မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, February 28, 2015

ချစ်တတ်ရဲ့လား...

 ချစ်တတ်ရဲ့လား
။။။။။။။။။။။။။။။။။။။။။။


     ချစ်ချစ်ဆိုတာ မီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး
တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့ နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့
သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့ တစ်လှည့်ဆီ နိုင်ငံရပ်ခြား
ပညာတွေ သွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲ ဆိုင်းငံထားခဲ့ရတာ။

     နောက်ဆုံး မေမေနိုင်ငံခြားက ပြန်လာလာချင်းမွေးခဲ့ရတဲ့ အဖိုးတန်ချစ်သမီးလေးပါ။
မိဘနှစ်ပါး အချစ်ပိုလိုက်တာများကတော့ သမီးကို လေစိမ်းတိုက်မှာ ခြင်ကိုက်မှာစိုးလို့
အထူး ခြင်လုံအခန်းမှာ ထားတာပါ။ “လေမခ နေမခ ရွှေပေါ် မြတင်”ပါ။ အိမ်မှာ ကူညီ
ပေးတဲ့ ခလေးမလေးတွေတောင် ချစ်ချစ်နား မကပ်ရပါဘူး။

     မိတ်ဆွေတွေကလည်း ဆရာဝန်အသိုင်းအဝိုင်းကဆိုတော့ သူတို့ဆေးရုံကပါလာတဲ့
ရောဂါတွေကူးမှာစိုးလို့ မချီမပိုးအောင်လို့ သမီးလေး အိပ်နေတယ်ဆိုပြီး ညာ ပြောရတာ
ကလည်း  အခါခါပါပဲ။

     မိခင်တစ်ယောက်အနေနဲ့ ချစ်ချစ်ကို နို့ချိုတိုက်ကျွေးချင်ပေမဲ့ ဆေးရုံတာဝန် က
တစ်ဖက်၊ ဆေးကျောင်းမှာ စာသင်ရတာကတစ်ဖက်မို့ မအားလပ်ပါဘူး။ နောက်ပြီးတော့
ဆေးရုံက ရောဂါတွေလည်း သမီးလေးကိုကူးမှာ စိုးပါတယ်။

     ဒီလိုနဲ့ တစ်နေ့မှာတော့ တောက ငယ်ကြောက်အဒေါ် သမီးလေးကိုကြည့်ရအောင်
ရောက်လာပါတယ်။ ကျမဘာမှမပြောနိုင်ခင်၊ မတားနိုင်ခင် သမီးလေးရဲ့ အခန်းထဲ
ဝင်သွားပြီး သမီးလေးကို အပြင်ချီထုတ်လာပါတယ်။ ပါးစပ်ကလည်း ညီးတို့က ခလေးကို
အမှောင်ထဲမှာ ထားထားတယ်၊ လေကောင်းလေသန့်လည်း မရဘူးတဲ့။ ခလေးဆိုတာ
မြေထိမှ ကျန်းမာတာတဲ့။

     သမီးလေးကိုတွေ့လိုက်တဲ့ ခဏမှာတော့ ကျမမျက်စိတွေ မူးမိုက်သွားပါတော့တယ်။
သမီးလေး တစ်ကိုယ်လုံးဝါနေပါတယ်။ သမီးလေးကို ချက်ချင်းဆေးရုံခေါ်သွားပြီး သွေး
ကောင်းတွေနဲ့ သမီးလေးရဲ့ ဝါနေတဲ့သွေးတွေ ပြောင်းလဲကုသ (exchange transfusion)
ပါတယ်။

     သမီးကိုယ်ထဲက သွေးတွေကတော့၊ အဝါရောင်အဆိပ်တွေ မရှိတော့ပါဘူး။ ဒါပေမဲ့
အဝါရောင်အဆိပ်တွေက သမီးရဲ့နုနယ်တဲ့ ဦးနှောက်ကို ရောက်သွားပြီး ဖျက်ဆီးလိုက်
တာမို့ သမီးလေးဘဝ ဆုံးရပါပြီ။ သမီးလေးတစ်ဘဝလုံး ဦးနှောက်ပျက်နေတဲ့ ရောဂါသည်
မလေး ဘဝနဲ့ နေရတော့မှာပါ။ ကျမဘယ်လိုဖြေရပါ့မလဲ။ ကျမသမီးလေးလို ဘဝမဆုံး
ကြရအောင် ဒီ ပညာပေးဆောင်းပါးလေးကို ဝေငှရင် ချစ်ချစ်လိုဘဝနဲ့ ကျမလို ဘဝမျိုး
မရောက်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

     ချစ်ချစ်လို မွေးကာစခလေးတွေ အသားဝါတာကို(Neonatal jaundice) နီရိုနေတဲ
ဂျွန်တစ် လို့ ခေါ်ပါတယ်။ မွေးကာစ ခလေးငယ်တွေ၊ အထူးသဖြင့် လမစေ့ဘဲ မွေးတဲ့
ခလေးတွေမှာ မွေးပြီးတစ်ပတ်လောက်မှာ အသားအနည်းငယ် “ဝါ” တတ်ပါတယ်။
သူတို့ရဲ့အသဲက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် ကိုယ်ထဲက သွေးဥနီအသေတွေ
က ထွက်လာတဲ့ အဝါရောင်အဆိပ်တွေကို မချေဖျက်နိုင်သေးလို့ပါ။ အသက်နည်းနည်း
ရလာတာနဲ့အမျှ အသဲလည်း ကြီးထွားလာပြီး သူ့လုပ်ငန်းကို ကောင်းကောင်းဆောင်ရွက်
နိုင်တဲ့အခါ အဝါရောင်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါတယ်။

     အသားဝါတာကို သဘာဝအလင်းရောင်မှာမှ မြင်နိုင်ပါတယ်။ ဓာတ်မီးရောင်
အောက်မှာ မမြင်ပါဘူး။ ဒါကြောင့် အချစ်ပိုပြီး မီးရောင်အောက်မှာ ထားခဲ့တဲ့သမီးလေးရဲ့
အသားတွေ ဝါတာ ကျမ သတိမထားမိခဲ့ပါဘူး။

     ကိုယ်ခန္ဓာရဲ့ သွေးထဲကအဆိပ်တွေ ဦးနှောက်ထဲမရောက်အောင် တားဆီးတဲ့
(Blood Brain Barrier) ဆိုတာ ရှိပါတယ်။ အဲ့ဒီကာဗါ (Barrier) က မွေးကာစ ခလေး
တွေမှာ သိပ် မဖွံ့ဖြိုးပါဘူး။ ဒါကြောင့် အဝါရောင်အဆိပ်တွေ ခလေးရဲ့ ဦးနှောက်ကို
ရောက်သွားပြီး ဖျက်ဆီးလို့ ကာနစ်တရက် (Kernicterus) ခေါ်တဲ့ ချစ်ချစ်လို ဦးနှောက်
ပျက်တဲ့ ဘဝ ရောက်ရပါတယ်။ လူကြီးတွေမှာတော့(Blood Brain Barrier) ကောင်းတာ
ကြောင့် အဝါရောင်အဆိပ်တွေ သိပ်များလာလို့ အသားတွေ ဆနွင်းခဲလိုသာ “ဝါ” သွား
မယ် ဦးနှောက်ကိုတော့ မရောက်နိုင်လို့  ဦးနှောက်ပျက်တဲ့ရောဂါ မဖြစ်ပါဘူး။

     (Neonatal jaundice)က၊ လမစေ့ဘဲ မွေးတဲ့ခလေးတွေအပြင် အမေ့နို့မတိုက်တဲ့
ခလေးတွေမှာ အဖြစ်များပါတယ်။ အမေနို့က နို့ဘူးတွေလို နို့များများမထွက်ပါဘူး။
ဒါကြောင့် အမေနို့ တိုက်တဲ့ခလေးတွေဟာ ဗိုက်မဝလို့ ခဏခဏ စို့ပါတယ်။ နို့စို့တဲ့အခါ
ကလေးရဲ့ အူလမ်းကြောင်း လှုပ်ရှား (bowel movement) ပါတယ်။ နို့ခဏခဏ စို့တဲ့
ခလေးမှာ အူလမ်းကြောင်း လှုပ်ရှားမှုများလို့ အဆိပ်ဝါတွေကို ဝမ်းက ပိုမိုစွန့်ပစ်နိုင်ပါတယ်။

     မွေးကာစခလေးတွေရဲ့ အူတွေမှာ ပိုးတွေမရှိသေးပါဘူး။ သဘာဝအူပိုးများလို့ ခေါ်တဲ့
ကျမတို့အူထဲမှာရှိတဲ့ မိတ်ဆွေပိုးတွေ (Bacterial flora) က အူထဲကိုရောက်လာတဲ့
အဆိပ်ဝါတွေကို ချေဖျက်ပေးပါတယ်။

     မွေးစခလေးတွေမှာ တစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်ကပိုးတွေ စားမိပြီး (Bacterial
flora) ခေါ်တဲ့ မိတ်ဆွေပိုးတွေ အူထဲကိုရောက်လာပါတယ်။ သမီးကို အချစ်ပိုပြီး၊ ပိုးမဝင်
အောင် ဂရုစိုက်တာလွန်သွားလို့ မိတ်ဆွေပိုးတွေရဲ့ အဆိပ်ဝါတွေကို ကူညီချေပေးခြင်းကို
လည်း မရခဲ့တာကြောင့် အဆိပ်ဝါတွေ ရက်ပိုင်းအတွင်းမှာ များလာပြီး ဦးနှောက်ထဲ
ရောက်ကုန်တာပါ။

     စောစောက ဝါတာကိုသိရင်(အဆိပ်ဝါတွေ ဦးနှောက်ထဲမရောက်ခင်) ခလေးကို
နေ အလင်းရောင်မှာထားခြင်း (ဝါ) အပြာရောင် မီးရောင်အောက်မှာ ထားခြင်း
( Phototherapy) ဖြင့် အဆိပ်ဝါတွေကို ချေဖျက်နိုင်ပါတယ်။

     ၎င်းအပြင် အရည် (ဝါ) နို့များများ တိုက်ပေးခြင်းတို့ဖြင့် လွယ်ကူစွာကုသနိုင်ပါတယ်။
အခုတော့…။

     အပြင်ပန်းကြည့်ရင်၊ အချစ်လွန်လို့ မရောက်သင့်တဲ့ ဒုက္ခ ရောက်ရတယ်ပေါ့။
တကယ်ကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မင်းသားခေါင်းစွပ်ထားတဲ့၊ လောဘ၊ တဏှာ
ဆိုတဲ့ အမိုက်တိုက်က မေမေတတ်သိထားတဲ့ လောကီဆေးပညာတွေကို ဖုံးသွားလို့
ဖြစ်ရတာပါ။

(မြတ်ပန်းရဂုံ)

No comments:

Post a Comment