ဦးမောင်မောင်ရဲ့သွေးစီးကြောင်း (bloodstream)
ကျနော့်အကြောင်း ပြောမယ်ဆိုရင်တော့ ကြီးကြီးကျယ်ကျယ် ပြောရပါမယ်။
ကျနော်က ဆက်သွယ်ရေး စစ်စတမ် (communication system) ပါ။
ကျနော်က ကီလိုမီတာ တစ်သိန်းကျော် (၁၁၂၀၀၀) ရှည်ပါ တယ်။
ကမ္ဘာ့လေကြောင်းလမ်းထက် ပိုပါတယ်။
ကျနော်က ပစ္စည်းပို့တဲ့ ချာတိတ်ဖြစ်တဲ့အပြင် အမှိုက်သိမ်းတဲ့ အလုပ်လည်း
လုပ်ပါတယ်။ ကျနော့်မှာ ဖောက်သည် ကုဋေ ၆သိန်း ရှိပါတယ်။ ကမ္ဘာ့လူဦးရေထက်
အဆပေါင်း သောင်းခုနှစ်ထောင် (၁၇၀၀၀) ပိုများပါတယ်။ ကျနော့် ဖောက်သည်တွေက
ဦးမောင်မောင်ရဲ့ ဆဲလ်တွေပါ။ ကျနော်က သူတို့ရဲ့ အညစ်အကြေးတွေကို သိမ်းပေးပြီး
သူတို့ အသက်ရှင်သန်ဖို့ လိုအပ်တဲ့ အစားအစာတွေ ဝေငှ ပေးပါတယ်။
ကျနော်က ဦးမောင်မောင်ရဲ့ သွေးကြောတွေထဲ မှာစီးဆင်းနေတဲ့
သွေးစီးကြောင်း (bloodstream) ပါ။
ဦးမောင်မောင်က ကျနော့်ကို ခြောက်ကပ်ကပ် နှေးကွေးလေးကန်စွာ စီးနေတယ်လို့
ထင်တယ်။ ကျနော့်ထဲမှာ တစ်ချိန်လုံး ထိန်းမနိုင် သိမ်းမရအောင် သဲသဲမဲမဲ လှုပ်ရှားမှုတွေ
ဖြစ်နေတယ်ဆိုတာ သူ ဘယ်လိုမှ ထင်မိမှာမဟုတ်ဘူး။ သူ မျက်တောင်တစ်ချက် ခတ်
လိုက်တဲ့ တစ်စက္ကန့်အချိန်လောက် အတွင်းမှာ ကျနော့်ရဲ့ တစ်မီလီယံခွဲ ရှိတဲ့ သွေးဥနီ
တွေဟာ သူတို့ရဲ့ ရက်ပေါင်း ၁၂၀ သက်တမ်း ရောက်ပြီးမို့ သေဆုံးနေကြတယ်။ အဲ့ဒီ
အချိန်အတွင်းမှာပဲ သူ့ရဲ့ ရိုးတွင်းချဉ်ဆီတွေ အထူးသဖြင့် နံရိုး၊ ကြောရိုး၊ ခေါင်းရိုးမှာရှိတဲ့
ရိုးတွင်းချဉ်ဆီတွေက သေ သွားတဲ့သွေးဥနီတွေကို အစားထိုးဖို့ တူညီတဲ့ တစ်မီလီယံခွဲ
ရှိတဲ့ သွေးဥနီတွေကို ထုတ်လုပ်နေတယ်။ ဦးမောင်မောင်ရဲ့ ဘဝတစ်သက်တာမှာ
တစ်တန် အလေးချိန်ရှိတဲ့ သွေးနီဥတွေ ထုတ်တယ်။ သွေးဥနီတွေဟာ သူတို့ရဲ့ တိုတောင်း
တဲ့ သက်တမ်းအတွင်းမှာ နှလုံးကို အခေါက်ပေါင်း ခုနှစ်သောင်းငါးထောင် (၇၅၀၀၀)
ဖြတ်ပြီးသွားကြတယ်။
ကျနော်ဘယ်လို ဦးမောင်မောင်ရဲ့ ကိုယ်ခန္ဓာထဲမှာ လျှောက်သွားနေသလဲ။
သူ့ရဲ့နှလုံးက ကျနော့်ရဲ့ အဓိက (pump) မှုတ်စက်ဖြစ်ပါတယ်။ ဒါပေမဲ့နှလုံးဟာ သိပ်
အားကောင်းတဲ့မှုတ်စက် မဟုတ်ပါဘူး။ ဒါကြောင့် နှလုံးက သွေးတွေကို သွေးကြောကြီး
တွေအထိပဲ ရောက်စေပါတယ်။ သွေးကြောကြီးတွေရဲ့ လှုပ်ရှားမှုကြောင့်သာ ကျနော့်
ကိုယ်ခန္ဓာရဲ့ အစွန်အဖျားပိုင်းဖြစ်တဲ့ ခြေတွေ၊ လက်တွေ အထိ ရောက်နိုင်တာပါ။
သွေးကြောကြီးတွေက နှလုံးခုန်တဲ့အချိန်မှာ ရောက်လာတဲ့ သွေးတွေကြောင့် ဖေါင်းလာ
ပြီး၊ နှလုံးမခုန်တဲ့အချိန်မှာတော့ သွေးကြောကြီးတွေ ကြုံ့ခြင်းဖြင့် သွေးတွေ ဆက်လက်
စီးဆင်းစေပါတယ်။ ကျနော်ရဲ့ သွေးပြန်ကြောတွေဆီရောက်တဲ့အခါမှာတော့ နှလုံးက
မှုတ်ထုတ်လိုက်တဲ့အား (force) လုံးဝ မရှိတော့ပါဘူး။ ဒီအတိုင်းဆို သွေးတွေ နှလုံးကို
မပြန်နိုင်ပါဘူး။ ခြေဖျား လက်ဖျားက သွေးတွေအားလုံးနှလုံးကိုပြန်ရောက်အောင် ကျနော့်
အပြင်မှာရှိ တဲ့ကြွက်သားတွေက လုပ်ပေးပါတယ်။
ဦးမောင်မောင် ခြေထောက်လှုပ်တာနဲ့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောထဲက
သွေးတွေကို နှလုံးဘက်ကို ပို့ပေးတယ်။ သွေးတွေ နောက်ပြန်မကျအောင် သွေးပြန်ကြော
ထဲမှာရှိတဲ့ ဆင်နားရွက်လို အဖတ်ကလေးတွေ (valve) က ကာကွယ်ပေးတယ်။ ဒါကြောင့်
လမ်းလျှောက် ခြင်းဟာ သွေးအသွားအလာ ကောင်းအောင်လုပ်တဲ့ အကောင်းဆုံးသော
လေ့ကျင့်ခန်း ဖြစ်ပါ တယ်။ valve တွေ မလုံရင်တော့ သွေးပြန်ကြောတွေ သွေးတွေနဲ့
ဖေါင်းလာပြီး သွေးတွေ သွေးပြန်ကြောထဲမှာ ခဲသွားနိုင်ပါတယ်။ အဲ့ဒါ ကို (varicose vein)
လို့ခေါ်တယ်။ အမြဲ ဒုက္ခပေးတဲ့ ရောဂါတစ်မျိုးပါပဲ။
ကျနော့်ကိုယ်ထဲ စီးဆင်းနေတဲ့အရည်ထဲမှာ သွေးဥနီတွေ အများဆုံးပါတယ်။ သွေးဥဖြူ၊
သွေးဥမွှားတွေနဲ့ အရည်ထဲမှာ ပျော်ဝင်နေတဲ့ အဆီ၊ သကြား၊ ဆား၊ အင်ဇိုင်းတွေလည်း
ပါတယ်။ သွေးပေါင်ချိန် မှန်နေဖို့အတွက် ကျနော်ရဲ့သွေးရည်ဟာ အပြစ်အကြဲ အနေတော်
ရှိနေဖို့ လိုတယ်။ အန္တရာယ်ကင်းအောင်လို့ ကျနော် ဦးမောင်မောင် သောက်သမျှ ရေတွေ
ကို စုပ်ယူတယ်။ ပိုတဲ့ရေကိုသာ ဆီးအနေနဲ့၊ ချွေးအနေနဲ့ရော၊ ရှုထုတ်တဲ့လေထဲကနေ
ပြန်ထုတ်ပစ်တယ်။ ရေငတ်တဲ့ အခါမျိုးမှာ ကျနော် ရေတွေကို တစ်စက်မကျန် အကုန်
သိမ်းထားတဲ့အပြင် အကူအညီ ပေးဖို့လဲ အော်တယ်။ ဒါကြောင့် အပြင်းအထန် ဒဏ်ရာ
ရတဲ့သူတွေ ရေပေးဖို့ အမြဲ တောင်းဆိုကြတာပေါ့။
လူတိုင်းနီးပါး ကျနော့်ရဲ့ အခြေခံ သွေးအမျိုးအစားတွေဖြစ်တဲ့ A,B, AB, O တွေကို
သိကြပါတယ်။ ဒါပေမဲ့ ကျနော့်မှာ အခြားသွေးအမျိုးအစားတွေဖြစ်တဲ့ M, N, P, Rh စတာ
တွေလည်း ရှိပါတယ်။ နောက်ထပ် သွေးအမျိုးအစားတွေလည်း အချိန်နဲ့အမျှ ထပ်တွေ့
နေတာမို့ တစ်နေ့မှာ ဦးမောင်မောင်ရဲ့ သွေးအမျိုးအစား အပြည့်အစုံဟာ သူ့ရဲ့လက်
ဗွေရာလိုပဲ သူ့ရဲ့ ထူးခြားတဲ့ အခြားသူများနဲ့ လုံးဝ မဆိုင်တဲ့အချက် ဖြစ်လာပါလိမ့်မယ်။
အောက်ဆီဂျင်နဲ့ အစာတွေကို ဆဲလ်တွေဆီ ဝေပေးဖို့အတွက် ကျနော် မြို့ရေပေးတဲ့
စနစ်မျိုးကို အသုံးပြုပါတယ်။ နှလုံးကသွေးတွေကို တစ်ဖြေးဖြေးသေးသွားတဲ့ သွေးလွှတ်
ကြောတွေထဲကို တွန်းထုတ်လိုက်တယ်။ နောက်ဆုံး ပင့်ကူအိမ်လို သေးမျှင်တဲ့ သွေးကြော
မျှင်တွေဆီ ရောက်သွားတယ်။ အဲ့ဒီသွေးကြောမျှင်တွေဟာ အလွန်သေးငယ်တာကြောင့်
အဲ့ဒီနေရာရောက် ရင်သွေးဥနီတွေ တစ်လုံးချင်းတန်းစီသွားပြီး၊ ပစ္စည်းတွေ တင်၊ ချတဲ့
အလုပ် လုပ်ကြတယ်။ ဆဲလ်တွေလိုတဲ့ အစာတွေချပေးပြီး သူတို့မလိုတဲ့ အမှိုက်တွေကို
တင်ကြတယ်။ ဆဲလ်တွေရဲ့ လိုအပ်တဲ့ပစ္စည်းစာရင်း (shopping list) က တစ်ခုနဲ့တစ်ခု
မတူကြဘူး။ ဆဲလ်တိုင်း အောက်ဆီဂျင်လိုပေမဲ့ တစ်ချို့ဆဲလ်တွေက ကိုဘော့ (Cobalt )
နည်းနည်းသာလိုပြီး တစ်ချို့ကျတော့ သတ္ထုဓာတ်တွေ၊ ဗီတာမင်၊ သကြား၊ ဟော်မုန်း၊
အဆီ၊ အမိုင်နိုအက်စစ်တွေ အများကြီးလိုတယ်။ တစ်ချို့ကျတော့လည်း ရေ လောက်ပဲ
လိုတယ်။
ဦးမောင်မောင် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်တဲ့အခါ သူ့ဆဲလ်တွေ အကုန်လုံး အစာ
အများကြီး လိုတယ်။ အဲ့ဒီအချိန် သူ့အရေပြား နီလာတာဟာ သူ့ရဲ့သွေးကြောမျှင်တွေ
အစွမ်းကုန် အလုပ်လုပ်နေလို့ ဖြစ်တယ်။ သူအိပ်တဲ့အခါ သူ့ဆဲလ်တွေရဲ့ လိုအပ်ချက်တွေ
အနိမ့်ဆုံး ကိုရောက်သွားတယ်။ သွေးကြောမျှင်တွေရဲ့ ၉၀% လည်း ပိတ်သွားတယ်။
ဦးမောင်မောင်က သူ့အဆုတ်နဲ့ အသက်ရှုတယ်၊ သူ့ပါးစပ်နဲ့ အစာစားတယ်၊
သူ့အူလမ်းကြောင်းက အစာတွေ စုပ်တယ်လို့ထင်တယ်။ တကယ်က အဲ့ဒီအလုပ်တွေ
အားလုံး သူ့သွေးကြောမျှင်တွေက လုပ်တာ။ ဒါကြောင့် သူ့မိသားစုဆရာဝန်က မျက်စိ
အတွင်းကြည့်ကိရိယာ ( ophthalmoscope) နဲ့ သူ့မျက်စိအတွင်းပိုင်းမှာရှိတဲ့ သွေးကြော
မျှင်တွေကို ကြည့်တာ။ အဲ့ဒီ တစ်နေရာပဲ ကိုယ်ခန္ဓာရဲ့ သွေးကြောမျှင်တွေကို မြင်နိုင်တယ်။
သွေးကြောမျှင်တွေ ပိတ်နေ၊ ဖေါင်း နေရင် သူ ဒုက္ခရောက်နေပြီ။ သူ ဒုက္ခမရောက်အောင်
ကျနော်အမြဲ သတိပေးနေတယ်။
ကျနော့်သွေးတွေ သေနတ်ဒဏ်ရာကြောင့်ပဲဖြစ်ဖြစ်၊ ဓါးဒဏ်ရာကြောင့်ပဲဖြစ်ဖြစ်
ထွက်ကုန်ရင် ချက်ချင်း သွေးဥမွှားတွေကို ဒဏ်ရာဆီ ပို့လိုက်တယ်။ သွေးဥမွှားတွေက
သွေးပေါက်ကို ခေတ္တ ပိတ်လိုက်တယ်။ နောက် ကျနော့်ရဲ့ ခုခံကာကွယ်ရေးတပ်တွေကို
အသုံးချတယ်။ ဖင်ဘရင် (Fibrin) ခေါ်တဲ့ ပစ္စည်းနဲ့ ဒဏ်ရာကို အပြီးပိတ်ပစ်တယ်။
ကျနော့်ဆီမှာ Fibrin ရှိတယ်။ ဒါပေမဲ့ သူ ကောင်းကောင်း အလုပ် မလုပ်ဘဲ သွေးကြော
မှန်သမျှမှာ လိုက်ပိတ်ရင်တော့ တကဲ့အန္တရာယ်ပဲ။ ဦးမောင်မောင် ချက်ချင်းသေနိုင်တယ်။
ကျနော့် ပိုက်လိုင်းထဲမှာ အပေါက်ဖြစ်သွားရင် ပိုးမွှားတွေဝင်လာပြီး နောက်ထပ်
အန္တရာယ် တစ်မျိုး ထပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော့်မှာ အဲ့ဒီပိုးတွေကို သတ်နိုင်တဲ့
လက်နက်တွေ ဖြစ်တဲ့ အန်တီဘော်ဒီ (antibodies) တွေ ရှိပါတယ်။ ကျနော့်မှာ အန်တီ
ဘော်ဒီတွေ တစ်သန်းရှိတဲ့ စစ်တပ်နီးပါးရှိတယ်။ သူတို့ထဲမှာ ရာဇဝတ်မှုကိုလိုက်ပြီး
အထူးကျွမ်းကျင်တဲ့ စစ်ဗိုလ်တွေလို လုပ်ဆောင်နိုင်တဲ့ အန်တီဘော်ဒီ တွေလည်း ရှိတယ်။
အန်တီဘော်ဒီတွေရဲ့ ထူးခြားချက်က သူတို့ရဲ့မှတ်ဉာဏ်ပဲ။ ဦးမောင်မောင် ငယ်ငယ်က
(၄၁ နှစ်လောက်) က ပါးချိတ် ရောင်ဖူးတာ သူမမှတ်မိပေမဲ့ အန်တီဘော်ဒီတွေကတော့
ကောင်းကောင်း မှတ်မိတယ်။ တကယ်လို့ ပါးချိတ်ရောင်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်ပိုးတွေ
(virus) ဝင်လာရင် အန်တီဘော်ဒီတွေက (terrier) ခွေးမျိုးတွေ ကြွက်နောက်လိုက်သလို
ပဲ ပါးချိတ်ရောင်ဗိုင်းရပ်ပိုးနောက် လိုက်တိုက်တာပဲ။ ဦးမောင်မောင်အနေနဲ့ ဒီတိုက်ပွဲကို
သိမှာမဟုတ်ဘူး။ တိုက်ပွဲပြီးသွားတဲ့အခါ ဗိုင်းရပ်ပိုးရော၊ အန်တီဘော်ဒီ ကိုရော သွေးဥ
ဖြူတွေက စားပစ်လိုက်တယ်။ ကျနော်က သန့်သန့်ပြန့်ပြန့် နေတတ်တဲ့သူပါ။ ကျနော့်ဆီ
မှာ ညစ်ပတ်တာတွေ၊ ရှုပ်ပွေတာတွေကို မကြိုက်ဘူးလေ။
ကျနော့်သွေးကြောတွေကလည်း ထုံးဓာတ်တွေကြောင့် မြေပိုက်တွေလိုမာလာနိုင်တယ်။
အဆီတွေလည်း သွေးကြောတွေထဲမှာစုပုံပြီ သွေးပိုက်လိုင်းကို ကျဉ်းစေ၊ ပိတ်စေနိုင်တယ်။
သွေးလွှတ်ကြောတွေ ပိတ်ရင်တော့ ခြေချောင်းတွေ ပုပ်တာကစပြီး၊ ဦးနှောက်သွေးကြော
ပြတ်လို့ ကိုယ်လက်သေသွားတာ၊ နှလုံးသွေးကြောပြတ်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်တယ်။
ကျနော့်ရဲ့ သကြားဓာတ်တွေ များလာရင်လည်း ဦးမောင်မောင် ဆီးချိုရောဂါ
ဖြစ်နိုင်တယ်။ သကြားဓာတ် နည်းသွားပြန်တော့လည်း ဦးမောင်မောင် ရင်တုန်တာ၊
ချွေးပြန်တာ၊ ခေါင်းမူးတာ၊ အသားအရေ ဖြူဖတ်ဖြူရော် ဖြစ်လာနိုင်ပါတယ်။
ကျနော့်ရဲ့ သွေးဥနီတွေနည်းသွားရင် သွေးအားနည်းရောဂါဖြစ်တယ်။ ကျနော်ရဲ့
သွေးဥဖြူတွေဟာ agranulocytosis ခေါ်တဲ့ ရောဂါမှာ ရုတ်တရက်ကြီး နည်းသွားနိုင်တယ်။
သွေးဥဖြူတွေဟာ သွေးကင်ဆာမှာ အလွန်များလာနိုင်သေးတယ်။ သွေးခဲတဲ့ စနစ်တွေ
ဖောက်ပြန်ရင်လည်း hemophilia ခေါ်တဲ့ သွေးထွက်တဲ့ရောဂါဖြစ်တယ်။
ဦးမောင်မောင်အနေနဲ့ ကျနော်သက်သာအောင် ဘာလုပ်ပေးနိုင်ပါသလဲ။ အများကြီး
လုပ်နိုင်ပါ တယ်။ သူ့အနေနဲ့ သွေးပေါင်ချိန် မှန်မှန်တိုင်းရမယ်။ သွေးပေါင်ချိန်တက်နေရင်
ကျနော် ပြဿနာတက်ပြီ။ ဆေးသောက်ပြီး ဒီပြဿနာကိုရှင်းနိုင်ပါတယ်။ သွေးပေါင်ချိန်
ကို အန္တရာယ်ကင်းမဲ့ လဲဗဲ (level) အထိ ရောက်အောင် သူလုပ်ထားနိုင်ပါတယ်။
လေ့ကျင့်ခန်းကတော့ သွေးတွေ မှန်မှန်လှည့်ပတ်ဖို့ လိုအပ်တယ်။ အစားအသောက်
ဆင်ခြင်ဖို့လည်း အရေးကြီးတယ်။ အဆီတွေ အစားများရင် အသက်တိုနိုင်တယ်။ အတိုချုပ်
ပြောရရင် ကျနော့်ကို အခြားအင်္ဂါတွေထက် ပိုပြီး ဂရုစိုက်သင့်တယ်။ ဒါပေမဲ့သူ ဂရုစိုက်
ရကျိုး နပ်မှာပါ။
(မြတ်ပန်းရဂုံ)
I am Joe`s body ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။
No comments:
Post a Comment