ဆားနှင့် ကင်ဆာကို တိုက်ဖျက်နိုင်ပြီလား
လန်ဒန်- ဆဲလ်တစ်ခုအတွင်းသို့ ဆားအများအပြား ပို့ဆောင်လိုက်ပါက ယင်း ဆဲလ်
သေဆုံးသွားကြောင်း သုတေသီများ တွေ့ရှိခဲ့သဖြင့် အိမ်သုံးဆားမှာ ကင်ဆာတိုက်ဖျက်
ရာတွင် လက်နက်သစ်တစ်ရပ် ဖြစ်လာနိုင်သည်။
ဆိုဒီယမ်နှင့် ကလိုရိုက်အိုင်းယွန်းများကို ဆဲလ်များအတွင်း သယ်ဆောင်သွားခြင်းဖြင့်
ကင်ဆာဖြစ်စေသော ဆဲလ်များ အလိုအလျောက် ပျက်စီးမှုဖြစ်ပေါ်စေသည့် မော်လီကျူး
တစ်မျိုးကို ဖန်တီးခဲ့သော သုတေသီများက ၎င်းတို့၏ တွေ့ရှိမှုမှနေ၍ ကင်ဆာရောဂါ
တိုက်ဖျက်ရေး ဆေးဝါးသစ်များ ထွက်ပေါ်လာနိုင်သည်ဟု ပြောကြားသည်။
‘‘ဆဲလ်တစ်ခုအတွင်းသို့ စုပြုံရောက်ရှိသွားစေဖို့ ကလိုရိုက်သယ်ဆောင်ပစ္စည်းတွေက
ဆဲလ်ရဲ့ မန်ဘရိမ်းထဲက ဆိုဒီယမ်လမ်းကြောင်း နဲ့ အလုပ်တွဲလုပ်တယ်ဆိုတာကို
သုတေသနက ပြသနေပါတယ်’’ဟု ဗြိတိန်နိုင်ငံ ဆောက်သမ်တန်တက္ကသိုလ်မှ
ပါမောက္ခနှင့် သုတေသန စာတမ်းပူးတွဲရေးသားသူ ဖိလစ်ဂေးလ်က ပြောကြားသည်။
‘‘ဆားနဲ့ ကင်ဆာဆဲလ်တွေ သေဆုံးစေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်’’ဟု ပါမောက္ခ
ဂေးလ် က ဆက်လက်ပြောသည်။ လူ၏ ခန္ဓာကိုယ်မှ ဆဲလ်များသည် ၎င်းတို့၏
ဆဲလ်မန်ဘရိမ်းများတွင် အိုင်းယွန်း (Ions) များ အလုံအလောက် ရှိနေရေး ကြိုးစား
လုပ်ဆောင်ကြသည်။ အတိမ်းအစောင်း ဖြစ်ပေါ်ခဲ့ပါက ဆဲလ်များ အလိုအလျောက်
သေဆုံးမှုကို ဖြစ်ပေါ်စေသည်။ ယင်းမှာ ပျက်စီးသွားသော (သို့) အန္တရာယ်ရှိသော
ဆဲလ်များ ဖယ်ရှားရှင်းလင်းရန် ခန္ဓာကိုယ်က အသုံးပြုသော စနစ်ဖြစ်သည်။
သို့သော် ဆဲလ်တစ်ခု ကင်ဆာဖြစ်လာခဲ့ပါက ယင်းဆဲလ်၏ ပုံသဏ္ဌာန်ပြောင်းလဲသွားကာ
ဆဲလ်များအလိုအလျောက် ပျက်စီးမှုကို ဖြစ်စေသော အိုင်းယွန်း (Ions) များ သယ်ဆောင်
ခြင်းစနစ်ပါ ပြောင်းလဲယိုယွင်းသွားသည်။
ယခုတွေ့ရှိသော မော်လီကျူးဖြင့် အိုင်းယွန်း (Ions)သယ်ဆောင်ခြင်းနည်းဖြင့်
အများအားဖြင့် အဆီဓာတ်များပါဝင်သော ဆဲလ် မန်ဘရိမ်းအတွင်းသို့
ဆိုဒီယမ်အိုင်းယွန်းများကို သယ်ဆောင် ပျော်ဝင်စေနိုင်ကြောင်း သိရသည်။
မော်လီကျူး သယ်ဆောင်ပစ္စည်းဖြင့် ဆဲလ်များအတွင်းသို့ ကလိုရိုက်များစုပြုံပေးပို့ခြင်းမှာ
ဆဲလ်များ အလိုအလျောက် ပျက်စီးစေနိုင်သည်ကို သက်သေပြနိုင်ခဲ့သည်ဟု လေ့လာ
မှုကို ပူးတွဲ ရေးသားသူ တက္ကဆက်တက္ကသိုလ်မှ ဂျွန်နသန်ဆက်ဆလာက ပြောကြားသည်။
သုတေသီများက ၎င်းတို့၏ တွေ့ရှိချက်ကို Nature Chemistry ဂျာနယ်တွင်
ဖော်ပြထားသည်။
Credit : 7day Daily
========================================
မရှိမဖြစ်ဆား
=======
ဆားသည် သတ္တုများ၊ သတ္တုအောက်ဆိုက်များနှင့် ဗေ့စ်များ အက်စစ်ဖြင့်
ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည်။ အခြေခံ ဓာတုဇေဒ သင်ယူဖူးသူတိုင်း အက်စစ်နဲ့
ဗေ့စ် ဓာတ်ပြုရင် ဆားနဲ့ရေ ရသည်ကို သိကြသည်။ ဆားများ၏ မော်လီကျူလာ
တည်ဆောက်ပုံ (Molecular Structure) မှာ အက်စစ်များမှ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ
ထွက်သွားပြီး ကျန်ရှိသော အမဓာတ်ဆောင် ( Negative Charge ) အိုင်းယွန်းများနှင့်
အဖိုဓာတ်ဆောင်သော ( Positive Charge )၊ သတ္တုအိုင်းယွန်း ( Metal Ions ) များ
ပေါင်းစပ်နေခြင်းပင် ဖြစ်သည်။
ဆားသည် လူသားတိုင်း ရင်းနှီးပြီးသား ဖြစ်သည်။ ဆားမပါတဲ့ဟင်း အရသာ
မရှိသလို၊ လူမှုပတ်ဝန်းကျင်တွင်လည်း "မင့်ဟာက ဆားမပါတဲ့ဟင်းလိုပဲ"လို့ တင်စားရ
လောက်အောင် ဆားရဲ့ ကဏ္ဍသည်လည်း အရေးပါလှသည်။ ဆိုဒီယမ်ကလိုရိုက်ခေါ်
(NaCl) အိမ်သုံးဆား၏ ငန်သောအရသာသည် အခြေခံ အရသာတစ်မျိုး ဖြစ်သည်။
ဆားသည် အစားအစာတို့၏ အရသာကို ထင်ရှားစေသည်။ ထို့ပြင် အစားအသောက်များ
ကြာရှည်ခံရန်အတွက် အရေးပါသော ပစ္စည်းတစ်မျိုးလည်း ဖြစ်သည်။
ဆားကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ ဆားကြမ်း (ဥပမာ- ပင်လယ်ဆား)၊
ဆားနု(ဥပမာ-စားပွဲတင်စား)နှင့် အိုင်အိုဒင်းဆားတို့ ဖြစ်သည်။ ဆားသည် ကြည်လင်နေ
သော အစိုင်အခဲဖြစ်ပြီး အဖြူရောင်၊ ပန်းနုရောင်နှင့် မီးခိုးနုရောင်တို့ ရှိတတ်ပြီး ပုံမှန်
အားဖြင့် ပင်လယ်ရေ သို့မဟုတ် ကျောက်စိုင်များတွင် တင်ကျန်နေခြင်းမှ ရရှိသည်။
စားသုံးနိုင်သော ကျောက်ဆားများမှာ သတ္တုဓာတ်ပါဝင်မှုကြောင့် မီးခိုးရောင် အနည်းငယ်
သန်းနေသည်။
ဆားတွင် အဓိကပါဝင်သည့် ဓာတ် ၂မျိုးဖြစ်သည့် ကလိုရိုက်နှင့် ဆိုဒီယမ်
အိုင်းယွန်းများမှာ သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်သည်။ ဆားသည်
ခန္ဓာကိုယ်အတွင်း ရေတို့လည်ပတ်ရန် ( fluid balance )ပြုမူရာတွင် ပါဝင်သည်။
ဆားဓာတ်ကို တောင့်တခြင်းသည် သတ္တုဓာတ် လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်နိုင်
သည့်အပြင် ဆိုဒီယမ်ကလိုရိုက် မလုံလောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော်
အငန်ဓာတ်ကို လွန်ကဲစွာ စားသုံးပါက သွေးတိုးခြင်းအပါအဝင် မလိုလားအပ်သော
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
Source:ဓာတုရပ်ဝန်း
No comments:
Post a Comment