မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Tuesday, February 17, 2015

ဘဝပြောင်းသလား...

ဘဝပြောင်းသလား...

 ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ဝိဉာဉ်ဟာ
ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ်လို့ ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ဝိဉာဉ်အယူရောပါ
လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိ
သာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓဝါဒဟာ “အတ္တ” ကို လက်မခံတဲ့
“အနတ္တ” ဝါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘဝပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့
အယူအဆကို လက်ခံပေမယ့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းသွားလာနေတဲ့ ဝိဉာဉ်
(ခေါ်) အတ္တ ကောင် မရှိပါဘူး။


မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာတောင် ဒီလို ဝိဉာဉ် ရှိတယ်လို့ မှားယွင်း
ယူဆနေကြပါတယ်။ Soul , Ghost လို့ခေါ်တဲ့ လူသေပြီးရင် ကိုယ်ခန္ဓာထဲက
ထွက်သွားတဲ့ အရာတစ်ခုလို့ ရှိတယ်လို့ ယူဆတာဟာ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာဝင်များ သတိပြုကြပါ။

ညီငယ် ညီမငယ်များတို့။ Ghost ဟာ လူသေပြီးတာနဲ့ ချက်ခြင်းဖြစ်လာတဲ့ “ဒုတိယ”
ဘဝတစ်ခုသာဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ “ပြိတ္တာ” လို့ခေါ်တဲ့ ဘုံဘဝမျိုးဖြစ်တယ်။
ဒီဘက်က လူတစ်ဦးကွယ်လွန်ပြီး “စုတိ” စိတ်ပြီးတာနဲ့ ဟိုဘက်မှာ “ပဋိသန္ဓေ” စိတ်
ချက်ခြင်း(အခြားမရှိအောင်) ဖြစ်တာမို့ ပြိတ္တာကောင် အဖြစ် “ဘွား” ကနဲဖြစ်လာတာကို
“ဝိဉာဉ်” လို့ ယူဆနေကြတာဖြစ်တယ်။ ဘဝကူးပြောင်းတာ မြန်လွန်းလို့ အဲဒီ ပြိတ္တာ
ကောင်ဟာ သူ့ကိုယ်သူ ယခင်ဘဝက ပုဂ္ဂိုလ်လို့ မှားယွင်း ယူဆနေမိတတ်တယ်။
နောက် အချိန်ကြာလာမှသာ သူဟာ ဘဝသစ်တစ်ခုကို ရောက်ရှိလာတာဖြစ်တယ်
ဆိုတာကို နားလည်လာခြင်းမျိုး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ “နောက်ဘဝ” ဆိုတာ ရှိတယ်။ အဲဒီ နောက်ဘဝဆိုတာဟာ
“ယခုပစ္စုပ္ပန်ဘဝ” နဲ့ “ယခုဘဝမတိုင်မှီ ဘဝပေါင်း များစွာက” ပြုခဲ့တဲ့ “ကောင်းမှုကံ/
မကောင်းမှုကံ” တွေကို စံစား/ခံစားဖို့အတွက် ပေါ်ပေါက်လာရတဲ့ “အကျိုးရလဒ်”
တစ်ခုသာဖြစ်တယ်။ ဒီလို ဘဝတစ်ခုနဲ့ တစ်ခု အဆက်ပြတ်မသွားအောင် ဆက်စပ်ပေး
နေတဲ့အရာကတော့ အထက်ကပြောခဲ့တဲ့ “တဏှာ” ပဲဖြစ်တယ် ။ ဒီလို ဘဝတစ်ခုနဲ့
တစ်ခု ကူးပြောင်းနေရတာဟာ “အကြောင်းတရား၊ အကျိုးတရား” ဆက်စပ်မှု နိယာမ
သာလျှင်ဖြစ်ပြီး ဒီဖြစ်စဉ်ထဲမှာ “အတ္တ” ခေါ် “ဝိဉာဉ်” ကောင် လုံးဝ မပါ ပါဘူး။

ဒီဘက်ဘဝတွေက လုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကို ခံစား စံစားဖို့အတွက်
ရှေ့ဘဝမှာ သူနဲ့သင့်လျှော်တဲ့ “ရုပ်၊ နာမ်၊ ခန္ဓာ” ပေါ်ပေါက်လာရခြင်းဖြစ်တယ်။
အမည်နာမ တပ်မယ်ဆိုရင်တော့ “လူ၊ နတ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲကောင် . ” စသည်ဖြင့်
အမည်ပညတ် တပ်လို့ရပေမယ့် စင်စစ်တော့ အကြောင်းကြောင့် အကျိုးတရား ဖြစ်ထွန်း
နေရတဲ့ “သံကွင်းဆက်လို” အစဉ်အဆက် တန်းနေတဲ့ ကွင်းဆက် တွေသာ ဖြစ်ပါတယ်။
ဒါကိုဘဲ ဗုဒ္ဓဘာသာမှာ “သံသရာ” လို့ ခေါ်ဝေါ်နေကြပါတယ်။

ဒီဘဝပုဂ္ဂိုလ် နဲ့ နောက်ဘဝက ပုဂ္ဂိုဟ်တို့ဟာ
တစ်ဦးတည်း မဟုတ်သလို အခြားလူလည်း မဟုတ်ပါဘူး။

ဥပမာ ပြရရင် ရန်ကုန် ကနေ မန္တလေးကို စာတိုက်ကနေ ငွေလွှဲလိုက်တဲ့အခါ
ဟိုဘက်မှာ ထုတ်ယူရမယ့်ငွေဟာ ရန်ကုန်စာတိုက်က ငွေစက္ကူတွေ မဟုတ်ပါဘူး။
အရေအတွက် ပမာဏခြင်းတူတယ်။ ဒါပေမယ့် ရန်ကုန်ငွေစက္ကူတွေ မန္တလေးကို
ရောက်သွားတာ မဟုတ်ပါဘူး။ ဟိုဘက်ကလူကတော့ မန္တလေးစာတိုက်မှာ ရှိတဲ့
ငွေစက္ကူတွေပဲ ထုတ်ယူသွားရမှာပါ။ ဒါပေမယ့် အဲဒီငွေဟာ အခြားလား . . ဆိုတော့လည်း
မဟုတ်ပါဘူး။ ဒီဘက်က လွှဲလိုက်တဲ့ “အကြောင်းတရား” ကြောင့် ဟိုဘက်မှာ ထုတ်လို့
ရတာမဟုတ်လား။ ဘဝကူးတယ်၊ ဘဝဆက်တယ်ဆိုတာလည်း ဒီလိုပါပဲ။
ဒါမှ ဗုဒ္ဓအယူဝါဒ စစ်စစ်ဖြစ်ပါတယ် ။
                  
သရဝဏ်(ပြည်)

No comments:

Post a Comment