မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, February 8, 2015

သဲသဲ

ဒီမှာ
ကျမက ရှင့်ရဲ့ သဲသဲပါ။
ရှင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ အချက် ၉ ချက်နဲ့ ပြောပြ ပါရစေ။


 ၁။ ကျမ ရှင်လိုအပ်တဲ့ သံဓာတ်တွေအပြင်၊
     ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါ သိမ်းထားပေးပါတယ်။
     ကျမသာမရှိရင် ရှင် ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်ဘူး။

 ၂။ ရှင် အစာတွေ ခြေဖျက်တာကူညီဖို့ ကျမ သဲခြေရည်တွေ လုပ်ပေးတယ်။
     ကျမသာမရှိရင် ရှင် အလကား ဆုံးရှုံးပျက်စီးသွားမှာ။

 ၃။ ရှင် ကျမကိုပေးတဲ့ အရက်၊ ဘီယာ၊ ၀ိုင်၊ ဆရာဝန်ပေးတဲ့ဆေး၊ ဆရာဝန်မပေးတဲ့ဆေး၊
     ဥပဒေ မကင်းတဲ့ဆေး အစရှိတဲ့ ဓာတုအဆိပ်တွေကို အဆိပ်ဖြေပေးတယ်။
    ကျမသာမရှိရင် ရှင့်ရဲ့ အကျင့်ဆိုးတွေက ရှင့်ကိုသတ်မှာ။

 ၄။ ကျမက ဘက်ထရီလို ရှင်လိုအပ်တဲ့အခါသုံးနိုင်ဖို့ သကြား စွမ်းအင်တွေကို
     ကာဗိုလ်ဟိုက်ဒရိုတ်၊ ပရိုတင်း၊ အဆီ အနေနဲ့ သိမ်းထားပေးတယ်။
     ကျမသာမရှိရင် ရှင့်ရဲ့သွေးထဲက သကြားဓာတ်တွေအမြန်ဆုံး ကျဆင်းသွားပြီး
     ရှင် မေ့မျော သွားမှာ။

 ၅။ ကျမက ရှင်မမွေးခင်ကထဲက သွေးတွေ ထုတ်လုပ်ပေးတယ်။
     ကျမသာမရှိရင် ရှင်လူလောကကို ရောက်လာမှာတောင်မဟုတ်ဘူး။

 ၆။ ကျမက ရှင့်ကိုယ်ခန္ဓာ  ကျန်းမာဖို့နဲ့ ကြီးထွားဖို့အတွက်
     လိုအပ်တဲ့ အသားဓာတ်အသစ်တွေ ထုတ်လုပ်ပေးတယ်။
     ကျမသာမရှိရင် ရှင် ရှင်သန်ကြီးထွားမှာ မဟုတ်ဘူး။

 ၇။ ကျမက ရှင်ရှုသွင်းလိုက်တဲ့ အဆိပ်တွေ၊ လေထဲကအညစ်အကြေးတွေကို
     ဖယ်ရှားပေးတယ်။ ကျမသာမရှိရင် ရှင် လေထုညစ်ညမ်းမှုကြောင့် အဆိပ်သင့်မှာ။

 ၈။ ကျမက ရှင် မတော်တဆ ထိခိုက်မိတဲ့အခါ
     သွေးတိတ်စေတဲ့ သွေးတိတ်ပစ္စည်းတွေကို ထုတ်လုပ်ပေးတယ်။
     ကျမသာမရှိရင် ရှင် သွေးထွက်လွန်ပြီးသေမှာ။

 ၉။ ကျမက ရှင့်ကိုယ်ထဲကို အချိန်ပြည့်ဝင်ရောက်လာတဲ့ ပိုးမွှားတွေရဲ့ရန်က
     ကာကွယ်ပေးတယ်။ အဲ့ဒီပိုးတွေကို သတ်တယ်။ အနည်းဆုံး အားနည်းသွားအောင်
     လုပ်ပေးတယ်။ ကျမသာမရှိရင် လူတွေကိုဒုက္ခပေးတဲ့ ပိုးမွှားတွေရဲ့တိုက်ခိုက်မှုကို
     ရှင် အမြဲ လည်စင်းခံနေရမှာ။

   အဲ့ဒါတွေအားလုံးဟာ ကျမ ရှင့်ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ သက်သေတွေပဲ။
ရှင်ကရော ကျမကိုချစ်ရဲ့လား။

  ရှင်ကျမကို ဘယ်လိုချစ်သင့်တယ်ဆိုတာ ကျမ ပြောပြပါရစေ။

 ကျမအကြံပေးတာကို လိုက်နာပါ။
၁။ ကျမကို ရှင့် မိသားစုဆရာဝန်နဲ့ ပြပါ။
၂။ သွေးစစ်ခြင်းဖြင့် ကျမဒုက္ခရောက်နေတာ သိနိုင်ပါတယ်။
၃။ ကျမ ချောမွတ်နေရင် ကျမနေကောင်းပါတယ်။
    ကျမ မာကြောပြီး ဘုတွေ ထွက်လာရင်တော့ ဒုက္ခရောက်နေပြီလို့ သိပါ။
၎။ ရှင့် ဆရာဝန်အနေနဲ့ မသင်္ကာဘူးဆိုရင် ULTRA SOUND and CT SCAN တွေနဲ့
    ကျမကို ကြည့်လို့ ရပါတယ်။
၅။ ကျမအသက်နဲ့ ရှင့်အသက်ဟာ ရှင် ကျမကို ဆက်ဆံတဲ့အပေါ်မှာ မူတည်ပါတယ်။

 ကျမကို အရက်၊ ဘီယာ၊ ၀ိုင်တွေ ထဲမှာ နှစ်မထားပါနဲ့။
 အဲ့ဒါတွေ တစ်ခါသောက်ရုံနဲ့ကို သဲသဲဆို့လို အသဲနုတဲ့ တချို့သူတွေကို
တော်တော် နာကျင်စေပါတယ်။ တစ်သက်စာ အနာရွတ်တွေ ရစေပါတယ်။

 ဆေးတွေကို ဂရုစိုက်ပါ။ ဆေးအားလုံးဟာ ဓာတုပစ္စည်းတွေပါ။
ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးတွေရောနှောသောက်ရင် ကျမကို အဆိပ်ခတ်သလို
ဖြစ်စေပါတယ်။ ကျမက နုနယ်တယ်။ အလွယ်တကူ အနာရွတ် ဖြစ်တတ်တယ်။
အဲ့ဒီ အနာရွတ်တွေ (အသဲခြောက်ခြင်း) က တစ်သက်လုံး မပျောက်တော့ဘူး။
ဆေးတွေကို လိုရင်သောက်ပေါ့။ ဒါပေမဲ့ မလိုအပ်ပဲ ပဲကြီးလှော် စားသလို
စားနေရင်တော့ ကျမကို ဖျက်ဆီးတဲ့ အကျင့်ဆိုးပဲ။

 စပရေးတွေကိုလည်း သတိထားပါ။ ကျမ ရှင် ရှုသွင်းတဲ့ အဆိပ်တွေကို
ခြေဖျက် ပေးရတာ သတိရပါ။ ရှင် အခန်းကို စပရေးတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ
လေဝင်လေထွက် ကောင်းအောင် တံခါးတွေ ဖွင့်ထားပါ။ ဒါမှမဟုတ် မက် (နှခေါင်းအုပ်)
တပ်ထားပါ။ ဂျပိုးသတ်ဆေး၊ အိမ်သုတ်ဆေး စတာတွေဆို နှစ်ဆပိုပြီး သတိထားပါ။

 ရှင့်အရေပြားကိုလည်း ဂရုစိုက်ပါ။ ပိုးသတ်ဆေးတွေက ဓာတုပစ္စည်းတွေပါ။ သူတို့က
ပိုးတွေတင် သတ်တာမဟုတ်ဘူး။ ရှင့်အရေပြားကနေ ကျမဆီအထိ ရောက်လာပြီး
ကျမကိုပါ သတ်နိုင်တယ်။
 ပိုးသတ်ဆေးကိုင်တွယ်တဲ့အခါ၊ ဒါမှမဟုတ် ပိုးသတ်ဆေးတွေ လေထဲမှာရှိနေရင် ရှင့်ရဲ့
အရေပြားကို ဖုံးအောင် အကျီ င်္လက်ရှည်ဝတ်ပါ၊ လက်အိတ်ဝတ်ပါ၊ ဦးထုပ်ဆောင်းပါ၊
မက် (နှခေါင်းအုပ်) တပ်ထားပါ။

 ကျမက ကျမဒုက္ခရောက်နေတယ်ဆိုတာ မပြောနိုင်ဘူး။ ပြောလည်း မပြောချင်ဘူး။ 
နောက်ဆုံးအချိန်ကျမှ။ သတိရပါ။ ကျမက နားပူနားဆာ လုပ်တတ်တဲ့သူမဟုတ်ဘူး။
ဆေးတွေ၊ အရက်တွေနဲ့ အမှိုက်တွေက ကျမကို ဖျက်ဆီးနိုင်တယ်။ ဒီစာဟာ ကျမရဲ့
ပထမဦးဆုံးနဲ့ နောက်ဆုံးစာဖြစ်ပါတယ်။

 အခုကျမ ရှင့်ကိုဘယ်လောက် မြတ်နိုးတယ်ဆိုတာ ရှင်သိပြီမဟုတ်လား။
ကျမကို ရှင် ချစ်ခင် ကြင်နာစွာ ဆက်ဆံပါ။

ရှင့်ရဲ့ အသံတိတ် အဖေါ်မွန်
အမြဲချစ်လျက်
သဲသဲ


မြတ်ပန်းရဂုံ
Ratcliff, J.D. “I am Joe’s Heart.” Reader’s Digest. 90. 540. (1967): 59-62. April 1967  ကိုသင့်လျောအောင်ဘာသာပြန်ပါသည်။

No comments:

Post a Comment