စွမ်းအင်အိမ်ကလေးများ (သို့) မိုက်တိုကွန်းဒရီးယား
Written
by ပါမောက္ခဒေါက်တာသံစစ်
ဆဲလ်
(cells) တွေမှာ အင်္ဂါငယ်လေးတွေ (organelles) ရှိတယ်။ ဆဲလ်တစ်ခုကို လုပ်ငန်းကြီးတစ်ခုအနေနဲ့
တင်စားရင် ဒီအင်္ဂါငယ်လေးတွေဟာ လုပ်ငန်းဌာန အသီးသီးတွေဖြစ်ကြမယ်။ အဲဒီထဲက မိုက်တိုကွန်ဒရီးယား
(Mitochondria) လို့ ခေါ်တဲ့ စွမ်းအင်ထုတ်ပေးတဲ့ အင်္ဂါလေးတွေ ရှိတယ်။
တစ်ခုချင်းဆိုရင်
မိုက်တို ကွန်ဒရီးယွန် (Mitochondrion) လို့ ခေါ်တယ်။ ဆဲလ်ထဲမှာ သုံးတဲ့စွမ်းအင်ကို
အဲဒီနိုစင်းထရိုင်ဖော့စဖိတ် (Adenosine Triphosphate) ATP လို့ခေါ်တယ်။ ATP ကို ဒီ မိုက်တိုကွန်းဒရီးယွန်တွေက
ထုတ်ပေးတယ်။ ATP ဟာ ဓာတုဗေဒ စွမ်းအင် (Chemical Energy) ပါပဲ။ ဆဲလ်တွေ အသက်ရှင်လှုပ်ရှားနေဖို့
စွမ်းအင် ပေးရုံမျှသာမကပါဘူး။ ဆဲလ်အချက်ပြ (cell signaling)၊ ဆဲလ် ပြောင်းလဲပွားများမှု
(cellular differentiation)၊ ဆဲလ်များ စနစ်တကျ ပျက်စီးမှု (cell death or
apoptosis)၊ ဆဲလ်ပွားရာအဆင့်ဆင့်တိုင်း (cell cycle and cell growth) တို့ရဲ့ ထိန်းချုပ်မှုတွေအတွက်ပါ
စွမ်းအင်ပေးတယ်။ ဂရိဘာသာမှာ Mitos ဆိုတာ ချည်မျှင် (thread)၊ Khondrion ဆိုတာက အမှုန်
(granules) လို့ အဓိပ္ပာယ်ရတယ်။ မိုက်ခရိုစကုပ် (Microscope) နဲ့ ကြည့်ရင် ဆဲလ်ထဲမှာ
အမျှင်မှုန်လေးတွေ (tiny rod like structure) တွေအဖြစ် တွေ့ရလို့ပါတဲ့။
ဆဲလ်ထဲတွင်ပါဝင်မှု
ဆဲလ်တစ်ခုနဲ့တစ်ခု ပါဝင်မှုက မတူပါဘူး။ သတ္တဝါအလိုက်၊ အင်္ဂါအလိုက် ကွာပါတယ်။ အများစုမှာ မိုက်တိုကွန်ဒရီးယွန် တစ်ခုပဲပါပြီး တချို့ဆဲလ်တွေမှာ မိုက်တိုကွန်ဒရီးယွန် ထောင်ပေါင်းများစွာ ပါတယ်။ ကြွက်သား၊ နှလုံး ကြွက်သား တွေဟာ စဉ်ဆက်မပြတ် လှုပ်ရှားနေတဲ့အတွက် မိုက်တိုကွန်ဒရီး ယား များစွာ လိုအပ်ပါတယ်။ ကြွက်သားတို့၊ နှလုံးတို့လို လှုပ်ရှားတဲ့ အင်္ဂါတွေမှာသာမကဘူး၊ အညစ် အကြေးတွေ စွန့်ထုတ်တဲ့ ကျောက်ကပ်၊ အင်ဇိုင်းထုတ်တဲ့ ပန်ကရိယ ဆဲလ်တွေမှာလည်း အများကြီး လိုတယ်။
ဖွဲ့စည်းတည်ဆောက်ပုံ
မိုက်တိုကွန်ဒရီးယမ်းဟာ ဝက်အူချောင်းရှည်ရှည် အလုံးပဲ။ သူ့မှာ အလွှာ နှစ်ထပ်နဲ့ ဖွဲ့ထားတယ်။ အတွင်းလွှာက ခေါက်တွန့်တွေ အများကြီးပါတယ်။ ဒါကြောင့် မိုက်တိုကွန်ဒရီးယမ်းမှာ အပိုင်းငါးခုရှိတယ်။
၂။ အပြင်လွှာ အတွင်းလွှာကြား ဗလာနယ် (intermembrane Space)
၃။ အတွင်းအမြှေးလွှာ (inner membrane)
၎။ တွန့်ခေါက်တွင်းမှ ဗလာနယ် (cristae-ခရစ်စတေး)
၅။ အတွင်းလွှာအတွင်းခန်း (matrix - မက်ထရစ်)
အပြင်အမြှေးလွှာ
အပြင်လွှာဟာ ဆဲလ်ရဲ့အမြှေးလွှာလိုပဲ ဖော့စဖိုလစ်ပစ် (phospholipid ) လို့ခေါ်တဲ့ အဆီလွှာနဲ့ ပရိုတိန်း ပေါင်းစပ်ဖွဲ့စည်းထားတယ်။ ပရိုတိန်းနာမည်က ပိုရင်လ် (porin) တဲ့။ သူဟာ တကယ်တော့ အပေါက်တွေပဲ။ ဒီအပေါက်တွေထဲက နေပြီးတော့ မော်လီကျူး အငယ်လေးတွေက အတွင်းအပြင် အပြန်ပြန် အလှန်လှန် ဖြတ်ကူးလို့ရတယ်။ မော်လီကျူးကြီးရင်တော့ translocase ဆိုတဲ့ ပရိုတိန်းက သယ်ပို့ပေးတယ်။ ဒီအပြင်လွှာ ပျက်သွားရင် အလွှာနှစ်ခုကြားက ပရိုတိန်းတွေဟာ ဆဲလ် အတွင်းရည် (cytosol) ထဲရောက်လာပြီး ဆဲလ်က ပျက်စီးသွားတော့တယ်။ တကယ်တော့ mitochondria ပျက်ရင် ဆဲလ်ပျက်တာပါပဲ။
အပြင်လွှာအတွင်းလွှာ၊
နှစ်လွှာကြား ဗလာနယ် (အပြင်ခန်း)
အပြင်လွှာရဲ့အပေါက်ကနေ
မော်လီကျူးတွေ ဝင်ထွက်နေတော့ ဒီဗလာနယ်ထဲက ပါဝင်မှုက ဆဲလ်အတွင်းရည်နဲ့ ပါဝင်မှုတူတယ်။
မော်လီကျူးကြီးကြီးတွေ ဒီဗလာနယ်ထဲမှာ ပါဝင်မှုကတော့ ဆဲလ်အတွင်းရည် (cytosol) မတူဘူး။
ဘာလို့လဲ ဆိုတော့ active transport စနစ်နဲ့ စနစ်တကျလိုမှ အထဲကို သွင်းယူတာဖြစ်တယ်။
ဒီဗလာနယ်ထဲမှာရှိနေတဲ့ ပရိုတိန်းတစ်ခုဟာ cytochrome c လို့ ခေါ်တယ်။ ဒီပရိုတိန်းဟာ ဆဲလ်ရဲ့လုပ်ငန်းများစွာမှာ
အရေးပါတဲ့ အင်ဇိုင်း တစ်ခုဖြစ်တယ်။ ဓာတ်တိုးခြင်း၊ ဓာတ်လျော့ခြင်းတွေမှာ ပါတယ်။
electron ကို သယ်ဆောင်တဲ့ နေရာမှာ အရေးပါတယ်။
အတွင်းအမြှေးလွှာ
အပြင်အမြှေးလွှာနဲ့ အတွင်းအမြှေးလွှာ ဖွဲ့စည်းပုံ မတူဘူး။ အပြင်အမြှေးလွှာမှာ ပရိုတိန်းနဲ့အဆီ ၁း၁ အချိုးရှိပေမယ့် အတွင်းအမြှေးလွှာမှာတော့ ပရိုတိန်းက ပိုများတယ်။ ၃း၁ အချိုးရှိတယ်။ များရတဲ့အကြောင်းကလည်း အလုပ်ကများတယ်၊ အပြင်အမြှေးပါးလို ပိုရင်လ် (porin) ဆိုတဲ့ ပရိုတိန်းအပေါက်တွေ မပါဘူး။ အဲဒီတော့ မော်လီကျူးတွေက ဖြတ်သွားလို့ မရဘူး။ အပြင်အမြှေးလွှာ outer membrane က မော်လီကျူးတွေ ဖြတ်သွားလို့ ရတယ်။ အတွင်းအမြှေးလွှာ inner membrane ကတော့ မော်လီကျူးတွေ ဖြတ်သွားလို့မရလို့ impermeable ဖြစ်တယ်လို့ ပြောတယ်။ တကယ်တော့ အတွင်းထဲက matrix ခေါ်တဲ့ အတွင်းခန်းပျစ်ရည်ထဲကို မော်လီကျူးတွေ ဝင်ချင်ရင် သေသေချာချာ သွင်းပို့တဲ့ နည်းစနစ်နဲ့သာ ပို့လို့ရတယ်။ စိစစ်ပြီးမှ လက်ခံပို့ဆောင်တဲ့သဘောဖြစ်တယ်။ အဲဒီလို အတွင်းထဲကိုပို့တဲ့ ပရိုတိန်းကို အတွင်းပို့ဆောင်ရေးပရိုတိန်း (Translocase of Inner Membrane (TIM)) လို့ ခေါ်တယ်။
ဒီအတွင်းအမြှေးပါးလွှာဟာ
အလုပ် (၄)ခု လုပ်တယ်။
၁။ oxidative
phosphorylation လို့ခေါ်တဲ့ phosphate ကို ဓာတ်တိုးမြှင့်ခြင်း လုပ်တယ်။
၂။ ATP synthase ဆိုတဲ့(ATP
ကို တည်ဆောက်တဲ့အမ်ဇိုင်း) ကATP ကို matrix ထဲကို ထုတ်လွှတ်ပေးတယ်။
၃။ matrix ရဲ့ အတွင်းအပြင်
molecule တွေ ဖြတ်သန်းမှုကိုလည်း အတိအကျ ထိန်းချုပ်ပေးတယ်။
၎။ ပရိုတိန်းကို အတွင်းထဲ
သွင်းပို့တဲ့စနစ်ရှိတယ်။ Protein Import Machinery လို့ ခေါ်တယ်။
တွန့်ခေါက်တွင်းမှ
ဗလာနယ် (Cristae)
အတွင်းအမြှေးလွှာဟာ
အတွန့်အခေါက်ပေါင်းများစွာရှိတယ်။ ခေါက်ချင်သလို ခေါက်ထားတာ မဟုတ်ဘူး။ သဘာဝအလျောက်
လိုအပ်သလို အသုံးချဖို့ စနစ်တကျ ခေါက်ထားတာဖြစ်တယ်။ သူတို့ဟာ ATP တွေ အများကြီးထုတ်လို့ရအောင်
ဖန်တီးထားတာပဲ။ ဒီအမြှေးပါးကို hydrogen ion တွေ ဖြတ်သွားနိုင်တယ်။ ဒီလိုသွားတဲ့အခါ
စွမ်းအင်ကို ရတယ်။
Matri
(မက်ထရစ်) (အတွင်းခန်း)
mitochondria
ရဲ့ အတွင်းဆုံးအပိုင်းကို matrix လို့ ခေါ်တယ်။ အဲဒီထဲမှာ ပရိုတိန်းတွေ အများကြီးရှိတယ်။
ATP တွေ အများကြီးထုတ်နိုင်တယ်။ အင်ဇိုင်းတွေ ရာပေါင်းများစွာရှိတယ်။ ရိုင်ဘိုဇုမ်း
(ribosome) လို့ခေါ်တဲ့ RNA ရှိတယ်။ transfer RNA (t RNA) ရှိတယ်။ mitochondria DNA
လို့ခေါ်တဲ့ သီးသန့် DNA ရှိတယ်။ ဆဲလ်တစ်ခုမှာ DNA ဟာ nucleus ထဲမှာပဲ ရှိတယ်။ အခြားအင်္ဂါငယ်လေးတွေ
ထဲမှာ မရှိဘူး။ မိုက်တိုကွန်ဒရီးယားကတော့ ထူးထူးခြားခြား သူ့ကိုယ်ပိုင် DNA ရှိတယ်။
အလုပ်များလွန်းလို့ ပရိုတိန်းတည်ဆောက်ရာမှာသုံးတဲ့ ကိုယ်ပိုင် DNA, ribosomes,
tRNA တို့ ရှိတာဖြစ်တယ်။ မိုက်တိုကွန်ဒရီးယားထဲမှာပါတဲ့ DNA ဟာ လူတွေရဲ့ DNA တွေနဲ့မတူဘူး။
ဗက်တီးရီးယားတွေရဲ့ DNA နဲ့တူတယ်။ အဝိုင်းပုံဖြစ်တယ်၊ အမျှင်မဟုတ်ဘူး၊ histone ဆိုတဲ့
ပရိုတိန်းကိုလည်း ပတ်မထားဘူး။ introns ဆိုတဲ့ ကြားခံတွေလည်း မရှိဘူး။
ဒီ
matrix မှာ fatty acid ခေါ်တဲ့ အဆီကိုလည်း အပိုင်းပိုင်းဖြတ်ပြီး စွမ်းအင် ထုတ်ယူရာမှာ
သုံးတယ်။ β-oxidation လို့ခေါ်တယ်။ စွမ်းအင်ထုတ်ရာမှာ အချက် အချာဖြစ်တဲ့ အင်ဇိုင်းပတ်ပတ်လည်စက်ဝိုင်း
citric acid cycle ဆိုတာလည်း ရှိတယ်။ tricarboxylic acid cycle (TCA cycle) လို့လည်း
ခေါ်တယ်။ မိုက်တို ကွန်ဒရီးယားရဲ့ အတွင်းအမြှေးလွှာမှာ nuclear DNA ရဲ့ ညွှန်ကြားချက်နဲ့ထုတ်တဲ့
ပရိုတိန်းရှိသလို မိုက်တိုကွန်ဒရီးယားကိုယ်ပိုင် DNA က ထုတ်ထားတဲ့ ပရိုတိန်း
တွေရှိတယ်။
ဖွဲ့စည်းတည်ဆောက်ပုံကို
ပြန်ခြုံကြည့်မယ်ဆိုရင်တော့ တကယ်တော့ မိုက်တို ကွန်ဒရီးယားဟာ အလွှာနှစ်လွှာ နဲ့ အခန်းနှစ်ခန်းပါပဲ။
အတွင်းလွှာရဲ့အထဲက တစ်ခန်း (အတွင်းခန်း) နဲ့ အတွင်းလွှာနဲ့ အပြင်လွှာကြားထဲက တစ်ခန်း
(အပြင်ခန်း) ဆိုပြီး နှစ်ခန်းရှိတယ်။
အစာမှ
စွမ်းအင်သို့
တကယ်တော့ စားတဲ့အစာကို
စွမ်းအင်အဖြစ်နဲ့ သုံးရတယ်။ စားလိုက်တဲ့ အစာတွေကို အခြေခံယူနစ်အဖြစ် အစာအိမ်ထဲမှာ ဖြိုခွဲတယ်။
ဥပမာ-ကစီဓာတ် (starch) လို့ခေါ်တဲ့ ဆန်စားစား၊ ဂျုံစားစား အဆုံးသတ်မှာ ဂလူးကို့စ်ဆိုတာ
ဖြစ်တယ်။ သကြားစားလည်း ဂလူးကို့စ်ဖြစ်တာပါပဲ။ ဂလူးကို့စ်ကို ဆဲလ်ထဲရောက်အောင်
glucose transporter ခေါ်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ စနစ်တကျ သွင်းယူရတယ်။ ပြီးတော့
ဂလူးကို့စ်ကို ဆဲလ်ရဲ့ cytoplasm ထဲမှာ ပထမအဆင့် ဖြိုခွဲတယ်။ အောက်ဆီဂျင်နဲ့ မပူးပေါင်းသေးဘဲ
ဖြိုခွဲတာဖြစ်တယ်။ ATP ခေါ်တဲ့ မော်လီကျူး ၈ လုံးပဲထွက်တယ်။ ဒီလိုဖြိုခွဲတာကို
glycolysis လို့ခေါ်တယ်။ ဂလူးကို့စ်ကို ဖြိုခွဲခြင်းလို့ အဓိပ္ပာယ်ရတယ်။ အောက်ဆီဂျင်မပါဘဲ
ဖြိုခွဲတဲ့အတွက် anaerobic metabolism လို့ခေါ်တယ်။ ဂလူးကို့စ်ကို ပထမအဆင့်ဖြိုခွဲပြီး
တဲ့နောက်မှာ pyruvate ဆိုတာ ဖြစ်လာတယ်။ pyruvate ကို မိုက်တိုကွန်ဒရီးယားထဲကို သယ်သွားတယ်။
အဲဒီအထဲမှာ Acetyl CoA ဆိုတဲ့ ဓာတ်ပေါင်းအဖြစ် ပြောင်းပြီး Citric Acid
Cycle (Kreb's cycle) ထဲကို ဝင်တယ်။
အဲဒီ cycle ထဲမှာ အဆင့်ဆင့်ထပ်ဖြိုခွဲပြီး
electron တွေကို ထုတ်တယ်။ ကာဗွန် (carbon) တွေကိုလည်း ခွဲထုတ်တယ်။ ကာဗွန်တွေကို ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ်နဲ့
ပြောင်းပြီး အပြင်ကိုပြန်ထုတ်တယ်။ electron ဆိုပေမယ့် hydrogen ion ပဲ။ ဒီ
electron တွေကို သယ်တဲ့ carrier protein နှစ်မျိုးရှိတယ်။ NAD နဲ့ FAD လို့ခေါ်တယ်။
electron ကို သယ်သွားပြီးရင် NADH နဲ့ FADH ဖြစ်သွားတယ်။ ဒီ electron တွေကို အတွင်းအမြှေးလွှာမှာရှိတဲ့
respiratory chain လို့ခေါ်တဲ့ electron transport chain ထဲကို ပို့လိုက်တဲ့အခါ
matrix (အတွင်းခန်း) ထဲကနေ intermembrane space (အပြင်ခန်း)ထဲကို hydrogen iron တွေ
ရောက်သွားကြတယ်။ တချို့ hydrogen iron တွေဟာ oxygen နဲ့ ပေါင်းပြီး H2O ရေ ဖြစ်သွားရတာတွေလည်း
ရှိတယ်။ အဲဒီလို အတွင်းခန်းထဲကနေ အပြင်ခန်းထဲကို hydrogen iron တွေ အများကြီးရောက်သွားတဲ့အတွက်
အခန်းနှစ်ခန်းရဲ့ electron molecule သိပ်သည်းမှုတွေဟာ သိပ်ကွာခြားသွားတယ်။ ဒီလိုကွာခြားမှုကို
ပြန်ပြီးညီမျှအောင် အတွင်းအမြှေးလွှာမှာပဲရှိတဲ့ ATP synthase ဆိုတဲ့စက်နဲ့
hydrogen iron တွေကို အပြင်ခန်းထဲကနေ အထဲကို ပြန်ပြန် သွင်းတယ်။ အထဲကို ပြန်သွင်းတိုင်း
phosphate တစ်လုံးနဲ့ပေါင်းပြီး ATP ဆိုတဲ့၊ သိုလှောင်လို့ရတဲ့ စွမ်းအင်ဖြစ်လာတယ်။
ATP ဟာ သိုလှောင်ထားလို့ရတဲ့ ဓာတုဗေဒ စွမ်းအင်တစ်မျိုးဖြစ်တော့ အမှာစာရှိတဲ့ ဆဲလ်လုပ်ငန်းဌာနတွေကို
လိုသလို ပို့ပေးတယ်။ ပုံလေးကို ကြည့်လိုက်ရင် ပိုရှင်းသွားမယ်။
electron transport chain တွေဟာ အတွင်းအမြှေးလွှာမှာရှိနေတဲ့
ပရိုတိန်း အဆင့်ဆင့်ဖြစ်တယ်။ အဲဒီ chain ရဲ့ protein molecules တွေကြားထဲမှာ တခြား
protein molecules တွေကို အပြန်ပြန်အလှန်လှန် သယ်ပို့နေတဲ့ မော်လီကျူးတွေ လည်းရှိနေတယ်။
coenzyeme Q (Ubiquinone) ဆိုတဲ့ မော်လီကျူးနဲ့ cytochrome C ဆိုတဲ့ မော်လီကျူးတွေဟာ
အရေးပါတယ်။
ခုလို Pyruvate ကို ဒုတိယအဆင့် ဖြိုခွဲတဲ့အခါမှာ အောက်ဆီဂျင်ကိုလည်း သုံးရတယ်။ phosphate ကိုလည်း သုံးရတယ်။ ဒါကြောင့် oxidative phosphorylation လို့ ခေါ်တယ်။ အောက်ဆီဂျင် ရှိမှ ဖြစ်တဲ့အတွက် ဒီဇီဝဖြစ်စဉ်ကို aerobic metabolism လို့လည်း ခေါ်တယ်။ ဒါတွေအားလုံးဟာ ဆဲလ်ထဲမှာ oxygen ကို သုံးတာ ဖြစ်တဲ့အတွက် internal respiration လို့ခေါ်တယ်။ aerobic metabolism ကတော့ မိုက်တိုကွန်ဒရီးယားထဲမှာ ဖြစ်တယ်။
အပူထုတ်ခြင်း
(Heat Production)
တချို့အခြေအနေတွေမှာ အပြင်ခန်းထဲက
hydrogen iron proton တွေဟာ ATP synthase ဆိုတဲ့ စက်ထဲကို မဖြတ်ဘဲ အတွင်းခန်း
(matrix) ထဲကို ပြန်ဝင်လာတယ်။ အဲဒီအခါမှာ ATP နဲ့ ထိန်းချုပ်မထားတဲ့အတွက် သိုလှောင်ထားလို့ရတဲ့
စွမ်းအင်မဖြစ်ဘဲ အပူ (heat) ထွက်လာတယ်။ အဲဒီဝင်တဲ့အပေါက်ကို ''Thermogenin'' လို့ခေါ်တယ်။
အထူးသဖြင့် Brown Adipose Tissue လို့ခေါ်တဲ့ အဆီဆဲလ်တွေရဲ့ မိုက်တိုကွန်ဒရီးယားမှာ
တွေ့ရတယ်။
ကယ်လ်ဆီယမ်အိုင်းရွန်း(Calcium
Ions)
ဆဲလ်ထဲမှာရှိတဲ့
ကယ်လ်ဆီယမ်ပမာဏဟာ ဓာတ်ပြုခြင်းများစွာကို ထိန်းချုပ်တယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဟာ ဆဲလ်ထဲမှာ
အချက်ပေးစနစ်တစ်ခုအဖြစ်လည်း ပါဝင်တယ်။ ဒီလိုအရေးကြီးတဲ့ ကယ်လ်ဆီယမ်ကို မိုက်တိုကွန်ဒရီးယားက
ထိန်းချုပ်တယ်။ ခဏသိုလှောင်ထားပြီး လိုအပ်တဲ့အခါမှာ ထုတ်ပေးနိုင်တယ်။ ကယ်လ်ဆီယမ်ဟာ
အာရုံကြောအချက်ပြ စနစ်ထဲမှာလည်း ပါတယ်။ ဟော်မုန်းတွေ ထုတ်တဲ့နေရာမှာလည်း ပါတယ်။
မိုက်တိုကွန်ဒရီးယား၏
အခြားလုပ်ငန်းများ
ဆဲလ်အမြှေးလွှာ အတွင်းအပြင်
လျှပ်စစ်အဖိုအမကွာခြားမှုကိုလည်း ထိန်းချုပ်တယ်။ Apoptosis ခေါ်တဲ့ ဆဲလ်တွေကို စနစ်တကျဖျက်ဆီးတဲ့
နေရာမှာလည်း ပါတယ်။ ဆဲလ်တွေပွားများတဲ့ နေရာမှာလည်း ထိန်းချုပ်တယ်။ ဆဲလ်တွေရဲ့ အခြားဇီဝဖြစ်စဉ်တွေကိုလည်း
ထိန်းချုပ်တယ်။ တကယ်တော့ မိုက်တိုကွန်ဒရီး ပျက်ရင် လူတွေမှာ ရောဂါမျိုးစုံ ဝင်တတ်တယ်။
အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါ၊ ကြွက်သားနဲ့ ဆိုင်တဲ့ရောဂါ၊ သွေးချိုဆီးချိုနဲ့ ဆိုင်တဲ့ရောဂါ၊
ဟော်မုန်းထုတ်တဲ့ ရောဂါတွေ စသဖြင့် ရတယ်။ mitochondria က စွမ်းအင်အိမ်ဖြစ်တော့
electron တွေဟာ မိုက်တိုကွန်ဒရီးယားကနေပြီး မတော်တဆ အပြင်ကို မထိန်းမချုပ် ယိုထွက်ရင်း
တဖြည်းဖြည်း အသက်ကြီး လာရတယ်လို့ ဆိုတယ်။
သမိုင်းအကျဉ်း
မိုက်တိုကွန်ဒရီးယားရဲ့သမိုင်းဟာ နှစ် တစ်သန်းကျော်က စတင်ခဲ့တာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေ ကတော့
လွန်ခဲ့တဲ့ နှစ် ၁၅ဝ ကမှ စတွေ့ခဲ့ပါတယ်။
၁၈၅၈ - Kolliker က ကြွက်သားတွေမှာ
တွေ့ခဲ့တယ်။
၁၈၉ဝ - Altmann က မိုက်တိုကွန်ဒရီးယားရဲ့
ဆေးဆိုးကြည့်နည်း တွေ့ခဲ့ပြီး ဇီဝ ဖြစ်စဉ်တွေနဲ့ ဗီဇထိန်းချုပ်မှုတွေဟာ Nucleus
ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိဘဲ၊ လွတ်လပ်စွာ ဆောင်ရွက်တယ်လို့ ယူဆခဲ့တယ်။
၁၉၂၂ - Warburg က Respiratory
အင်ဇိုင်း (Electron Transport) တွေ ရှိတယ်၊ Cyanide ဆိုင်ယာနိုက်အဆိပ်က ဒီအင်ဇိုင်းတွေကို
တားတယ်လို့ တွေ့တယ်။
၁၉၂၃ - Keilin က Cytochrome ရဲ့
ဓာတ်တိုးဓာတ်လျော့သဘာဝကို ပြခဲ့တယ်။
၁၉၂၅ - Fiske နဲ့ Subbarow က ဓာတုစွမ်းအင်
ATP ကို တွေ့ခဲ့တယ်။
၁၉၃၃ - Keilin က Cytochrome C
ကို သီးသန့်ခွဲထုတ်ခဲ့ပြီး သူ့ရဲ့ လုပ်ငန်းပြခဲ့တယ်။
၁၉၃၇-၄၁ - Kalckar နဲ့ Belitser တို့က
အောက်ဆီဂျင်နဲ့ပေါင်းခြင်း၊ ဖော့စဖိတ်နဲ့ ပေါင်းခြင်း၊ အဲဒီလိုပေါင်းခြင်းကနေ စွမ်းအင်ထုတ်ကြောင်း
သီးသန့်စီ တွေခဲ့တယ်။ Oxidative Phosphorylation လို့ခေါ်တယ်။
၁၉၄ဝ-၄၃ - Claude က အသည်းထဲမှာ
Mitochondria တွေ့ခဲ့တယ်။
၁၉၄၈-၅ဝ - Kennedy နဲ့ Lehninger တို့ဟာ
Kreb's chycle, β oxidation, oxidative phosphorylation ဆိုတဲ့ အရေးပါတဲ့ ဇီဝဖြစ်စဉ်နုပျိုသော
Mitochondria ထဲမှာ ဖြစ်တယ်လို့ တွေ့ခဲ့တယ်။
၁၉၅၁ - Lehninger က oxidative
phosphorylation နဲ့ Electron transfer ဟာ Mitochondria ရဲ့ အသက်ရှုခြင်း
Respiration မှာ လက်တွဲ ဆောင်ရွက်တယ်လို့ ပြခဲ့တယ်။
၁၉၆၅-၆၇ - Mitchell နဲ့ Moyle က
Proton (Hydrogen ion) ပြောင်းရွှေ့ မှုများပြခဲ့တယ်။
၁၉၆၈ - Chappel က မော်လီကျူးများ
သယ်ပိုးတဲ့ transport system ရဲ့ ပရိုတိန်းမော်လီကျူးများစွာကို ဖော်ပြခဲ့တယ်။
၁၉၇၄ - Nicholls က အဆီဆဲလ်တွေမှာ
အပူထွက်ခြင်းကို ပြတယ်။
၁၉၇၈ - Mitchell က ဓာတုပစ္စည်းများ
အမြှေးတစ်ဖက်စီမှာ မတူမှုကြောင့် ဖြစ်ပေါ်မှုများ Chemiosmotic သီအိုရီကို ပြောခဲ့တယ်။
နိုဗယ်လ်ဆုရတယ်။
၁၉၈၁ - Anderson et Coll. တို့က
Mitochondria ရဲ့ genetic ဖွဲ့စည်းပုံကို ဖော်ပြခဲ့တယ်။
၁၉၈၆-၈၇ - Taneka et Coll. ကြွက်သားရောဂါတချို့မှာ
Mitochondrian gene များ ချို့ယွင်းမှုကြောင့်သာဖြစ်ကြောင်း ဖော်ပြခဲ့တယ်။
၁၉၉၂ - Wallace က mt DNA ပြောင်းလဲချက်တွေကြောင့်
တချို့သော အလိုလိုချို့ယွင်းချက်ရောထွေထွေဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ Degenerative
disease
၁၉၉၇ - Boyer ဟာ ATP Synthase
(ATP တည်ဆောက်စက်)ကို ဖော်ပြခဲ့လို့ နိုဗယ်လ်ဆုရခဲ့တယ်။
------------------------------------------------------------------------------------------------------------
No comments:
Post a Comment