မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, February 4, 2015

မွေးလအလိုက် အဆောင်ကျောက်မျက်များ

မွေးလအလိုက် အဆောင်ကျောက်မျက်များ

01 JANUARY
ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်

   ပထမဆုံး ဇန်နဝါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ်
ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်နဝါရီလဖွားများ
အတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ
ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့


ကျောက်တစ်မျိုးဖြစ်ပါတယ်.. အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှား
ပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့
အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ
ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်လို့ သိရပါတယ်.. ဂေါ်မုတ်ကျောက်ကို
အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊
အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး စကော့တလန်၊
ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင်
အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။

ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ

၁. စိတ်ကိုအေးချမ်းစေခြင်း

၂. ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း

၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း

၎. ဝတ်ဆင်ထားသူအား အန္တရာယ်တစ်ခုခု ကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း
    ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း )

၅. ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း

၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း

၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း

၈. ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း

၉. မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း
    စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++

02 FEBRUARY
ဖေဖော်ဝါရီလဖွားများအတွက် နီလာခရမ်း (ခ) ခရမ်းစွဲ

ဖေဖော်ဝါရီလဖွားများအတွက် အဆောင်ကျောက်မှာ နီလာခရမ်း ခေါ် ခရမ်းစွဲဖြစ်ပါတယ်။
၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး
အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင် ကျောက်တွေထဲမှာ ရေပန်းစား
နာမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊
အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ
အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်
ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီ
ဂရိတ်ထိ အပူပေး မီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်ဟာ
နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်။

ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ

၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း

၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို
    ဝတ်ဆင်ထားပြီး ဝိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်း
    တို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း

၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရား တည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း

၎. ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၅. ဝတ်ဆင်သူ၏ ဘဝထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း

၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း

၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၈. ခရမ်းစွဲအား ဝတ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း
    စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။
+++++++++++++++++++++++++++++++++++++++++++

03 MARCH
မတ်လဖွားများအတွက် မြပြာ (ခ) စိမ်းပြာမြ


   မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ စိမ်းပြာရောင် ရှိသော
Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.. မြပြာရဲ့ မာခြင်းအဆင့်မှာ ၇.၅ မှ ၈ အတွင်း
ရှိတတ်ပြီး အစိမ်းရောင် မြ နှင့် အမျိုးအစားတူသဖြင့် ညီအစ်မကျောက် ဟူ၍လည်း
ခေါ်ဆိုကြပါတယ်.. မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့ အရောင် ရှိသော်လည်း
အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. ခေတ်မှီနည်းစနစ်များနဲ့ အပူပေးပါက
အရာင်ရင့်သော မြပြာအဖြစ်သို့ ပြောင်းလဲအောင် ပြုလုပ်နိုင်ကြောင်း သိရပါတယ်..
မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ဝတ်ဆင် သုံးစွဲတတ်ကြပါတယ်။
မြပြာဟာ ဥဿဖရားအပြာရောင်နဲ့ ဆင်ဆင် တူတဲ့အတွက် ဝယ်ယူတဲ့အခါမှာ အထူး
သတိထားကာ ဝယ်ယူသင့်တယ်လို့ မှတ်သားရပါတယ်.. ကမ္ဘာတွင် သုံးစွဲနေသော
တန်ဖိုးကြီး မြပြာကို ဘရာဇီးလ် နိုင်ငံတွင် အများအားဖြင့် တူးဖော်ရရှိပြီး ကင်ညာ၊
နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံများနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊
ရုရှနိုင်ငံရှိ ယူရယ်လ် တောင်တန်းတစ်လျှောက်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင်
တူးဖော်ရရှိကြောင်း သိရပါတယ်..

မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ

၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို
    ဝတ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂. ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ
    လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း

၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ
    အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ
    ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံ
    ချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း

၎. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း

၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို
    ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း။
++++++++++++++++++++++++++++++++++++++++++

04 APRIL
ဧပြီလဖွားများအတွက် စိန်

     ဧပြီလမွေးသောသူများအတွက် အဆောင်ကျောက်မျက်ရတနာမှာ စိန်ဖြစ်ပါတယ်..
စိန်ကို ဂရိဘာသာအရ မဖြိုခွဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခြင်းအဆင့် ၁၀ ရှိပြီး
ကျောက်မျက်ရတနာ အားလုံးထဲမှာ မာခြင်းအဆင့် အမြင့်မားဆုံးကျောက် ဖြစ်ရုံတင်မက
တောက်ပမှု အားအကောင်းဆုံး ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်..
စိန်ဟာ အနှစ်၆၀ပြည့် နှစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖြစ်ပြီး ကမ္ဘာပေါ်မှာ လူကြိုက်
အများဆုံး တန်းဝင်ရတနာတစ်ပါးလဲ ဖြစ်ပါတယ်.. ရှေးယခင်ခေတ်ကတည်းက နှစ်သက်စွာ
ဝတ်ဆင်သုံးစွဲကြတဲ့ အထောက်အထားများကို တွေ့ရှိရပြီး ခရစ်တော် မပေါ်မီကတည်းက
စိန်ကို ဝတ်ဆင် သုံးစွဲခဲ့ကြပါတယ်.. .. စိန်ဟာ ကမ္ဘာမြေကြီးရဲ့ အနက်မိုင် ၉၀ကျော်
လောက်တွင်သာ ဖြစ်ပေါ်နိုင်ပြီး မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ပေါ်ထွက်လာသော
ချော်ရည်များကြောင့် လည်းကောင်း၊ ကမ္ဘာ့အောက်ခြေရှိ ရေပူများ ပန်းထွက်ခြင်းကြောင့်
လည်းကောင်း လူတို့လက်လှမ်းမှီရာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ ရောက်ရှိလာနိုင်
တယ်လို့ ဆိုပါတယ်… စိန်ရဲ့ သက်တမ်းဟာ အများအားဖြင့် နှစ်သန်းပေါင်းတစ်ထောင်ခန့်
ရှိနိုင်တာကြောင့် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာလို့ ပြောလို့ရပါတယ်..
ဝတ်ဆင်သုံးစွဲတဲ့သက်တမ်း မည်မျှကြာမြင့်သည်ဖြစ်စေ အခြား ကျောက်မျက်တို့လို
အနားစများ ပဲ့ထွက်ခြင်း ဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း သိရှိရပြီး အလွန်မာကြောသောကြောင့်
စက်မှုလုပ်ငန်းများတွင် များစွာ အသုံးဝင်ပါတယ်.. စိန်ကို အဖြူရောင်၊ အနီရောင်၊
ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်
နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုးတန်ဆုံး
အဖြစ် သတ်မှတ်ကြပါတယ်…

စိန်သည် ဝတ်ဆင်သူအား

၁။ ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ
     ကြည်လင် ကျန်းမာစေခြင်း၊ အစားအသောက် သီးနှံပေါများစေခြင်း၊

၂။ တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင်
    ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း ၊ အကြောက်အရွံ့
    များကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း

၃။ ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေရန် တွန်းအားပေးစေနိုင်ခြင်း ၊
    ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်စေခြင်း

၎။ မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အောင်မြင်ခြင်း၊ မိမိအပေါ်
    သစ္စာရှိသော အပေါင်းအသင်းမိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ လူချစ်လူခင်
    ပေါများစေခြင်း စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။
+++++++++++++++++++++++++++++++++++++++++

05 MAY
မေလဖွားများအတွက် မြ


    မေလဖွားများအတွက် အဆောင်ကျောက်မျက်ရတနာမှာ မာခြင်းအဆင့် ၇.၅ မှ
၈ ရှိသော မြ ဖြစ်ပါတယ်.. ၅၅ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်
ရတနာလည်း ဖြစ်ပါတယ်.. မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်း
ဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်
ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။
မြသည် အနာအဆာများ ပါဝင်မှုနှုန်း များသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ
ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်..။ လုံးဝ အပြစ်အနာကင်းသော
မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်... မြကို အများအားဖြင့် ပုံစံတစ်မျိုး
တည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်...။

မြကျောက်သည် ဝတ်ဆင်သူအား

၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း

၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း

၃. စွမ်းအားကို တိုးမြင့်စေခြင်း

၎. အမြင်အာရုံကို ကောင်းမွန်စေခြင်း

၅. အထူးသဖြင့် အမျိုးသမီး ဝတ်ဆင်သူများအား မကောင်းသော အကြံအစည်များ
    မဝင်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း
    (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို
    ပေးနိုင်စွမ်း ရှိပါတယ်။
+++++++++++++++++++++++++++++++++++++++++

06 JUN
ဇွန်လရာသီဖွားများအတွက် ပုလဲ


   ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော
တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ
ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့
ပြည့်စုံကာ ဝတ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီး
လိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်
ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ
အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို
အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှား
ပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်။ သဘာဝပုလဲနှင့်
မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏
ကိုယ်တွင်းတွင် တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့က မွေးမြူ၍
မုတ်ကောင်၏ ကိုယ်တွင်းသို့ ဝတ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့်
ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်
အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ
ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း၊ လေ၀င်လေထွက် ကောင်းမွန်ုခြင်းတို့ဟာ ပုလဲအတွက်
မရှိမဖြစ် လိုအပ်တယ်လို့ သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ
လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..

ပုလဲသည် ဝတ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။

၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊

၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း

၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း

၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++++++++++

07 JULY
ဇူလိုင်လဖွားများအတွက် ပတ္တမြား


ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်။
မာခြင်းအဆင့် ၉ ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော
ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊
အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော
ပတ္တမြားကသာ အရည်အသွေး အကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြ
ပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်း
တစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားဟာ
အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသား
များနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ
အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင် မူလ
အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ အနှစ်၄၀ပြည့်
ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၄င်းကို ဝတ်ဆင်ထားသူ၏
စိတ်ကူးအိပ်မက်များ အမှန်တကယ် ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်း ရှိတယ်လို့
အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင်
ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ
မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။

ပတ္တမြားသည် ဝတ်ဆင်သူအား

၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း

၂. အမျိုးသားများ ကာယသုခ ရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း

၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း

၎. မိတ်ဆွေတိုးပွားစေခြင်း

၅. ပစ္စည်းဥစ္စာများကို စောင့်ရှောက်ပေးခြင်း

၆. မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ
     ကာကွယ်စောင့်ရှောက်ပေးခြင်း

၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ် ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း
    စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။
++++++++++++++++++++++++++++++++++++++++++

08 AUGUST
သြဂုတ်လဖွားများအတွက် ပြောင်ခေါင်းစိမ်း


   သြဂုတ်လဖွားများအတွက် အဆောင်ကျောက်မှာ မားခြင်းအဆင့် ၆.၅ မှ ၇ အတွင်း
ရှိသော ပြောင်ခေါင်းစိမ်းလို့ခေါ်တဲ့ တောက်ပသော သံလွင်သီးစိမ်းရောင်ရှိ တွင်းထွက်
ကျောက်တစ်မျိုး ဖြစ်ပါတယ်.. ပြောင်ခေါင်းစိမ်းကို ဘီစီ ၁၅၀၀ အီဂျစ်ခေတ်ကတည်းက
သုံးစွဲခဲ့ကြောင်း သိရပါတယ်… ပြောင်ခေါင်းစိမ်းအရောင်မှာ သံပုရာစိမ်း၊ စိမ်းဝါရောင်၊
စိမ်းရွှေဝါရောင်၊ အညိုနုရောင်နဲ့ သံလွင်စိမ်းရောင်ထိ အရောင်ကွဲ အမျိုးစုံစွာ
တွေ့ရသော်လည်း အမေရိက အရီဇိုးနား ပြည်နယ်ထွက် သံပုရာစိမ်းမှာ အကောင်းဆုံး
အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ပြောင်ခေါင်းစိမ်းကို တောက်ပပြောင်လက်
စေရန်အတွက် အသုံးပြုရန်မှာ ဗနီကာအရည်ဟာ အသင့်တော်ဆုံး ဖြစ်ကြောင်းသိရပါတယ်။
   တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းမှာ အရောင်ဖျော့ပြီး ၂ ကာရက်အောက် အရွယ်အစား
များသာ ထွက်ရှိကာ တန်ဖိုးကြီးမားပြီး လှပကောင်းမွန်သော ပြောင်းခေါင်းစိမ်းမှာ မြန်မာ
နိုင်ငံ မိုးကုတ်မြို့တွင် ထွက်ရှိပါတယ်.. ပြောင်ခေါင်းစိမ်း ရှာဖွေသူများဟာ ညအခါ လရောင်
အောက်တွင် ရှာဖွေပါက တွေ့ရှိဖို့ ပိုလွယ်ကူကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်။
   ညအခါ ပြောင်းခေါင်းစိမ်းရှိရာနေရာကို တွေ့ရှိပါက အမှတ်အသားပြုလုပ်ထားကြပြီး
နောက်တစ်နေ့ မိုးလင်းမှ လာရောက်တူးဖော်ကြကြောင်း သိရပါတယ်။

ပြောင်ခေါင်းစိမ်းတွင်

၁. မကောင်းဆိုးဝါး အန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်ခြင်း

၂. စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်ပြီး၊ သက်သောင့်သက်သာ ဖြစ်စေနိုင်ခြင်း ၊
    ပန်းနာရင်ကြပ်ရောဂါကို ကုစားသက်သာစေနိုင်ခြင်း

၃. ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိုင်စွမ်းရှိပြီး မကောင်းသော အိမ်မက်များကို
    မမက်အောင် ကာကွယ်ပေးနိုင်ခြင်း

၎. ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ခြောက်ခြားခြင်း
    တို့မှ သက်သာ လျော့နည်းစေနိုင်ခြင်း

၅. ခန္ဓာကိုယ်အတွက် ခွန်အားပြည့်ဝစေပြီး စိတ်ကို သန့်ရှင်းကြည်လင်စေနိုင်ခြင်း

၆. ပြောင်ခေါင်းစိမ်းဖြင့် ပြုလုပ်သော ခွက်ကို အသုံးပြု၍ ဆေးဝါးများကို သောက်သုံးပါက
    ဆေးဝါးအစွမ်း ပို၍ ထက်မြက်စေခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြောင်း သိရပါတယ်။
+++++++++++++++++++++++++++++++++++++++++

09 SEPTEMBER
စက်တင်ဘာဖွားများအတွက် နီလာ


   စက်တင်ဘာ မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၉ရှိပြီး
ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်
ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အဝါရောင်၊ ခရမ်းရောင်၊
ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်..
အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိ
ဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော
ကျောက်များ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊
ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့မှ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့် ပြုလုပ်ထားသော အိုး၊
ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံး
သွားကြောင်း သိမှတ်ရပါတယ်..

နီလာကို ဝတ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ

၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း

၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း

၃. ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း

၎. အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊
    မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း

၅. နီလာ ဝတ်ဆင်ထားသူသည် တစ်စုံတစ်ရာသော မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု
    ပြုလုပ်ပါက ဝတ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း

၆. ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++

10 OCTOBER
အောက်တိုဘာဖွားများအတွက် ကြောင်မျက်ရွဲ


   အောက်တိုဘာလ မွေးဖွားသူများ ဆောင်ရမဲ့ အဆောင်ကျောက်မှာ မာခြင်းအဆင့်
၅.၅ မှ ၆.၅ အထိရှိသော အိုပယ်ခေါ် ကြောင်မျက်ရွဲ ဖြစ်ပါတယ်.. မင်္ဂလာနှစ်ပတ်လည်
၁၄နှစ်မြောက် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. ကြောင်မျက်ရွဲတွင် ရေပါဝင်မှုနှုန်း
မြင့်မားသောကြောင့် အလွန်ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်ကြောင်း သိရပါတယ်..
ကြောင်မျက်ရွဲကို ၄င်းထံတွင်ပါဝင်သော ရောင်စဉ်များ ယှက်ဖြာနေမှု အနည်းအများကို
လိုက်ပြီး အဆင့်အတန်း ခွဲခြားကြပါတယ်.. အကောင်းဆုံး ကြောင်မျက်ရွဲတွင် အပြာရောင်၊
အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပြာနုရောင်၊ ခရမ်းရောင် စသဖြင့်
အရောင်မျိုးစုံ ပေါင်းစပ်ထားသောကြောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ
လှပစွဲမက်ဖွယ် ကောင်းလှပါတယ်.. သို့သော် ကြောင်မျက်ရွဲအားလုံးမှာ ၄င်းအရောင်များ
အားလုံး တွေ့ရမည်မဟုတ်ဘဲ အများအားဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပသော အပြာရောင်
ထဲတွင်မှ အချို့တွင် အစိမ်းရောင်များ၊ အချို့မှာ အဝါရောင်နှင့် အစိမ်းရောင်စဉ်များ၊
အချို့တွင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့် ရောင်ပြေးများ ပေါင်းစပ် ပါဝင်နေလေ့
ရှိပါတယ်။ ကြောင်မျက်ရွဲကို နို့နှစ်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အညိုရောင်မှ စ၍
အနက်ရောင်ထိ ရှိတတ်သော်လည်း အနက်မှာ ရှားပါးပြီး တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်
ကြပါတယ်… သြစတြေးလျသည် ကမ္ဘာပေါ်တွင် အိုပယ်(ကြောင်မျက်ရွဲ) အများဆုံး
ထွက်သောနိုင်ငံဖြစ်ပါတယ်။

ကြောင်မျက်ရွဲနှင့်ပတ်သက်၍

၁. ဝတ်ဆင်သူအား ပျော်ရွှင်စေနိုင်ခြင်း၊ ၄င်းကို ဝတ်ဆင်ထားသူသည်
    စိတ်ပျော်ရွှင် ကြည်လင်နေပါက ကြောင်မျက်ရွဲမှာ အရောင်ပိုမိုတောက်ပ
    လင်းလက်နေတတ်ပြီး၊ စိတ် လေးလံထိုင်းမှိုင်းနေပြီး၊ မပျော်မရွှင် စိတ်ညစ်နေသည်
    ဆိုပါက ၄င်းကျောက်အရောင်ပါ မှေးမှိန် ဖျော့တော့ သွားစေနိုင်ခြင်း

၂. မျက်စိနှင့်ပတ်သက်သော ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ခြင်းနှင့်
    မျက်စိရောဂါများကို ပျောက်ကင်း သက်သာစေနိုင်ခြင်း

၃. သိဒ္ဓိများနှင့်  ပြည့်စုံစေခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မှတ်ဥာဏ်ကောင်းစေခြင်း၊
    အမြော်အမြင် ကြီးမားလာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++

11 NOVEMBER
နိုဝင်ဘာလဖွားများအတွက် ဥဿဖရား


   နိုဝင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်
ရှိသော ဥဿဖရားကျောက် ဖြစ်ပါတယ်… ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏
အရောင်နှင့် တူသောကြောင့် ဝါရွှေတောက်ပကာ လင်းလက်လှပသော အရောင်အဆင်း
ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင်
စသည့် ရောင်စဉ်များ ယှက်ဖြာ ပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊
ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်
လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်း မြင့်မားတတ်
ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး
ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့
ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်..
တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ ဥဿဖရား အရိုင်းတုံးအဖြစ်
မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ
အလွန်လှပစွဲမက်ဖွယ် အပြာရောင်ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်..
နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ
အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့
ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်
ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော
အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်
စွမ်းရှိကြောင်း သိရပါတယ်။

ဥဿဖရားတွင်

၁. ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း

၂. မကောင်းသော ရောဂါ၊ အန္တရာယ်တို့မှ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

၃. စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း

၎. ပိုမို လက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊
    စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း

၅. နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း
    စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။
+++++++++++++++++++++++++++++++++++++++

12 DECEMBER
ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ်ကျောက်


   ဒီဇင်ဘာလဖွားများအတွက် အဆောင်ကျောက်မှာ အပြာရောင် တာကွိုက်စ်ခေါ်
မိုးပြာရောင်ကျောက် ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော
စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ
ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့်
ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်
ပါတယ်.. တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင်
တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်
ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ
အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်..
အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင်
တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့်
ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး
ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း
ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။

တာကွိုက်စ်ကျောက်သည်

၁. ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို
    ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂. ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊
    မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း

၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း

၎. စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊
    ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း

၅. အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း

၆. စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့်
    အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။

(ချော) အစိမ်းရောင်လွင်ပြင်

No comments:

Post a Comment