မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, September 21, 2018

shangri-la (သို့မဟုတ်) ရှန်ဗဲလား (သို့မဟုတ်) သူတော်စင်တို့ရဲ့နေရာ




shangri-la (သို့မဟုတ်) ရှန်ဗဲလား (သို့မဟုတ်) သူတော်စင်တို့ရဲ့နေရာ

(သူတော်စင်တို့ နယ်မြေဆိုတာ ရှိ/မရှိ အငြင်းပွားနေစရာ မလိုအပ်ဘူးလို့ ထင်ပါတယ်..
အလင်းနဲ့အမှောင်၊ အပူနဲ့အအေး စတဲ့ ဆန့်ကျင်ဘက်တွေ ဒွန်တွဲနေတဲ့ လောကကြီးမှာ
ငရဲနဲ့နိဗ္ဗာန် ဆိုတာ အများစုက လက်ခံထားကြပါတယ်။
ဒီနေရာမှာ တစ်ခုတော့ရှိတာပေါ့လေ... လောဘ၊ ဒေါသ၊ မောဟ တွေ၊ နဲ့ မီး ၁၁ မီး
လောင်မြိုက်နေတဲ့ သာမန်ပုထုဇဉ်တွေအတွက်တော့ ငရဲနဲ့တူတဲ့ ကပ်သုံးပါကို လက်ငင်းဒိဌ မြင်တွေ့နေကြရပေမယ့် ပုထုဇဉ်အရာမဟုတ်တဲ့ သူတော်စင်တွေနေရာကိုတော့ ငါးပါးသီလတောင် မလုံခြုံသေးတဲ့ ပုထုဇဉ်တွေ မှန်းဆကြည့်လို့ ဘယ်လိုများ ရနိုင်ပါ့မလဲလေ... မျက်မမြင်ပုဏ္ဏားတွေ ဆင်ကိုစမ်းပြီး မှန်းဆပြောနေသလိုသာ ဖြစ်နေမယ် ထင်ပါတယ်...



နေရာဒေသအနေနဲ့လည်း တရုတ်မှာ၊ အိန္ဒိယမှာ၊ တိဘက်မှာ၊ နီပေါမှာ ဆိုပြီး အမျိုးမျိုး ဖော်ပြကြတော့ ဖတ်သူတွေလဲ ဝေဝါးနေမှာပါ. ဒါပေမယ့် မြေပုံချကြည့်လိုက်ရင်တော့ ရွှေတြိဂံဒေသလို ရှင်းရှင်းလေး မြင်ရမှာပါ... လာအိုကပဲသွားသွား၊ ယိုးဒယားကပဲသွားသွား မြန်မာပြည်ကပဲသွားသွား သူကကြားထဲမှာ ရှိနေတာမို့ ဘယ်နိုင်ငံမှာဆိုရင် သူ့ဟာနဲ့သူတော့ မှန်နေသလိုပါဘဲ။ ဥပမာ ဧဝရက်တောင်လိုပေါ့ အိန္ဒိယ၊ ဘူတန်၊ တရုတ်၊ တိဘက် ဘယ်ကပဲသွားသွား သူက အဲဒီနိုင်ငံတွေကြားထဲမှာပါ။


မြေပုံပေါ်မှာကြည့်လိုက်ရင် ရှန်ဂရီလာဆိုတာ (မဟာမြိုင်ပဲဆိုဆို၊ ဧဒင်ဥယျာဉ်ပဲဆိုဆို၊ သူတော်စင်တို့ နေရာပဲပြောပြော) နီပေါနိုင်ငံရဲ့အလယ် မြောက်ဖက်စွန်းမှာ တည်ရှိနေပါတယ်။ နိပေါဘုန်းတော်ကြီး တွေက အဲဒီနေရာကို ရှမ်ဗဲလားလို့ ခေါ်ကြပါတယ်လို့ Discovery ရုပ်သံလိုင်းက အရောက်သွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အချိန်မှာ ပြောပြခဲ့တာကို တွေ့လိုက်ရပါတယ်။ နောက်ပြီး အဲဒီဘုန်းကြီး ဆက်ပြောတာက ရှန်ဂရီလာဒေသကို သွားလို့ရနိုင်ပေမယ့် သူတော်စင်တို့ရဲ့နေရာ ရှန်ဗဲလားကိုတော့
သာမန်ရုပ်ခန္ဓာကိုယ်နဲ့ မရောက်နိုင်ပါဘူးတဲ့.. အဲဒီရောက်ချင်ရင် ခင်ဗျား တရားထိုင်ပြီးသွားမှ ရနိုင်မယ်လို့ ဆိုပါတယ်။ ဟိမဝန္တာတောင်ကြောပေါ်မှာ တည်ရှိနေတဲ့ နီပေါနိုင်ငံ ဆိုတာကလည်း တခြားနိုင်ငံတွေထက် ထူးခြားနေတာကတော့ အမှန်ပါပဲ... အထက်က ဆိုခဲ့သလို နီပေါနိုင်ငံမြေပုံကိုကြည့်လိုက်ရင် မြို့တော် ခတ္တမန္ဒူရဲ့ အရှေ့မြောက်ဖက်မှာ လက်ငင်းဒိဌ မျက်မြင်တွေ့ကြုံခံစားနိုင်တဲ့ ဧဝရက်တောင်ကြီးက ..


( ဧဝရတ်တောင်၏ အမြင့်ကို ပထမဆုံး တွက်ထုတ်ခဲ့သူမှာ အိန္ဒိယ သင်္ချာပညာရှင် Radhanath Sikdar ဖြစ်သည်။ သူက ၂၉၀၀၂ပေအဖြစ်တွက်ချက်ခဲ့ရာ ကမ္ဘာ့အမြင့်ဆုံး ဖြစ်ခဲ့သည်။ လက်ရှိအချိန် တွင် ၂၉၀၃၅ ပေ အဖြစ် အတည်ပြုထားသည်။)


ကမ္ဘာသိ ထင်ထင်ရှားရှား ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းစုံက လူပေါင်းစုံတွေ ဒီကနေ့ထိ တက်လိုက် ဆင်းလိုက် လုပ်နေကြတဲ့နေရာပါ။ နီပေါနိုင်ငံနဲ့ ဧဝရက်တောင် အားလုံးသိကြတာပေါ့.. အဲ မြို့တော်ခတ္တမန္ဒူရဲ့ အနောက်မြောက်ဖက်က ရှန်ဂရီလာ ကိုတော့ ဧဝရက်တောင်လောက် လူတွေမသိ ကြသလို သွားလဲ မသွားကြပါဘူး... သွားရောက်ကြည့်ရှုမယ်ဆိုရင် အဲဒီ ရှန်ဂရီလာလို့ခေါ်တဲ့ နီပေါနိုင်ငံ အလယ်ပိုင်းက မြောက်ဖက်စွန်း mustang ဒေသဟာ အမြင့်ပေ ၁၂၅၀၀ (၃၈၁၀ မီတာ)မှာ တည်ရှိပြီး
သူတော်ကောင်းတွေ တရားအားထုတ်ရာနေရာကို မြင့်မားမတ်စောက်တဲ့ တောင်နံရံတွေပေါ်က ဂူပေါက်ငယ်တွေ အမြောက်အမြားနဲ့ ဘာအပင်မှမရှိတဲ့ တောင်တန်းတွေကိုသာ တွေ့မြင်ကြရမှာ  ဖြစ်ပါတယ်။ ပုံတွေမှာ မြင်တွေ့နေရသလို သာမန်လူတွေအနေနဲ့တော့ ကြိုးတွေ၊ လှေကားတွေ အသုံးပြုရင်တောင် ဂူထဲရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း ရှန်ဗဲလား၊ စုံတောမြိုင်၊ မဟာမြိုင်၊ ဧဒင်ဥယျာဉ် ဘယ်လိုပဲဆိုပါစေ...


သူတော်စင်၊ သူတော်ကောင်းတွေ မွေ့ပျော်တဲ့အရပ်ကို ကျနော်တို့လို သာမာန်ပုထုဇဉ် လူသားတွေ အတွက်တော့ တိတိကျကျမသိနိုင်ဘဲ ဝိုးတိုးဝါးတားနဲ့ ဖြစ်နေမယ်ဆိုလဲ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး...


နီပေါနိုင်ငံအလယ်ပိုင်း ဟိမဝန္တာတောင်တန်းတွေပေါ်က ရှန်ဂရီလာဆိုတဲ့ဒေသမှာ တည်ရှိနေတဲ့ ဂူပေါက်ငယ်လေးတွေဟာ သောင်းနဲ့ချီ ရှိနေပြီး နှစ်ပေါင်းထောင်ချီတဲ့ သက်တမ်းလည်း ရှိနေပြီဖြစ်သလို အဲဒီဂူပေါက်တွေက မြေပြင်ကနေ အမြင့်ပေ ၁၅၀ ကျော်မှာ တည်ရှိနေတာမို့ လေ့လာဖို့ရောက်ရှိလာသူ တွေကို ဘုန်းတော်ကြီးတွေက တရားထိုင်တဲ့နေရာတွေ ဖြစ်ပါတယ်လို့ ပြောပြနေစေကာမူ တချို့ဝိဇ္ဇာပညာ ရပ်တွေက အနောက်တိုင်း သိပ္ပံပညာရှင်တွေအတွက်ကတော့ မဖော်ထုတ်နိုင်သေးတဲ့ ပဟေဠိတွေ ဖြစ်နေဆဲပါ။ ဂူငယ်လေးများမှာ အတန်အသင့် ကျယ်ဝန်းမှုရှိပြီး အချို့ ဂူနံရံများပေါ်တွင် ရှေးခေတ်က ဆေးရေးပန်ချီများ ရေးဆွဲထားပါသည်။ အဲဒီအရပ်ကို ကိုယ်တိုင်သွားရောက်ချင်ရင်တော့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ကနေ လေယာဉ်ကွင်းရှိတဲ့ Jomsom မြို့ကို လေယာဉ်စီးသွားရမှာပါ။ အဲဒီကမှတဆင့် ကားနဲ့ သွားလို့ရတဲ့ မီတာအနည်းငယ်လောက်ကို Chusang အထိ သွားရောက်ပြီး ကျန်တဲ့ခရီးစဉ်ကိုတော့
ခြေလျင်ခရီးဆက်ရမှာပါ။(မြေပုံတွင်ကြည့်ပါ)


ပေပေါင်းနှစ်သောင်းနီးပါးမြင့်တဲ့ တောင်တွေပတ်လည် ဝိုင်းရံနေပြီး လူသူရောက်ပေါက်ဖို့ရာ မလွယ်ကူတဲ့ နေရာဖြစ်တာမို့ တိတ်ဆိတ်အေးချမ်းနေတာကတော့ အမှန်ပါပဲ။


မှတ်ချက်ပြုရမယ်ဆိုရင်... သူတော်ကောင်းတွေရဲ့နေရာဆိုတာ ပုထုဇဉ်တွေရဲ့အရာ
မဟုတ်တာမို့... အမျိုးမျိုးအဖုံဖုံ မှန်းဆနေရုံသာ ရှိနေဦးမည်ဖြစ်ပါကြောင်း...


(ခုပုံလေးတွေကြည့်နေရင်းနဲ့ ကျော်အောင်စံထားဆရာတော်ကို မဟာမြိုင်ဆရာတော်ကြီးက မဟာမြိုင်တောထဲ အလည်ခေါ်သွားတုန်းက ကျော်အောင်စံထားဆရာတော် တွေ့မြင်ခဲ့ရတဲ့ ဂူပေါက်လေးတွေကို စိတ်အာရုံမှာ ပြေးမြင်မိလိုက်ပါတယ်... သို့သော် အထက်မှာပြောခဲ့သလိုပါပဲ... သူတော်ကောင်းတွေရဲ့အရာကို ငါးပါးသီလတောင်မှ မလုံခြုံသေးတဲ့ ပုထုဇဉ်တစ်ယောက်အနေနဲ့ မှတ်ချက်ပြုဖို့ရာဆိုတာ မကြံစည်အပ်တဲ့အရာလို့ ခံယူထားတာမို့ ဒီအတွက်တော့ ဘာမှတ်ချက်မှ 
ပေးရန် မရှိပါကြောင်း...

စာဖတ်သူများ ဗဟုသုတအလို့ငှာ ရှန်ဂရီလာနှင့်ပတ်သက်၍ တွေ့မိသော
ပို့စ် ၂ ခုကို အောက်တွင် ဖော်ပြပေးခဲ့ပါသည်။ )

facebook link -
https://www.facebook.com/permalink.php?story_fbid=1757950347819926&id=100008149329661

No comments:

Post a Comment