မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, February 19, 2015

ကျွန်တော်က ဦးမောင်မာင်ရဲ့နှလုံးပါ

ကျွန်တော်က ဦးမောင်မောင်ရဲ့ နှလုံးပါ
==========================

   ကျွန်တော်က ရုပ်မချောပါဘူး။  အထင်ကြီးစရာကောင်းတဲ့ ဥပတိရုပ်လည်း မရှိပါဘူး။
ကျွန်တော့်အသားက နီညိုရောင်ပါ။ ကိုယ်အလေးချိန် ၁၂ အောင်စ ရှိပါတယ်။ ကျွန်တော်
ဟာ ဦးမောင်မောင်ရဲ့ သစ္စာရှိတဲ့ ကျွန်ပါ။ ဦးမောင်မောင်ဟာ အသက် ၄၅ နှစ် ရှိပါပြီ။
သူဟာ ရုပ်ရည် ချောမောခန့်ညားပြီး သားသမီး ၃ ယောက်ရဲ့ဖခင်၊ ဇနီးချောလေးရှိတဲ့
အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက်ပါ။

   ကျွန်နော်က ဦးမောင်မောင်ရဲ့ရင်ပတ်ထဲမှာ အကြောတွေနဲ့ တွဲဆိုင်းပြီးရှိနေပါတယ်။
ကျွန်တော့် အရပ် ၆ လက္ခရှည်ပြီး၊ ကျန်တော်ရဲ့ အဝဆုံးနေရာမှာ ၄ လက္မကျယ်ပါတယ်။
ကျွန်တော့် ပုံသဏ္ဍာန်က အများသိကြတဲ့ ချစ်သူများရဲ့ သင်္ကေတ နှလုံးပုံ ပါ။ (ကျမတို့ရဲ့
့မြတ်ဘုရားက နှလုံးကို ငုံနေတဲ့ ပဒုမ္မာကြာဖူး အောက်စိုက်နေတာနဲ့တူတယ်။ အရွယ်က
ယောက်ျားတစ်ယောက်ရဲ့ လက်သီးဆုပ်ခန့်ရှိတယ်လို့ လူ့နှလုံး မမြင်သူတွေ မျက်စိထဲ
ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဟောတော်မူခဲ့ပါတယ်)

   ဆောင်းပါးတွေ ကဗျာတွေ ရေးသလို ကျွန်တော်က စိတ်ကူးယဉ်အချစ် ကဗျာဆန်သူ
မဟုတ်ပါဘူး။ ကျွန်တော်က အလွန် အလုပ်လုပ်တဲ့ အခန်း ၄ ခန်းရှိတဲ့ မှုတ်စက် Pumpပါ။
ကျွန်တော့်မှာ မှုတ်စက် ၂ ခုရှိပါတယ်။ တစ်ခုက သွေးတွေကို အဆုပ်ထဲ မှုတ်ထုတ်တယ်။
ကျန်တစ်ခုက သွေးတွေကို တကိုယ်လုံး ရောက်အောင် မှုတ်ထုတ်တယ်။ တစ်နေ့မှာ
သွေးတွေကို မိုင်ပေါင်း ၆ သောင်းရှည်တဲ့ သွေးကြောတွေထဲ မှုတ်ထုတ်တယ်။ တစ်နည်း
အားဖြင့် ဂါလံ ၄ ထောင်ရှိတဲ့ သွေးတွေကို မှုတ်ထုတ်ပေးတယ်။

   ဦးမောင်မောင်က ကျွန်တော့်ကို ခံစားလွယ်တယ် နုနယ်တယ်လို့ ထင်တယ်။ သူ့ဘဝ
သက်တမ်းမှာ ကျွန်တော်သွေးပေါင်း တန် ၃ သိန်း မှုတ်ထုတ်ပေးခဲ့ပြီးပြီ။ ကျွန်တော်ဟာ
အပြေး ချန်ပီယံရဲ့ ခြေထောက်ကြွက်သား၊ အလေးမ ချန်ပီယံရဲ့ လက်မောင်းကြွက်သား
တွေထက် ၂ဆ အလုပ် လုပ်တယ်။ သူတို့ကို ကျွန်တော့်နေရာမှာ ခိုင်းကြည့်ပါ သူတို့
နှစ်ယောက် မိနစ်ပိုင်းအတွင်း အရည်ပျော်ကုန်မှာ။ လူ့ကိုယ်ထဲက ဘယ်ကြွက်သားမှ
ကျွန်တော့လောက် မသန်မာဘူး။ ချွင်းချက်ကတော့ ခလေးကို ညှစ်ထုတ်ပြစ်လိုက်တဲ့
သားအိမ်ကြွက်သား ပါ။ ဒါပေမဲ့ သူလည်း ကျွန်တော့်လို နေ့စဉ်နဲ့အမျှ အနှစ် ၇၀ လောက်
အလုပ် မလုပ်ရပါဘူး။ ကျွန်တော်နည်းနည်း လေထွားသွားတယ်။ ကျွန်တော် နားတဲ့အချိန်
ရှိပါတယ်။ နှလုံး တစ်ခုန်နဲ့ တစ်ခုန် ကြားပေါ့။
   ကျွန်တော်ရဲ့ ဘယ်ဘက်မှုတ်စက်ကနေ တကိုယ်လုံးကို သွေးတွေညှစ်ထုတ်တာ
တစ်စက္ကန့်ရဲ့ ၃ ပုံ ၁၀ ပုံကြာတယ်။ ပြီးတော့ ကျွန်တော် စက္ကန့်ဝက်နားတယ်။ ကျွန်တော့်
သခင်အိပ်တဲ့အခါ သူ့ရဲ့သွေးကြောမွှားတွေ အလုပ်မလုပ်တော့တာကြောင့် သူတို့ဆီ
သွေးပို့စရာ မလိုဘူး။ ဆိုလိုတာက ဦးမောင်မောင်အိပ်တဲ့အခါ နှလုံးခုန်နှုန်းက တစ်မိနစ်
၇၂ ကြိမ်ကနေ ၅၅ ကြိမ်ပဲ ခုန်ဖို့လိုတော့တယ်။

   ကျွန်တော့်သခင်က ကျန်တော့်ကို သိပ်သတိမရဘူး။ အဲ့ဒါကောင်းပါတယ်။ ကျွန်တော်
သူ့ကို စိတ်မပူစေချင်ဘူး။ သူစိတ်ပူရင် သူရော ကျွန်တော်ရော ဂျောက်ကျမှာ။ သူ
ကျွန်တော့်ကို စိတ်ပူရင် အမြဲတန်းလိုလို မဟုတ်တဲ့အကြောင်းတွေချည်းပဲ။ တစ်ညမှာ
သူအိပ်မပျော်ခင် ကျွန်တော့်ရဲ့ အဆို့ရှင်တွေ ဖွင့်တာပိတ်တာကို နားထောင်နေတယ်။
ပြီးတော့ ကျန်တော် ခုန်ဖို့ တစ်ချက် လွတ်သွားတယ်လို့ ထင်လိုက်တယ်။ သူ သိပ်စိတ်ပူ
သွားတယ်။ အဲ့ဒါ သူ့အမှားပဲ။ သူ စိတ်မပူသင့်တာ ပူနေ တာပဲ။ မကြာခဏ ကျွန်တော့်ရဲ့
ignition system ခေါ်တဲ့ နှလုံးခုန်ဖို့ အချက်ပေးစနစ်က သူ့ကား ignition system လိုပဲ
တခါတခါ အောက်သွားတယ်။ ကျွန်တော်က ကိုယ့်လျှပ်စစ် ကိုယ် ထုတ်လုပ်တယ်။ အဲ့ဒီ
လျှပ်စစ်နဲ့ နှလုံးခုန်အောင်လုပ်တယ်။ တခါတလေ နှလုံးခုန်အောင် မလုပ်နိုင်ပဲ ဖြစ်သွား
တယ်။ မကြာခဏဆိုသလို ဒီလို ဖြစ်လေ့ ရှိပါတယ်။ သူ သတိ မထားမိလို့ပါ။

   တခါတလေ သူ အိမ်မက်ဆိုးက နိုးလာတဲ့အခါ ကျွန်တော် အရမ်းပြေးနေတာကို သိပြီး
လန့်သွားတယ်။ တကယ်က သူအိပ်မက်ထဲမှာ အရမ်းပြေးနေလို့ ကျွန်တော်လည်း ပြေးရ
တာပေါ့။ သူ စိတ်ပူရင် ပိုဆိုးတယ်။ သူစိတ်ပူလေ ကျွန်တော် ပိုပြေးရလေပဲ။ သူစိတ်အေး
ရင် ကျွန်တော်လည်း အေးဆေးသွားတာပဲ။ တကယ်လို့ သူ စိတ်အေးအောင် မလုပ်နိုင်ဘူး
ဆိုရင် ကျွန်တော့်ကို ဘရိတ်အုပ်နိုင်တဲ့နည်း ရှိပါတယ်။ ကျွန်တော့်ရဲ့ ဘရိတ်က Vagus
nerve လို့ခေါ်တဲ့ အာရုံကြောပါ။ အဲ့ဒီအကြောက လည်းပင်ပေါ်၊ နားရဲ့အနောက်၊ အောက်
မေးရိုး အဆစ်နားမှာ ရှိပါတယ်။ အဲ့ဒီနေရာကို ညင်ညင်သာသာလေး နှိပ်ပေးမယ်ဆိုရင်
ကျန်တော် အပြေး နှေးသွားပါမယ်။

   ဦးမောင်မောင်က ဘာဖြစ်ဖြစ် ကျွန်တော့်ကြောင့်လို့ထင်တယ်။ ဥပမာ ပင်ပန်းတာ၊
ခေါင်းမူးတာ၊ မိုက်ခနဲဖြစ်တာ စသည်ဖြင့်။ အဲ့ဒါတွေက ကျွန်တော်နဲ့မဆိုင်ဘူး။ ခေါင်းမူး
တာ၊ မိုက်ခနဲဖြစ်တာက များသောအားဖြင့် နားကြောင့်။ မကြာခဏ သူအလုပ်စားပွဲမှာ
အလုပ် လုပ်နေရင်း ရင်ဘတ်က စူးပြီးနာရင် နှလုံးရောဂါလို့ ထင်တယ်။ သူ စိတ်မပူသင့်
ဘူး။ ဒီလိုအနာမျိုးက သူ့ အစာလမ်းကြောင်း က လာတာ။ အစား များသွားလို့ဖြစ်တာ။
ကျွန်တော် ဒုက္ခရောက်တယ်ဆိုရင် သူ အလုပ် ပင်ပင်ပန်းပန်း လုပ်နေစဉ် ဒါမှမဟုတ်
စိတ်သောက ရောက်တဲ့ အခါမျိုးမှာမှ နာတာ။ ကျွန်တော်ပြောချင်တာက သူခိုင်းတဲ့
အလုပ်တွေလုပ်ဖို့ ကျွန်တော့်မှာ လိုအပ်တဲ့ အာဟာရ လုံလုံလောက်မရဘူးလို့။ ကျွန်တော့်
အာဟာရက ဘယ်ကရသလဲ။ သွေးထဲက ပဲ ပေါ့။ ကျွန်တော်က ကိုယ်ခန္ဓာရဲ့ ၂၀၀ ပုံ
တစ်ပုံလောက်သာ အလေးချိန်ရှိပေမဲ့ အစာကျတော့ ကိုယ်ခန္ဓာရဲ့ ၂၀ ပုံ တစ်ပုံ လိုအပ်
တယ်။ ဆိုလိုတာက တခြားအင်္ဂါတွေထက် ၁၀ဆ ပိုလိုတယ်။
   ကျွန်တော့်ကိုယ်ထဲက ဖြတ်သွားတဲ့ သွေးတွေဆီက ကျွန်တော် မယူပါဘူး။ ကျွန်တော့်
မှာ ကိုယ်ပိုင်သွေးပေးတဲ့ coronary ခေါ်တဲ့ သွေးကြော ၂ချောင်းရှိတယ်။ သူတို့က သိပ်
မကြီးဘူး။ အချိုရည်သောက်တဲ့ ပိုက်လေး လောက်ပဲရှိတာ။ အဲ့ဒါ ကျန်တော့်ရဲ့ အားနည်း
ချက်ပဲ။ အဲ့ဒီနေရာမှာ ပြဿနာဖြစ်ရင် ကျန်တော် သေပြီ။

   ဘယ်သူမှ ဘယ်လိုဖြစ်မှန်း မသိကြဘူး။ ဒါပေမဲ့ ဘဝရဲ့ စောစောပိုင်းထဲက တစ်ချို့ဆို
မွေးဖွားကတည်းက အဆီတွေ coronary သွေးကြောထဲမှာ စုပုံလာတယ်။ ကြာရင် သွေး
ကြောကို ပိတ်စေတယ်။ တခါတလေ သွေးခဲလေးကြောင့် ချက်ချင်း ပိတ်သွားနိုင်တယ်။

   ဒီသွေးကြောတွေပိတ်ရင် သူ့ကိုမှီခိုနေတဲ့ နှလုံးကြွက်သားတွေ သေသွားတယ်။
သေသွားတဲ့ ကြွက်သားနေရာမှာ အနာရွတ်ဖြစ်သွားတယ်။ အနာရွတ်က ကျောက်စရစ်ခဲ
လောက်ကနေ တင်းနစ်ဘောလုံးလောက် ရှိနိုင်တယ်။ အခြေအနေ ဘယ်လောက် ဆိုး
ဝါးမယ်ဆိုတာ သွေးကြော ဘယ်လောက်အထိ ပိတ်သွားတယ်။ ဘယ်နေရာမှာ ပိတ်တယ်
ဆိုတဲ့ အချက်တွေပေါ်မှာ မူတည်တယ်။ ကျွန်တော့်ဆရာ လွန်ခဲ့တဲ့ ၅ နှစ်က နှလုံးအတက်
(heart attack) တစ်ခါ ရဖူးတယ်။ ဒါပေမဲ့သူ သိတောင် မသိလိုက်ဖူး။ သူက သိပ်အလုပ်
များနေတဲ့သူမို့ မသိမသာ သူ့ရင်ဘတ်ထဲက တစ်ချက် နှစ်ချက်လောက် နာလိုက်တာ
သတိမထားမိခဲ့ဘူး။  ပိတ်သွားတဲ့ သွေးကြောက ကျွန်တော့်ကိုယ်ပေါ်က သွေးကြောငယ်
လေးပါ။ ကျွန်တော် နှစ်ပတ်ကြာအောင် ပိတ်တဲ့နေရာကို ပဲစေ့ လောက်ရှိတဲ့ အနာရွတ်နဲ့
ပြန် ပြုပြင်ရတာ။

   ကျွန်တော့်ဆရာ မိသားစုမှာ နှလုံးရောဂါ ဖြစ်လေ့ရှိတယ်။ ဒါကြောင့် စာရင်းဇယားများ
အရ ကျန်တော့်လည်း သူ့ကို ဒုက္ခပေးမှာပဲ။ မွေးရာပါဗီဇ သတ္တိကိုတော့ သူ ပြင်လို့မရဘူး
ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ သူအများကြီး အန္တရာယ်နည်းသွားအောင်တော့
လုပ်နိုင်ပါတယ်။

   ပထမဦးဆုံး ကိုယ်အလေးချိန်နဲ့ စကြရအောင်။ ကျွန်တော့်ဆရာရဲ့ ဗိုက်ဟာ
တဖြည်းဖြည်း ပူလာပြီ၊ ဒါကိုသူက ဟာသ လုပ်တယ်။ အရွယ်လတ်ပိုင်းရဲ့ အလှတဲ့။
ဒါ ရီစရာ မဟုတ်ဘူး။ သူ့ရဲ့ အပိုဆီ တစ်ပေါင်မှာ မိုင် ၂၀၀ လောက်ရှည်တဲ့ သွေးကြော
မွှားတွေရှိတယ်။ အဲ့ဒီသွေးကြောမွှားတွေဆီ ရောက်အောင် သွေးတွေကို ကျွန်တော်က
ညှစ်ထုတ် ပေးရတာ။
အဲ့ဒီ့အလုပ်အပြင် သူ့ရဲ့ အပိုဆီ တစ်ပေါင်အတွက် ကျန်တော် အလုပ် ပိုလုပ်ရသေးတယ်။
အဲ့ဒါကြောင့် ကျွန်တော့်ဆရာရဲ့ သွေးပေါင်ချိန်က ၁၄၀ / ၉၀ ဖြစ်သွားတယ်။ ဒီသွေးပေါင်
ချိန်က သူ့အသက်အတွက် လူကောင်းသွေးချိန်ရဲ့ အပေါ်ဆုံး လစ်မစ် (Limit) ကို ရောက်
နေပြီ။ ၁၄၀ ဆိုတာ ကျွန်တော် ညှစ်ထုတ်နေတဲ့အချိန်မှာရှိတဲ့ သွေးပေါင်ချိန်။ ၉၀ က
ကျွန်တော် အနားယူတဲ့ အချိန်မှာရှိတဲ့ သွေးပေါင်ချိန်။ ဒီသွေးပေါင်ချိန်က ပိုအရေးကြီး
တယ်။ ဒီသွေးပေါင်ချိန်မြင့်လေ ကျွန်တော် အနား မရလေပဲ။ ကျန်တော် မနားရရင်
ကျွန်တော် အလုပ်လုပ်ရင်း သေမှာ။

   သူ့အနေနဲ့ သွေးပေါင်ချိန်ကျအောင် အများကြီးလုပ်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့
သူ့ရဲ့ အပို ကိုယ်အလေးချိန်ကို လျော့ပစ်ဖို့ပဲ။ ကိုယ်အလေးချိန် လျော့တာနဲ့အမျှ သွေး
ပေါင်ချိန် လျော့သွားတာ သူ အံ့သြသွားပါလိမ့်မယ်။

   နောက်တစ်ချက်က ဆေးလိပ်သောက်တာပဲ။ သူက တစ်နေ့ ဆေးလိပ်နှစ်ဘူး
သောက်တယ်။ အဲ့ဒါဆို သူကိုယ်ထဲကို နစ်ကိုးတင်း (Nicotine) ၈၀-၁၂၀ mg နေ့တိုင်း
စုပ်ယူနေတယ်။ နစ်ကိုးတင်းက တော်တော်ပြင်းတဲ့ အဆိပ်ပဲ။ သူက သွေးကြောတွေကို
ကျုံ့စေတယ် အထူးသဖြင့် ခြေလက်တွေက သွေးကြောတွေပဲ။ အဲ့ဒီ ကျုံ့နေတဲ့
သွေးကြောတွေထဲ သွေးရောက်အောက် ကျွန်တော်က ညှစ်ရတာ။ နစ်ကိုးတင်းက
ကျွန်တော့်ကို မြန်မြန်ခုန်အောင် လှုံ့ဆော်သေးတယ်။ ကျွန်တော်ခုန်နေကျ ၇၂ က ၈၀
အထိ ခုန်အောင်လုပ်တယ်။ ကျွန်တော့်ဆရာက ပြောလေ့ရှိတယ် ဆေးလိပ်ဖြတ်ဖို့ သိပ်
နောက်ကျသွားပြီတဲ့။ အနာရွတ်တွေ ဖြစ်ပြီး သွားပြီတဲ့။ ဒါပေမဲ့ နစ်ကိုးတင်းရဲ့ အမြဲမပြတ်
ကျွန်တော့်ကို နှိုးဆွမှုကို ဖယ်နိုင်ရင် ကျွန်တော့်အတွက် တော်တော် နေသာထိုင်သာရှိမှာ။

   သဘောက ဒီလို။ ကျွန်တော့်ဆရာနားရင် ကျွန်တော်လည်းနားတယ်။ တချိန်လုံး သူ
ပူလောင် မနေသင့်ဘူး။ တစ်ခါတစ်လေ အနားယူအိပ်စက်တာ အထောက်အကူ ပြုပါ
တယ်။ ပြီးတော့ ပေါ့ပါးတဲ့ စာဖတ်ခြင်းများ ပြုသင့်တယ်။ သူ့အလုပ်က ပါလာတဲ့စာတွေ
ဖတ်တာမျိုး မဟုတ်ဘူး။

   နောက်တစ်ခုက အားကစား။ ကျွန်တော့်ဆရာက ပင်စင်စား အားကစားသမား တွေလို
တခါထဲနဲ့ အရမ်းကစားပစ်တတ်တယ်။ သူက ကော်လိပ်ကျောင်းသားတစ်ယောက်လို
တင်းနစ် အပြင်းအထန်း ကစားတတ်သေးတယ်။ သူ အဲ့ဒီလို လုပ်ရင် ကျွန်တော်က ၅ဆ
လောက် အလုပ် ပိုလုပ်ရတယ်။ တကယ်က မှန်မှန်နဲ့ ပေါ့ပါးတဲ့ အားကစားမျိုးလုပ်ရမှာ။
တစ်နေ့ ၁-၂ မိုင် လမ်းလျှောက်တာမျိုး။ သူအလုပ်သွားတဲ့အခါ နှစ်ထပ်လောက်ကို
လမ်းလျှောက် တက်တာမျိုးပေါ့။ သူ့အလုပ်က ၁၀ ထပ်မှာရှိတယ်။ ပထမ ၂ထပ်ကို
လမ်းလျှောက်တက်ပြီး၊ တတိယထပ် ကျမှ ဓာတ်လှေးခါး စီးတာမျိုး လုပ်ခြင်းက အများကြီး
တာစားတယ်။ ဒီလို မှန်မှန်နဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ခြင်းဖြင့် ကျွန်တော်ရဲ့
ပိတ်နေတဲ့သွေးကြောတွေနားမှာ သွေးကြော အသစ်တွေ ဖြစ်စေတယ်။ တကယ်လို့
ပိတ်နေတဲ့ သွေးကြော လုံးဝပိတ်သွားရင် အဲ့ဒီ သွေးကြောသစ်တွေက တဆင့်
ကျွန်တော့်ဆီ သွေးရောက်နိုင်တယ်။

   နောက်ဆုံးအချက်က အစားသောက်။ ကျွန်တော်က ကျွန်တော့်ဆရာကို
အစားအသောက်ကို ချင်တွယ်စားတဲ့ အစွန်းရောက်သူတွေလို စားခိုင်းတာမဟုတ်ပါဘူး။
အစာမှာပါတဲ့ အဆီတွေက ကျွန်တော့်သွေးကြောတွေကို ပိတ်စေပြီး သွေးကြောပိတ်တဲ့
ရောဂါနဲ့သေဖို့ ၅၀% သေချာပါတယ်။ သူထမင်းစားပြီး ဘာဖြစ်တယ်ဆိုတာ သူ့ကို
ကျွန်တော် မြင်စေချင်တယ်။ သွေးထဲက အဆီလုံးလေးတွေက သွေးဥနီတွေကို စီးကပ်
စေပြီး သွေးခဲကြီး ဖြစ်သွားစေတယ်။ အဲ့ဒီ သွေးခဲကြီးတွေကို သွေးကြောမွှားတွေထဲ
တွန်းထုတ်ရတာ ကျွန်တော် အလွန် ပင်ပမ်းပါတယ်။ ကျွန်တော်က ညီးညူးတတ်တဲ့သူ
မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ကျွန်တော်ကတော့ လုပ်မှာပဲ။ သူ
ကိုယ်အလေးချိန် နည်းနည်းလျှော့မယ်၊ မှန်မှန်လေး အားကစားလုပ်မယ်၊ မကြာခဏ
အနားယူမယ်၊ အဆီနဲ့ ဆေးလိပ် နည်းနည်းလျှော့မယ်ဆိုရင် ကျန်တော်သူ့ကို ကြာကြာ
အလုပ် လုပ်ပေးနိုင်မှာပါ။

မြတ်ပန်းရဂုံ
Ratcliff, J.D. “I am Joe’s Heart.” Reader’s Digest. 90. 540. (1967): 59-62. April 1967  ကို သင့်လျောအောင်ဘာသာပြန်ပါသည်။

No comments:

Post a Comment