှိထားဖို့လိုပါတယ်။ ဒါမှ အနာနဲ့ဆေး တည့်အောင် တကယ်လိုအပ်တာကို ဖြည့်တင်းနိုင်ပါလိမ့်မယ်။ လက်လွတ်စပယ် သုံးစွဲတာကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ဗီတာမင်ဆေးပြားကို အားဆေးအဖြစ် ကာလတာရှည် မသုံးစွဲ သင့်ပါ။ လူကို ဒုက္ခပေးလာနိုင်ပါတယ်။

ဗီတာမင်ဆေးပြားများသုံးစွဲရာတွင် သိပ္ပံနည်းကျတဲ့ပမာဏ

ဗီတာမင် အမျိုးအမည်
နေ့စဉ်သုံးစွဲမှု
အမြင့်ဆုံးပမာဏ
ကာလတာရှည် လွန်ကဲစွာသုံးစွဲလျှင် ပေါ်ပေါက်သော ဆိုးကျိုးများ
ဗီတာမင်အီး
၂၀၀ - မီလီဂရမ်
    
     သွေးတွင်း အတုံးအခဲဖတ်ကြောင့် သွေးပြန်ကြော ရောင်ခြင်း၊ သွေးတိုးခြင်း၊ ကြွက်သား ကြုံလှီခြင်း၊ တကိုယ်လုံး နုံးချည့်ခြင်း၊ ရင်သားကြီးလာခြင်း။
ဗီတာမင်စီ
၁ - ဂရမ်
     ဝမ်းလျှောခြင်း၊ အစာအိမ် အချဉ်ဓာတ် လွန်ကဲခြင်း၊ အစာအိမ် ရည် ပြောင်းပြန်စီးခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ အချို့ အမျိုးသမီးများမှာ သန္ဓေတည်စွမ်းအား နိမ့်ပါးလာခြင်း။
ဗီတာမင်အေ
၁၀ - မီလီဂရမ်
     ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ပျို့အန်ခြင်း၊ သွေးအားနည်းခြင်း၊ ဆံပင်နှင့် အမွှေးအမှင်များ ခြောက်သွေ့ခြင်း၊ သို့မဟုတ် ကျွတ်ကျခြင်း၊ အရေပြား ခြောက်သွေ့ ယားယံခြင်း၊ ခြေလက် နာကျင်ခြင်း၊ မျက်စိ ပြူးထွက်လာခြင်း၊ ခေါင်းပြင်းထန်စွာ ကိုက်ခဲခြင်း။
ဗီတာမင်ဒီ
၄၀ - မိုက်ခရိုဂရမ်
     ကိုယ်အနည်းငယ်ပူခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ငိုယိုဆူပူခြင်း၊ အစာ မစားလိုခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အသည်း ကြီးခြင်း၊ ကျောက်ကပ် အားနည်းခြင်း၊ အရိုး ကြွပ်ဆတ်ခြင်း၊ (အရိုးပျော့ ရောဂါထက် ဆိုးပါတယ်)


စာရေးဆရာမင်းစံအိမ်ရေးသားသော "ကိုယ်တွင်းကအဆိပ်အပုပ်ရှင်းထုတ်ပါ" စာအုပ်ပါ ဗီတာမင်များအကြောင်းဖြစ်ပါသည်။

No comments:

Post a Comment