ကျွန်ုပ်၏ တစ်ထောင့်တစ်ညပုံပြင်များ အပိုင်း(၁)
================================
ကျနော့်ဘဝတစ်လျှောက်တွင် ဆရာမ အတော်များများနှင့် ကြုံခဲ့ရဖူးပါသည်။
ဒါတော့ ပြောမှလား.. လူတိုင်း ကျောင်းတက်သည်နှင့် ကြုံရသည်ပဲပေါ့ ဟု ဆိုချင်က
ဆိုနိုင်ပါသည်။ ကျနော်ဆိုလိုသည်မှာ သူနာပြုဆရာမများ ဖြစ်ပါသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ကျနော် မိတ္တူကူးလုပ်ငန်း လုပ်ခဲ့ဖူးပါသည်။
စာအုပ်စာတမ်းများနှင့် မိတ္တူအလိုရှိသူ အတော်များများနှင့် ပတ်သက် ဆက်ဆံရပါသည်။
ပြောရလျှင်တော့ လူတိုင်းနီးပါဟုပင် ဆိုနိုင်ပါသည်။ လုပ်ငန်းကိုင်ငန်း သဘောသဘာဝ
ချင်းသာ မတူလျှင်ရှိပါမည်။ မိတ္တူမကူးရသည့် ဌာနကတော့ အတော့်ကိုရှားပါမည်။
ဤတွင် ကျနော်အများဆုံး ဆက်ဆံရသူများထဲတွင် ဆေး၊ စက်မှုနှင့် သူနာပြုများ
အများဆုံးဖြစ်ပါသည်။ ဆေးနှင့်စက်မှုကျောင်းသားများကတော့ ဝယ်ယူမရနိုင်သည့်
ကျောင်းသင်ခန်းစာ အထောက်အကူပြု စာအုပ်များကို မိတ္တူကူးပြီးသာ ကိုယ်ပိုင်ထားရှိ
လေ့လာ ကျက်မှတ်နိုင်ကြသည် မဟုတ်ပါလား။ ထိုနည်းတူ သူနာပြုများသည်လည်း
ကျန်းမာရေးနှင့်ပတ်သက်သည့် ဝယ်ယူမရနိုင်သည့် စာအုပ်အများစုကို မိတ္တူကူးယူ၍
အသုံးပြုကြရသည်မှာ မည်သည့်သင်တန်းတက်တက် ကိုယ်နှင့်ဆိုင်သည့် စာအုပ်များ၊
စာရွက်စာတမ်းများကို မိတ္တူဆိုင်ပြေးကူးကြရသည်မှာ အထူးအဆန်း မဟုတ်တော့ပါ။
ကျနော့်ဆိုင် ရောက်လာသမျှသော ဖောက်သည်များကို ကျနော်ကြိုးစားပြီး အကောင်း
ဆုံး ဝန်ဆောင်မှုပေးပါသည်။ အကောင်းဆုံးဆိုသည်မှာ မိတ္တူကူးရာတွင် မင်ကျမင်န
သေသပ်မှုရှိပြီး အရည်အသွေးကောင်း မိတ္တူ ရရှိရန်နှင့် မိတ္တူကူးခကိုလည်း အသက်သာ
ဆုံးသော ဈေးနှုန်းဖြစ်စေရန် ဆောင်ရွက်ပေးပါသည်။ အကြောင်းမှာ သင်တန်းတက်၍
ပညာသင်ကြားဆဲကာလတွင် ဝင်ငွေရရှိသေးသူများ မဟုတ်သည့်အတွက် အချို့သူများ
ဆိုလျှင် စာအုပ်လိုချင်ပါသော်လည်း မိတ္တူဖိုးမတတ်နိုင်၍ မရရှိလိုက်သူများကို ကျနော်
မြင်တွေ့နေရ၍ ဖြစ်ပါသည်။ ဤသို့ စေတနာထား လုပ်ဆောင်ပေးမှုကြောင့် ကျနော့်
ဆိုင်ကို ကျောင်းသားအများစု သိရှိပြီး တဆင့်စကားနှင့် အားပေးလာမှုများကြောင့်
ခါတရံတွင် ညလုံးပေါက် မိုးလင်းသည့်တိုင် စာအုပ်များ မိတ္တူကူးပေးခဲ့ရပါသည်။
မသိလျှင်တော့ ကျနော့်ဆိုင် အတော် အကျိုးအမြတ်များမည်ဟု ထင်စရာရှိပါသည်။
သို့သော် ထိုက်သင့်သည့် ဝင်ငွေကလွဲလို့ အများထင်သကဲ့သို့ အကျိုးအမြတ်တော့
များများစားစား မရပါ။ ကျနော့်ဗီဇကိုက ကျနော့်အကျိုးအမြတ်ထက် ကိုယ့်ရဲ့ဖောက်သည်
တွေ ကောင်းကောင်းရပါစေဟု ဦးစားပေးခဲ့မိ၍သာ ဖြစ်ပါမည်။
မိတ္တူလုပ်ငန်းလုပ်ကိုင်းရင်း လူပေါင်းစုံနှင့် ထိတွေ့ရင်းနှီးဆက်ဆံခွင့် ရခဲ့ပါသည်။
ထိုအထဲတွင် ရန်ကုန်သူနာပြုတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော သူနာပြုများ
လည်း အပါအဝင်ဖြစ်ပါသည်။ အမျိုးသမီးများဆိုတော့ ထုံးစံအတိုင်း ဈေးသက်သာသည့်
မိတ္တူဆိုင်ရာဖွေရင်း ရောက်လာကြဟန် တူပါသည်။ ဈေးသက်သာရာ ရှာသည်မှာလဲ
အပြစ်မဆိုသာပါ။ သင်တန်းသားဘဝ ဝင်ငွေမရှိသေးသူများဖြစ်လျှင် အခက်အခဲ
ကြုံကြရမည်သာ ဖြစ်ပါသည်။ ကျနော်က ဈေးသက်သာအောင် လျှော့ပေးထားသော်
လည်း မိတ္တူကိုတော့ ဖြစ်သလိုမလုပ်ပါ။ ကောင်းကောင်းရပါစေဟူသော စေတနာဖြင့်
ပြုလုပ်ပေးမှုကြောင့် ထင်ပါသည်။ မိတ္တူစာအုပ်သည် မူရင်းစာအုပ်နှင့် စာရွက်သားသာ
အနည်းငယ်ကွာပြီး မူရင်းအတိုင်းနီးနီး ရရှိကြသဖြင့် အလုပ်အပ်နှံသူများ စိတ်ကြေနပ်
ကြသဖြင့် ကျနော်လည်း ပီတိဖြစ်မိပါသည်။
ကြာတော့လည်း ဖောက်သည်တွေနှင့် ခင်မင်လာရာမှ ဆရာမတွေ မိတ္တူလာကူးလျှင်
ကျနော်က အမြဲ စ, နောက်လေ့ရှိပါသည်။ ကျနော်က “ တရားမဝင် စာအုပ်စာတမ်းတွေ
ကူးမပေးပါဘူးခင်ဗျာ "ဟု ပြောလျှင် ဆရာမတွေက နောက်မှန်းမသိ၍ တအံ့တသြနှင့်
ကျနော့်ကို သူတို့စာအုပ်တွေ ဥပဒေနှင့်မလွတ်ကင်းသော စာအုပ်မဟုတ်ကြောင်း
ပြောကြပါသည်။ ကျနော်က စာအုပ်ကိုယူ၍ အတွင်းစာမျက်နှာကို ပြပြီး စ,ပါသည်။
“ ဒီမှာ မိတ္တူကူးခွင့်မပြု လို့ရေးထားတယ်လေ ဆရာမရဲ့" ဟု ပြတော့မှ ဆရာမတွေ
သဘောပေါက်သွားပါသည်။ “ နောက်ပြီး ဒီမှာ စာကြည့်တိုက်ပြင်ပသို့ ယူဆောင်ခွင့်မပြု
လို့တောင် တံဆိပ်ရိုက်ထားသေးတယ် " ဆိုတော့ “ ဆရာရယ် ပြဿနာ မဖြစ်စေရ
ပါဘူး..ဖြစ်ရင် ကျွန်မတို့ဖြစ်မှာပါ... အဲဒီလိုမှ အပြင်ယူပြီး မိတ္တူကူးမထားရင် ဒီပညာတွေ]
ကို ကျွန်မတို့ ဘယ်လိုလုပ် သွားလေ့လာလို့ရတော့မှာလဲ " တဲ့..
သူတို့ပြောတာလည်း ဟုတ်ပါသည်။ သဘာဝကျပါသည်.. အလွယ်တကူမရနိုင်သည့်
စာကြည့်တိုက်တွင် ကိုးကားရန် တစ်အုပ်တည်းသာရှိသော စာအုပ်ကို မိတ္တူလေးမှ ကူး
မထားလျှင် တစ်ကြိမ်လျှင် တစ်ယောက်သာ ဖတ်ရှုခွင့်ရမည့်သဘော ဖြစ်နေသည်မှာ
စိတ်မကောင်းစရာတော့ အမှန်ပါ။ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ အင်တာနက်ကို အများ
ပြည်သူ အလွယ်တကူ လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရသည့်အချိန်မှစ၍ မိုဘိုင်းလ်
ဖုန်းများ ပေါများလာသောအခါတွင် မိမိလေ့လာလိုသော ဘာသာရပ်များကို အွန်လိုင်းမှ
အလွယ်တကူ ရယူနိုင်သည့်အတွက် ယခင်ကာလများလောက်တော့ အခက်အခဲ မရှိ
တော့သည့်အတွက် တိုးတက်လာသည့် နည်းပညာရပ်များကို ကျေးဇူးတင်စရာကောင်း
ပါသည်။ ယခင် ဆယ့်လေးငါးနှစ်လောက်တုန်းကတော့ လိုချင်တာရှိလျှင် မိတ္တူဆိုင်သာ
အားကိုးစရာရှိပါသည်။
ကျနော်က စ, တတ်၊ နောက် တတ်ပါသည်။ တနေ့တွင် ကျနော်အနောက်ကောင်း၍
ဆရာမလေးများ စိတ်ဆိုးသွားသည့်ဖြစ်ရပ်နှင့် ကြုံရပါသည်။ အဖြစ်က မကြာ မကြာ
မိတ္တူလာကူးသဖြင့် ဆရာမလေးများနှင့် ခင်မင်ရင်းနှီးနေသဖြင့် စ, မိခြင်းဖြစ်ပါသည်။
တရက်တွင် ဆရာမလေးများ မိတ္တူလာကူးသော စာအုပ်ကို တစ်အုပ်လျှင် မည်မျှကျသင့်
မည်ကို ဈေးနှုန်းတွက်ချက်ပေးပြီးသည့်နောက် အမျိုးသမီးများထုံးစံအတိုင်း ကျသင့်သည့်
နှုန်းကို ထပ်၍လျှော့ပေးရန် ဈေးစစ်သည့်သဘောမျိုးဖြင့်ပြောသည်ကို ကျနော်သိပါသည်။
ကျနော်မှလည်း ကျသင့်သည့်စာအုပ်ဖိုးနှင့် လုပ်အားခအနည်းငယ်လောက်သာ ယူထား
ပါကြောင်းပြောပြီး၊ မိကျောင်းလို လျှာရှည်ပြီး ဆရာမတွေကို သွားနောက်မိသည်က..
“ ဆရာမရယ် ကျနော် ယူသင့်တာထက်တောင် လျှော့ယူထားပေးတာမို့ ထပ်တော့
မလျှော့နိုင်ပါဘူး။ ဆရာမတွေအပေါ်မှာ အမြတ်ကြီးစားတာမျိုးလဲ ကျွန်တော်မလုပ်ရဲ
ပါဘူး" လို့ လျှာရှည်မိတော့ ဆရာမတွေက ဘာဆိုလိုမှန်းမသိတော့ နည်းနည်း ကြောင်
တောင်တောင်ဖြစ်သွားတယ်။ ဆရာမတွေမစဉ်းစားမိတာလဲ မပြောနဲ့ ကျနော်က ဟိုး
အဝေးကြီးကို လှမ်းမျှော်ကြည့်ပြီးမှ ပြောလိုက်တဲ့စကား ဖြစ်နေတာကိုး.. နားမလည်တဲ့
ဆရာမတွေက “ဘာဖြစ်လို့လဲ.."လို့မေးတော့ ...
ကျနော် “ဆရာမတို့ကို အမြတ်ကြီးစားရင် ကျနော်ပြန်ခံရမှာပေါ့"..
ဆရာမများ “ဘာခံရမှာတုန်း"
ကျနော် “ ဒီလိုလေ ဆရာမရဲ့။ ကျနော် ခုအမြတ်ကြီးစားလိုက်လို့ ဆရာမတွေ မကျေ
မနပ်ဖြစ်သွားပါပြီတဲ့။ ကျနော် ဘယ်ကောင်းပါ့မလဲ။ တစ်ချိန်မှာ ကျနော်လဲ လူသားတစ်
ဦးပဲမို့ နာမကျန်းလို့ အိုနာလာတဲ့အခါ ဆရာမတွေလက်ထဲ သတိရတချက်၊ မရတချက်နဲ့
ဆေးရုံဖြစ်ဖြစ်၊ ဆေးခန်းဖြစ်ဖြစ် ရောက်လာခဲ့ပြီဆိုရင် ဆရာဝန်အသာထားလို့ ဆရာမ
တွေနဲ့ပဲ အရင်တွေ့ရမှာလေ.."
ကျနော်က မှန်ရာပြောလိုက်ခြင်းဖြစ်ပါသည်။ လူသားတွေ ဘယ်လောက် ဒေါင်ဒေါင်
မြည် ကျန်းမာနေပါစေ၊ နာမကျန်းတဲ့တစ်နေ့မှာ ဆေးရုံဆေးခန်း ရောက်ကြမည်သာ။
ဆရာမများ “ အဲဒီတော့.."
ကျနော်။ “ အဲဒီအချိန်မှာ ကျနော် ဆရာမတို့ လက်ခုပ်ထဲကရေဖြစ်နေပြီလေ.။ ငါတို့ကို
အမြတ်ကြီးစားထားတဲ့ ကိုယ်တော်ချော ခုတွေ့ပြီဆိုပြီး ဆရာမတို့ပြုသမျှ ကျနော် ခံရ
တော့မှာပေါ့ "လို့လဲ ဆိုလိုက်ရော.. ကျနော်စလိုက်တာကို မခံနိုင်တဲ့ဆရာမနှစ်ယောက်
လောက်က ပြန်ပြောပါလေရော..
“ ဒီမယ် ကျွန်မတို့က ဆေးပညာသင်တိုင်း ဆရာဝန်ဖြစ်ဖြစ်၊ သူနာပြုဖြစ်ဖြစ် လိုက်နာရ
မယ့် ကျင့်ဝတ်တွေ အမြဲဆိုနေရတာ။ ကျွန်မတို့ကို အဲလို မပြောပါနဲ့" တဲ့။ ကျနော်စတာ
သိတဲ့ဆရာမတွေက ပြုံးနေကြပေမယ့်၊ စ, မှန်းမသိတဲ့ဆရာမလေးတွေက စိတ်ဆိုးသွား
တာလေ... ကျနော်သိတာပေါ့ ဆရာဝန်၊ သူနာပြုတွေဆိုတာ လူနာပဲရှိတယ်။ ရန်သူမို့
မိတ်ဆွေမို့ မခွဲခြားရဘူးဆိုတာ ကျနော်သိတာပေါ့... ကျနော်က စလိုက် နောက်လိုက်
မိတာပါ။ မသိတော့ တကယ်စိတ်ဆိုးတဲ့ဆရာမတွေ ဆိုးကုန်တာပေါ့။ ကျနော်က အဲလို..
မိတ္တူကူးတဲ့လုပ်ငန်းကလဲ ကြံဖန်ဂုဏ်ယူမယ်ဆို ဂုဏ်ယူချင်စရာတော့ အကောင်းသား
ကလား... ဘာလို့ဆိုတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ သင်္ဘောသား၊ လုပ်ငန်းရှင်၊ ရှေ့နေ
တရားလို၊ တရာခံကအစ စစ်တပ်၊ လဝကနဲ့ ရဲပါမကျန် အကုန်ဆက်ဆံရတာကိုး...
ကျနော်တို့ဆီမှာ စာရွက်၊ စာတမ်းနဲ့ အလုပ်လုပ်သရွေ့တော့ အဲဒီအလုပ်က တိမ်ကော
သွားစရာတော့ မရှိသေးပါဘူး။ အဲ အရင်လောက် မများတော့တာလေးတော့ ရှိသပေါ့။
ကျနော့်ဆိုင်နာမည်လား..
ရှိတာပေါ့။ အခုသာ မရှိတော့တာ...
အရင်က ကျနော့်ဆိုင်နာမည် တော်တော်များများ သိကြတာပေါ့..
ဒီတိုင်းတော့ မပြောဘူးဗျာ... နောက်ကျမှ ပဟေဠိလေးနဲ့ပြောမယ်..
ဆရာမလေးတွေ ဖြေလို့ရအောင်..
ပန်းဆိုးတန်းမီဂန်စင်တာက ဆရာမလေးတွေအကြောင်း
နောက်တစ်ပိုင်းမှာ ရေးထားပါတယ်။
မေတ္တာဖြင့် -
(မိုးနတ်မင်း)

No comments:
Post a Comment