သဘာဝအတိုင်းအရွယ်တင်အောင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အသားအရေ လှပ စိုပြေအောင် အထူးသဖြင့် မျက်နှာ အသားအရေ လှပအောင်
ဇရာရဲ့ အရေးအကြောင်းတွေ နည်းနိုင်သမျှနည်းပြီး လန်းဆန်းနေအောင် နေ့စဉ် ဘာလုပ်
ရမလဲ။ အသက်ကြီးလာတာနဲ့အမျှ အသားအရေဟာလည်း အတူလိုက်ပြီး ကြီးလာတဲ့
အတွက် ဂရုစိုက် ကာကွယ် စောင့်ရှောက်မှုကို သတိမထားသရွေ့ကျား၊ မ မရွေး၊ အသား
အရေမှာ အမာရွတ်၊ တင်းတိပ်၊ မဲ့ခြောက်နှင့် နေလောင်ဒဏ်တွေကို အချိန်နှင့်အမျှ
ခံစားလာရပြီး ပါးရေတွန့်ခြင်းများ အသက်အရွယ်အလိုက် ရှိသင့် သည်ထက် အဆပေါင်း
များစွာ ပိုမို ပေါ်လွင် ထင်ရှားလာနိုင်ပါတယ်။
Plastic surgery သုံးပြီး ပါးရေတွန့်တာ၊ အသာမည်းတာ၊ အနာရွတ် စတာတွေကို
ပြုပြင်နိုင်ပေမယ့် ဓားမသုံးပဲ သဘာဝအတိုင်း လှပစေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
(plastic surgery ရဲ့ အစွမ်းတွေနဲ့ ဆိုးကျိုးတွေကိုဆက်လက်ဖေါ်ပြပါမယ်)
အသက်အပိုင်းအခြားအလိုက် အသားအရေကို
အကြမ်းအားဖြင့် လေးဆင့် ခွဲခြားနိုင်ပါတယ်။
အဆင့် ၁ – မွေးကင်းစမှ အသက် ၁၅ နှစ်။
အဆင့် ၂ – အသက် ၁၅ နှစ်မှ ၂၅ နှစ်။
အဆင့် ၃ – အသက် ၃၀ နှစ် မှ ၄၅ နှစ်။
အဆင့် ၄ – အသက် ၄၅ နှစ်မှ ၆၅ နှစ်။
အဆင့် ၁ – မွေးကင်းစမှ အသက် ၁၅ နှစ်။
အသားအရေမှာရှိတဲ့ ဆဲလ်တွေက (Fibre) အမျှင်တွေ စုစည်း တည်ဆောက်နေတဲ့
အဆင့် ဖြစ်ပါတယ်။ ကလေးရဲ့ လျှင်မြန်စွာကြီးထွားမှုကို အထောက်အကူ ဖြစ်စေဖို့
အတွက် အသားအရေဟာ နူးညံ့နေပါတယ်။ ပုံသွင်းလွယ်နေပါတယ်။
အဆင့် ၂ – အသက် ၁၅ နှစ်မှ ၂၅ နှစ်။
ကြီးထွားမှုနဲ့ အတူ အသားရဲ့ အမျှင်တွေ ကျစ်လျစ် ရင့်ကျက်လာတဲ့ အဆင့် ဖြစ်ပါ
တယ်။ ဒီအဆင့် အစောပိုင်းမှာ Elastin နှင့် collagen လို့ ခေါ်တဲ့ အသားမျှင်တွေကို
အများဆုံး ထုတ်ပြီး အသားအရေကို တင်းလာအောင် တည်ဆောက်ပါတယ်။ အသား
အရေဟာ တင်းရင်းပြီး ဝင်းလက်တောက်ပ နေတဲ့အချိန်၊ အသားအရေ အလှဆုံးအချိန်
လို့ ပြောလို့ ရပါမယ်။
အသက် ၂၅ နှစ်လောက်မှာတော့ အသားအရေဟာ အရင့်ကျက်ဆုံးနဲ့ ကျစ်လျစ်မှု
အဆုံးကို ရောက်သွားပြီဖြစ်လို့ Elastin နှင့် collagen ထုတ်လုပ်မှု စတင်နည်းပါးလာပါ
တယ်။ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည် (UV rays) တွေက Elastin နှင့် collagen
ကို ဖျက်ဆီးဖို့ အမြဲတမ်း အဆင်သင့် ရှိနေတဲ့အတွက် Elastin နှင့် collagen တွေကို
ထိန်းသိမ်းနိုင်မည့်၊ တိုးပွားနိုင်မည့် အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ စတင်
စောင့်ရှောက်သင့်တဲ့ အဆင့် ဖြစ်ပါတယ်။
အဆင့် ၃ – အသက် ၃၀ နှစ် မှ ၄၅ နှစ်။
အသက် ၃၀ ကစပြီး Elastin နှင့် collagen ထုတ်လုပ်မှု ပိုမို နည်းပါးလာပါတယ်။
နေရောင်ခြည်နဲ့ UV light ရန်မှ ကာကွယ်စောင့်ရှောက်မှု မဖြစ်မနေ ပြုလုပ်သင့်တဲ့
အဆင့် ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်လို့ ခေါ်နေတဲ့ Utraviolet light (UV) နှစ်မျိုး ရှိပါတယ်။
UVA and UVB တို့ပါ။ A ဆိုတာ aging (ရင့်ရော်ခြင်း) နဲ့ B ဆိုတာ burning
(လောင်ခြင်း) တို့ ကို ဖြစ်စေပါတယ်။
အဆင့် ၄ – အသက် ၄၅ နှစ်မှ ၆၅ နှစ်။
အသက် ၄၅ နှစ် ကစပြီး Elastin နှင့် collagen ထုတ်လုပ်မှု မရှိသလောက် နည်းပါး
သွားပါတယ်။ ကာကွယ်မှုနှင့် စောင့်ရှောက်မှုများ အမြင့်ဆုံးလိုအပ်တဲ့ အဆင့်ဖြစ်ပါတယ်။
လူတိုင်းအတွက် အသားအရေအမျိုးအစားတွေ ကွဲပြားနေပေမယ့် လိုအပ်တဲ့ အခြေခံ
အသား အရေ ထိန်းသိမ်းနည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ အခြေခံအသားအရေ
ထိန်းသိမ်း နည်း (၄) နည်း ရှိပါတယ်။
(၁) နေ့စဉ် အသားအရေ သန့်စင်ခြင်း - daily cleansing.
(၂) နေ့စဉ် ရေဓာတ်ဖြည့်ခြင်း – daily moisturizing.
(၃) နေ့စဉ် နေရောင်ခြည်မှကာကွယ်ခြင်း - daily protection from sun.
(၄) အပတ်စဉ် ဆဲလ်သေများ၊ အထူးသဖြင့်
နှာခေါင်းမှ ဆားဝက်ခြံများကို ဖယ်ရှားခြင်း -weekly exfoliation.

အရိုးအရှင်းဆုံးနဲ့ အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ဈေးကြီးတဲ့ပစ္စည်းတွေ
ဝယ်သုံးစရာ မလိုပါဘူး။ မြန်မာပြည်လို ရာသီဥတုမျှတတဲ့ နေရာမျိုးမှာ မျက်နှာကို
ရေသန့် သန့်လေးနဲ့ ဆေးပေးရုံပါပဲ။ အဆီပြန်တတ်တဲ့သူတွေဆိုရင်တော့ ကိုယ့် အသား
အရေနဲ့ သင့်တော်မယ့် မျက်နှာသစ်ဆေး (Cleanser) ကို သုံးနိုင်ပါတယ်။ ဆပ်ပြာမှာ
(caustic soda) ပါတာမို့ ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းဟာ အရေပြားကို ခြောက်သွေ့စေပြီး
ပို အဆီပြန်စေပါတယ်။
မျက်နှာပြင်ပေါ်ရှိ ဆဲလ်အသေနှင့် အညစ်အကြေးများကို Cleanser က ထိရောက်စွာ
ဖယ်ရှားပေးရုံ သာမကဘဲ ဆဲလ် အသစ်များကို ထပ်မံ တိုးပွားစေပါသည်။ အသားအရေကို
နူးညံ့ချောမွေ့ စေတယ်လို့ ဆိုပါတယ်။ နေ့ည မျက်နှာသစ်ရာမှာ အသုံးပြုနိုင်ပါသည်။
- သတိပြုရမှာက မျက်နှာကို ခဏခဏ မသစ်ဖို့ပါပဲ။ (လှချင်လွန်းလို့ သကြောင်တိုက်
ရေစီးကမ်းပြိုလိုက်) ဆိုတာလို အလွန်အကျွံ ခဏခဏ မျက်နှာသစ်ရင် မျက်နှာမှာရှိတဲ့
ဆဲလ်တွေ သေဆုံးခြင်း၊ ထိခိုက်အနာတရဖြစ်ခြင်းတို့ကြောင့် မျက်နှာအသား နီကြောင်
ကြောင်၊ ထူအမ်းအမ်း အထိ ဖြစ်နိုင်ပါတယ်။
- မျက်နှာသစ်တဲ့အခါ မိတ်ကပ်၊ ဖုန်၊ အဆီ စတဲ့ အညစ်အကြေးတွေနဲ့ ချွေးပေါက်ထဲမှာ
ပိတ်နေတာတွေ ကို ရေနွေးနွေးလေး သုံးပြီး စင်ကြယ်အောင် လုပ်နိုင်ပါတယ်။
- ချွေးပေါက်ကျယ်နေခြင်းကို ကာကွယ်ချင်ရင် (၀ါ) ကုသချင်ရင် မျက်နှာသစ်အပြီး
ခြောက်သွေ့နေတဲ့ မျက်နှာပေါ်မှာ Toner သုံးရပါမယ်။
Toner ဆိုတာ အသားအရေကို ကြည်လင်စေသည့် (၀ါ) ကျန်းမာသန်စွမ်းစေသော
လိမ်းဆေး လို့ ဆိုပါတယ်။Toner က ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။
(၂) နေ့စဉ် ရေဓာတ်ဖြည့်ခြင်း – daily moiturizing.
ခြောက်သွေ့တဲ့အသားအရေမှ မဟုတ်ပါဘူး အဆီပြန်တဲ့ အသားအရေလည်း
ရေ ဓာတ် လိုအပ်ပါတယ်။ အချို့သော moiturizer အမျိုးအစားတွေမှာ ရေဓာတ်အပြင်
အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်တွေပါ ပါဝင်နေတတ်တာမို့ အသားအရေကို
အစာကျွေး ပြုစု စောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။
မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ
အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာ
ပေါ်တွင် အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင် ဆေးပါ။
မျက်လုံး ပတ်ဝန်းကျင် အရေပြားများကို အထူးဂရုစိုက်ချင်ရင် (၀ါ) မျက်ဝန်းတစ်ဝိုက်
မျက်သားများ ဇရာကြောင့် ဖောင်းအိ ကျမလာစေရန် အသက် ၄၀ အရွယ်မှ စတင်၍
မျက်ဝန်းအတွက် သီးသန့် ဖော်စပ်ထားတဲ့ မျက်ဝန်းဆေး Eye Cream ကို စတင် လိမ်း
သင့်ပါတယ်။ လည်ပင်းအတွက် Neck Creamကို လိမ်းပြီ၊ ခြေလက်တို့ကိုတော့ Body
Lotion ကို လိမ်းသင့်ပါတယ်။
နောက် မိတ်ကပ် (၀ါ) ခရင်ပတ် (၀ါ) သနပ်ခါး စသည် မိမိ လိမ်းနေကျ ကြိုက်နှစ်
သက်ရာကို အပေါ်မှာ ထပ်လိမ်းနိုင်ပါတယ်။ Cream ခံပြီး သနပ်ခါးလိမ်းရင် သနပ်ခါး
ပို ညီပါတယ်၊ ချွေးထွက်ရင်လည်း ချွေးပေါက်တွေကို သနပ်ခါးပေါ်မှာ မတွေ့ရပါဘူး။
ဒါကြောင့် အပြင်သွားတဲ့အခါ သနပ်ခါးအောက်ခံအဖြစ် Cream လိမ်းသင့်ပါတယ်။
ညနေဘက်မှာတော့ တစ်နေ့လုံး လိမ်းခြယ် ထားတာတွေကို ဖယ်ရှား သန့်စင်နိုင်ရန်
အတွက် Cleansing Cream လိမ်းပြီး ဖျက်စေ ချင်ပါတယ်။ မျက်ဝန်း၊ နှုတ်ခမ်းနီ အတွက်
တော့ Eye & Lip Remover ကို အသုံးပြုရပါမယ်။ ညအိပ်ရာ ဝင်ခါနီး အချိန်၌ ရေချိုး
သန့်စင်ပြီးလျှင် နောက်ဆုံးအကြိမ်အဖြစ် အိပ်စက် အနားယူခြင်း မပြုမီ အာဟာရဓာတ်
ပြည့်ဝတဲ့ [LINK=#]Age[/LINK] Lift Night Cream ကို လိမ်းခြင်းအားဖြင့် အသားအရေ
ကို ပျိုမြစ်မှု ရှိစေရန် ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်။
- ဘယ်လို အသားအရေ အမျိုးအစားမဆို အစိုဓာတ်ဖြည့်ခြင်းကို လုပ်သင့်ပါတယ်။
- အသားအရေဟာ အစိုဓာတ် ပြည့်ဝနေမှ စိုပြေ လှပ နေမှာ ဖြစ်ပါတယ်။
- အစိုဓာတ် ဘယ်လောက် ဖြည့်ရမယ်ဆိုတာကို အသားအရေ က ပြောပြပါလိမ့်မယ်။
အသားအရေက ခြောက်သွေ့တင်းမာနေပြီ ဆိုရင် အစိုဓာတ် လိုအပ်တဲ့ လက္ခဏာပါ။
- ဒါပေမယ့် အစိုဓာတ် ဖြည့်ဆေးတွေကို အလွန်အကျွံ သုံးမိရင် ချွေးပေါက်တွေ ပိတ်ပြီး
ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။ (တန်ဆေး၊ လွန်ဘေး)။

မိနစ်အနည်းငယ်မျှကြာတဲ့ နေရောင်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို
ပြန်လည်တည်ဆောက်ဖို့ အချိန်ရော ပိုက်ဆံရော အများကြီး ကုန်နိုင်ပါတယ်။ ဒါကြောင့်
အသားအရေနဲ့ နေရောင်ခြည် တိုက်ရိုက်ထိခြင်းမှ ကာကွယ်နိုင်ရန် နေပူထဲသွားလျှင်
ထီးဆောင်းခြင်း၊ အပြင်ထွက်လျှင် မျက်နှာပေါ်တွင် သနပ်ခါး ထူထူလိမ်းခြင်း (၀ါ) sun
cream လိမ်းခြင်း တို့ဖြင့် ကာကွယ်ပါ။ အရောင်ရင့်များ အထူးသဖြင့် အနက်ရောင်က
နေရောင်ခြည်ကို အများကြီး စုပ်ယူတာကြောင့် နေပူထဲသွားတဲ့အခါ အနက်ရောင် ထီး
ဆောင်းသင့်ပါတယ်။ အဝတ်အစားကိုတော့ အရောင်ဖျော့ဖျော့ ဝတ်သင့်ပါတယ်။
အနက်ရောင်ဝတ်ရင် အသားထဲကို နေရောင်ခြည် အများကြီး စုပ်ယူမှာ ဖြစ်ပါတယ်။
အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းရဲ့ နံပတ် (၁) အကြောင်းက နေလောင်ခြင်းကြောင့်
ဖြစ်ပါတယ်။
(၄) အပတ်စဉ် ဆဲလ်သေများ၊ အထူးသဖြင့် နှာခေါင်းမှ
ဆားဝက်ခြံများကို ဖယ်ရှားခြင်း - weekly exfoliation.
အပတ်စဉ် မျက်နှာကို မျက်နှာသုတ်ပုဝါအနုစား (၀ါ) facial brush (၀ါ) scrub facial
foam နဲ့ ဆေးကြောခြင်းဖြင့် ဆဲလ်သေများ၊ ဆားဝက်ခြံများကို ဖယ်ရှားနိုင် (exfoliation)
ပါတယ်။ Exfoliate လုပ်ခြင်းဖြင့် အသားအရေကို ညစ်နွမ်းစေတဲ့ ဆဲလ်ဟောင်းတွေကို
ဖယ်ရှားပေးလို့ အသားအရေ ကြည်လင် လှပစေပါတယ်။ (အပတ်စဉ်သာ ပြုလုပ်သင့်
တာကိုတော့ သတိထားမိ စေချင်ပါတယ်။)
အထူးအရေးကြီးသော အရွယ်တင်စေသည့် လျှို့ဝှက်ချက်များ။
(က) မျက်နှာသစ်တဲ့အခါ နှဖူးကနေအောက်ကို အတင်းပွတ်ချတာမျိုး မလုပ်ပါနဲ့ ပါးရေ
တွန့် လွယ်ပါတယ်။ မျက်နှာခြောက်အောင် သုတ်တဲ့အခါ နုညံ့တဲ့မျက်နှာသုတ်ပုဝါနဲ့
တို့ပတ် တို့ သလိုမျိုး သုတ်ပါ။ ဒါမှမဟုတ် အောက်မှ အထက်သို့ ပင့် သုတ်ပါ။
ဒီအချက်တွေက နှစ်ကြာ လာတာနဲ့အမျှ ပိုသိသာ လာပါတယ်။ တစ်နေ့ အနည်းဆုံး
၂ ခါ မျက်နှာကို အောက်ဆွဲချသူနဲ့ အပေါ်ပင့်တင်သူဟာ တစ်နှစ်မှာ အနည်းဆုံး
အကြိမ် ၇၀၀ ကျော် အသက် ၄၀ ဆိုရင် ၂၈.၀၀၀ ကျော်ကွာသွားလို့ ပါးရေတွန့်တာ
လည်း သိသိသာသာ ကွာသွားပါတယ်။
(ခ) မျက်နှာအလှချယ်ဖို့ ပူတဲ့ရာသီဥတုမှာ သဘာဝသနပ်ခါးလိမ်းတာ အကောင်းဆုံး
ပါပဲ။ သနပ်ခါးက ရေနဲ့ဖျော်ထားတာမို့ လိမ်းတဲ့အခါ အတင်းဆွဲလိမ်းဖို့ မလို လို့
ပါးရေတွန့် နည်းစေပါတယ်။ အေးတဲ့ ရာသီတွေမှာ၊ ဒါမှမဟုတ် မိတ်ကပ်လိမ်းမယ်
ဆိုရင် ရေဖျော်ပစ္စည်း (lotion) တွေက ပိုကောင်းပါတယ်။ အဆီနဲ့ ပျစ်နေတဲ့ cream
တွေက အရေပြားပေါ်မှာ ပွတ်ဆွဲရတာမို့ နှစ်ကြာလာတဲ့အခါ ပါးရေပိုတွန့် လာပါတယ်။
cream ကိုလိမ်းမယ်ဆိုရင် ပါးအတွက် နှခေါင်းနဲ့ပါးစပ်ဘေးကနေ နားရွက်ဆီသို့
ပင့်ပြီး လိမ်းပါ၊ နှဖူးအတွက် အလယ်ကနေ ဘေး တစ်ဘက်တစ်ချက်ကို လိမ်းပါ။
လည်းပင်းကို အောက်မှ အပေါ်သို့ ပင့် လိမ်းပါ။ လက်လိမ်းတာ၊ ရင်ပတ်လိမ်းတာများမှာ
လည်း အောက်က အပေါ်သို့ ပင့်တင်ပြီး လိမ်းပါ။
(ဂ) မျက်မှောင်ကျုံ့ခြင်း။ အလကားနေရင်း မျက်မှောင်ကျုံ့မထားပါနဲ့။ မျက်မှောင်
ကျုံ့ခြင်းဖြင့် နဖူးမှာ ကန့်လန့် အရေးအကြောင်းတွေ မြန်မြန်ပေါ်စေပါတယ်။
မျက်မှောင်ကျုံ့တတ်တဲ့သူတွေ သတိထားပြီး ဖြေပေးပါ။
အကျင့်ရလာရင် တမင် လုပ်စရာ မလိုတော့ပါဘူး။
Wear smile and have friends; wear a frown and have wrinkles.
ပြုံးရယ်ခြင်းဖြင့် မိတ်ဆွေပွားပါ။ မျက်မှောင်ကျုံ့ခြင်းဖြင့် ပါးရေးတွန့်ရာများ ပွားပါ။
မျက်နာမှာနေလောင်ထားလျှင် -
ခရီးသွားလို့ မျက်နှာမှာ အနီကွက်လေးတွေပေါ်လာပြီး အချိန်ကြာလည်း မပျောက်
ဖြစ်နေလျှင် သနပ်ခါး စစ်စစ်လေး ပုံမှန်လိမ်းပါ ပါးသွား ပျောက်သွားပါတယ်။
ကမ်းစပ်ကိုသွားတဲ့အခါ -
ပင်လယ်ရေပြင်ကို ထိပြီး ပြန်ကန်ထွက်လာတဲ့ နေရောင်ခြည်ဟာ အသားပေါ်
တိုက်ရိုက်ထိရင် သာမန် နေရောင်ထက် အဆများစွာ ပိုပြင်းထန်တာကြောင့် ခဏတွင်းမှာ
အသား မည်းခြင်းအပြင် နောက်ဆက်တွဲ အနေနဲ့ အရေပြားကင်ဆာ ဖြစ်မှာကိုပါ စိုးရိမ်ရ
ပါတယ်။ ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားမှာ Melanin ခေါ် အရောင်ဓာတ်
နည်းပါးတဲ့အတွက် အသားညိုသူများထက် ပိုပြီး အရေပြား ပျက်စီးလွယ်သလို အသား
အရေ တွန့်ခြင်း၊ အရေပြား ကင်ဆာ ဖြစ်ခြင်းလည်း ပိုများပါသည်။
နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့်
မနက် ၁၀ နာရီမှ ညနေ ၄နာရီထိ နေပူထဲသို့ ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ အဲ့ဒီချိန်မှာ
ခရမ်းလွန် ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်ဖြစ်ပါတယ်။
ပင်လယ်ရေမှာ ပါလာတဲ့ ဆားဓာတ်က ခန္ဓာကိုယ်က ရေဓာတ်ကို စုပ်ယူလို့ အသား
အရေကိုလည်း ခြောက်သွေ့ စေပါတယ်။ ဒါကြောင့် ကမ်းစပ်ကိုသွားရင် ရေစိုခံ နေရောင်
ခြည်ကာ (water proof sunscreen) ခရင်မ်ကို သုံးသင့်ပါတယ်။
၁၊ ရေစိုခံ နေရောင်ခြည်ကာ ခရင်မ် တစ်မျိုးမျိုးကို နေပူထဲ မထွက်ခင် မိနစ် ၂၀ ကြို လိမ်း
ထားရပါမယ်။ နောက် ရေထဲဆင်းပြီး ပြန်တက်လာတဲ့ အခါလည်း လိမ်းပေးရပါမယ်။
၂၊ ဆံပင်နဲ့ မျက်နှာပြင်ကို ကာကွယ်ဖို့ ဦးထုပ်ကြီးကြီးကို
တတ်နိုင်သမျှ များများ ဆောင်းပေးပါ။ ( အတတ်နိုင်ဆုံး အရိပ်မှာ နေပါ)။
၃။ ရေကူးပြီးရင် ရေသန့် (ချိုးရေ ) နဲ့ ပြန်ချိုး ဖြစ်အောင် ချိုးပါ။
၎။ ရေချိုးပြီးတာနဲ့ လိမ်းနေကျ လိုရှင်း တခုခုကို လိမ်းပေးပါ။ ( သနပ်ခါးက မြန်မာ
တစ်နိုင်ငံမှာပဲ ရနိုင်တဲ့ အသားအရေအတွက် အကောင်းဆုံးသော မြန်မာထုတ်
လိုရှင်း စစ်စစ်ပါ။ နေရောင်ဒဏ်ကို အပြည့်အဝ ကာကွယ်ပါတယ်)။
မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး ခြေထောက်နှင့် လက်များကို ဂရု
မစိုက်ရင်၊ ခြောက်သွေ့ အက်ကွဲပြီး ညစ်ပေနေတဲ့ မသပ်မရပ် ခြေလက်အစုံက ယုယစွာ
ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မျက်နှာအလှကို အလဟဿသာ ဖြစ်သွားစေပါလိမ့်မည်။
ဒါကြောင့် ခြေလက် အစုံကို ၁၅ မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။
ဆားအနည်းငယ်ကို ရေထဲ ထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ
ပြောင်း စိမ်ပေးခြင်းဖြင့် သွေးလှည်ပတ်မှုကို ကောင်းစေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊
တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် ပြုလုပ် ပေးသင့်ပါသည်။
ရေစိမ်ပြီးလျှင် ခြေလက်ရှိအသားမာများနှင့် လက်သည်းခြေသည်းများ အထူးသဖြင့်
အသက်အရွယ် ကြီးသူများတွင် ပျော့ပြောင်းသွားပါတယ်။ အဲ့ဒီအခါ အသားမာများ လှီး
ဖြတ်ခြင်း၊ လက်သဲခြေသဲဖြတ်ခြင်း၊ လက်သည်းများကို သွားပွတ်တံ အဟောင်းဖြင့်
ပွတ်တိုက်ခြင်းဖြင့် ခြေလက်များ သန့်ရှင်းလှပပြီး လက်စွယ်၊ ခြေစွယ်၊ ငုတ်ခြင်းများမှလည်း
ကာကွယ် နိုင်ပါတယ်။
နွေရာသီလို ပူအိုက်တဲ့ရာသီများမှာ လေဝင်လေထွက်ကောင်းသော
ပိတ်ထည်များနှင့် ခြေညှပ် ဖိနပ် အပါးများကိုသာ ရွေးချယ် စီးသင့်ပါတယ်။
အထက်မှာ ဖေါ်ပြခဲ့တာတွေအားလုံးက ဥတုကို ပြင်ဆင်တာဖြစ်ပါတယ်။ အားလုံး
သိကြတဲ့အတိုင်း ရုပ်တစ်ခုဖြစ်တဲ့ အသားအရေကို ပြုပြင်ထိမ်းချုပ်တဲ့ အကြောင်းက
လေးပါးပါ။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) တို့ဖြစ်ပါတယ်။ ပြင်စရာ အကြောင်းသုံးပါး
ကျန်ပါသေးတယ်။
ကံအနေနဲ့ဆိုရင် ရှေးရှေးက ကံဟောင်းတွေကို ပြင်လို့ မရပေမဲ့ ယခု ပစ္စုပ္ပန်ကံတွေ
ကိုတော့ ကောင်းအောင် ပြင်နိုင်ပါတယ်။ ကံကောင်းအောင်လို့ ကုသိုလ်အလုပ်တွေ
တတ်နိုင်သမျှ လုပ်ဖြစ်အောင် လုပ်ဖို့ သတိထားပြီ၊ အကုသိုလ်အလုပ်တွေ တတ်နိုင်သမျှ
မလုပ်ဖြစ် အောင်သတိထားပြီ ရှောင်ရှားရပါမယ်။
စိတ် အနေနဲ့က ပိုပြီး သိသာပါတယ်။ စိတ်ဆိုးနေ၊ ဒေါသထွက်နေတဲ့အခါ ဘယ်လို
ခေတ်မှီအလှပြင် ပစ္စည်းတွေနဲ့ပဲ ပြင်ထားထား၊ Plastic surgery ပဲလုပ်ထားထား မလှပ
နိုင်ပါဘူး။ သတ္တဝါတွေအပေါ်မှာ မေတ္တာပွားနေတဲ့ အချိန်ဆိုရင်တော့ ဘာမှ မလိမ်းမချယ်
ထားတဲ့ အကျည်းတန် အရုပ်ဆိုးတဲ့သူတောင် မျက်နှာလေးနုညံ့ပြီး ချစ်ခင်စရာ ဖြစ်နေတာ
အားလုံး သတိထားမိကြမှာပါ။ ဒါကြောင့် ကိုယ့်မျက်နှာလေး လှပနေစေချင်တယ် ဆိုရင်
တော့ မေတ္တာ ဘာဝနာကို တတ်နိုင်သမျှ ပွားနေဖို့ပါပဲ။
အာဟာရအနေနဲ့ အသားရေ လှပစေတဲ့ အစားအစာတွေကတော့ အရည်ရွှမ်းတဲ့
အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအစာများ ဖြစ်ပါတယ်။ နွေရာသီလို
ရေဓာတ် ပိုလိုတဲ့အချိန်မျိုးမှာ ရေများများ သောက်ပေး ရပါမယ်။ ပြုပြင်ထားသော အချို
ရည်များထက် သဘာဝ သစ်သီးဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံး
သင့်ပါသည်။
အားလုံး လှပ လန်းဆန်းတဲ့ မျက်နှာပိုင်ရှင်တွေဖြစ်ပြီး သံသရာပါ လှပစေမဲ့ ကုသိုလ်
တရားတွေ စုဆောင်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။
(မြတ်ပန်းရဂုံ)
ကျမ်းကိုး
၁။နေ့စဉ် အသားအရေ ကာကွယ် စောင့်ရှောက် ခြင်း အလေ့အကျင့် (skin care regime) by ကဗျာ။ http://shwebeauty.com/
၂။ အခြေခံ အသားအရေ ထိန်းသိမ်းခြင်း (၄)ဆင့် http://www.myanmarskylink.com/
၃။ ငွေကြယ်ပွင့်တို့ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ http://www.thanakharmay.com/
၎။ မျက်နာမှာနေလောင်ထားလျှင်။http://planet.com.mm/
၅။ ကမ်းစပ်ကိုသွားတဲ့အခါအသားအရေမပျက်စီးရအောင်။ http://weekeebimber.blogspot.com/
၆။ အသက်၄၀ ၀င်လာလျှင် by ဆူးနှင်းဆီ
http://www.paephuhlwarmagazine.asia/
၇။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့၊ချော(အစိမ်းရောင်လွင်ပြင်)။

No comments:
Post a Comment