မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, February 6, 2015

လေးညှင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ



လေးညှင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ
 
     လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိပါတယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေးညှင်းမှာထူးကဲတဲ့ အာဟာရ တန်ဖိုးနဲ့ ဆေးဖက်ဝင် အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာပရိုတင်း၊ သံဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ဆိုဒီယမ်နဲ့ ဟိုက်ဒရိုကလိုရစ် အက်စစ် စတာတွေ အများအပြား ပါဝင်နေပြီး ဗီတာမင်
အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။

(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း
    လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာစေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာတွေ ကုသရာမှာ အသုံးဝင် ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်း လုံးနှစ်ပြီး သွားကိုက်တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီမှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီးရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေးတဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုးမွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေး စတာ တွေထဲ ထည့်သုံးကြလေ့ ရှိပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင်မှုကိုလည်း သက်သာ စေပါတယ်။

(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း
     လေးညှင်းဆီမှာ ဖလေဗိုးနွိုက် ပမာဏ ပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်း ရှိပါတယ်။ ရနံ့ကုထုံး သုံးသူတွေက အဆစ် ရောင်ရမ်းနာနဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကုသနိုင်ဖို့ လေးညှင်းဆီ အစစ်ကို သုံးကြပါတယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့ အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လေပြွန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို
သက်သာစေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း
     လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုးသတ် အာနိသင် ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ် မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။ အရေပြားပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါတယ်။ လေးညှင်းဆီမှာ ကြွက်သား တောင့်တင်းမှုကို ပြေလျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၄) အစာကြေစေခြင်း
     လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိ ရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေ ဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာ စေပါတယ်။

(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း
     လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက်ရောက် ကာကွယ် နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်း မှာပါတဲ့ ယူဂျီနောဟာ အစာခြေစနစ် ကင်ဆာဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း
     လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေးတွေကို သန့်စင် စေတာကြောင့် ကိုယ်ခံစွမ်းအား
စနစ်ကို ကောင်းမွန်စေကာ ရောဂါမျိုးစုံကို တွန်းလှန် ပေးနိုင်ပါတယ်။

(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ
     လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင်နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင်တွေကို ၄-၅နာရီခန့် တွန်းလှန် ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကြယ်စင်
Ref: မြဝတီ
( အင်တီအောက်ဆီးဒင့် အကြွယ်ဝဆုံးထဲမှာ လေးညှင်းလည်း ပါ ပါတယ်။)

No comments:

Post a Comment