ချစ်စွာသော ညီငယ် ညီမငယ်များသို့
----------------------------------------------
⇒ ဒီဘလော့ဂ်ပေါ်မှာ ဝင်ရောက်ဖတ်ရှုနေသူအများစုဟာ စာရေးသူထက် အသက်အရွယ် ငယ်ရွယ်သူတွေက များလိမ့်မယ်လို့ ယူဆတာကြောင့် ဒီအသုံးအနှုံးလေးကို ခေါ်ဝေါ်လိုက်ပါတယ်။----------------------------------------------
⇒ နောက်တစ်ခါ ဒီကနေ့တင်ပြမယ့် ဆောင်းပါးလေးဟာ “ဗုဒ္ဓဘာသာဝင်” ရယ်လို့ ကိုယ့်ကိုယ်ကို နာမည်ခံထားကြပေမယ့် ကိုယ့်ရဲ့ ဘာသာ အယူဝါဒအကြောင်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိကြသေးတဲ့ ညီငယ်ညီမငယ်များကို ရည်ရွယ်သမှု ပြုခြင်းကြောင့်လည်း ဒီအသုံးအနှုံးလေးကို သုံးခြင်းဖြစ်ပါတယ်။
⇒ ညီငယ်ညီမငယ်များတို့ ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာ “ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ” ရယ်လို့ အယူဝါဒကြီး (၄)ခု ရှိပါတယ်။ အခြားသော လူနည်းစုတွေ ကိုးကွယ်ကြတဲ့ “ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာ” တို့ကိုပါ ရေတွက်မယ်ဆိုရင်တော့ ဘာသာအယူဝါဒက (၄)မျိုး မကဘူးပေါ့။ ဒါပေမယ့် အဓိက လူဦးရေအများဆုံး ကိုးကွယ်ကြတာကတော့ ဒီဘာသာကြီး (၄)ခုပါဘဲ။
⇒ စာရေးသူ လေ့လာမိသလောက်ပြောရရင် မိမိကိုးကွယ်ရာ ဘာသာအကြောင်းကို တဖက်သား နားလည် သဘောပေါက်အောင် ရှင်းပြနိုင်တဲ့ နေရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ အားနည်းကြတယ်လို့ တွေ့မိတယ်။ လူငယ်ဘဝလောက်မှာကို ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ၊ အစ္စလာမ်ဘာသာ ကိုးကွယ် သူတွေဟာ သူတို့ဘာသာအကြောင်းကို ရေရေလည်လည် ပြောတတ်ကြတာကို တွေ့ရပေမယ့် စာရေးသူတို့ ဗုဒ္ဓဘာသာလူငယ်များကြတော့ ကိုယ့်ဘာသာအကြောင်းကို တစ်ဖက်သား နားလည်အောင် ရှင်းမပြနိုင်တာကို တွေ့ရပါတယ်။
ဒါ့ကြောင့် ဒီဆောင်းပါးအခန်းဆက်လေးတွေကို ဖတ်ပြီးရင်တော့ ကိုယ့်ဗုဒ္ဓဘာသာဟာ ဘယ်လို အယူဝါဒ ဆိုတာကို ကိုယ်တိုင်လည်း သဘောပေါက်နားလည် ၊ သူများကိုလည်း သဘောပေါက် နားလည်အောင် ရှင်းပြနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
⇒ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားတိုင်းဟာ လူတွေကို ပိုမိုယဉ်ကျေးလိမ္မာအောင် ဆုံးမခဲ့ကြတဲ့ ဘာသာတရားချည်းသာ ဖြစ်ပါတယ်။ “သီလ” လို့ခေါ်တဲ့ အခြေခံ “လူ့ကျင့်ဝတ်” ပိုင်းဆိုင်ရာမှာ ဘာသာတရား တစ်ခုနဲ့ တစ်ခုမှာ ကွာခြားမှု သိပ်မရှိလှပါဘူး။ လူတွေကို ပိုမိုယဉ်ကျေးမှုရှိပြီး၊ လူအချင်းချင်း ညှာတာထောက်ထားစိတ်တွေ တိုးပွားလာအောင်၊ လူတို့ရဲ့ သဏ္ဍန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မာန တရားတွေ နည်းပါးလာအောင် သင်ကြားပေးကြတဲ့ ဘာသာချည်းပါဘဲ။
⇒သို့သော် “အန္တိမပန်းတိုင်” လို့ခေါ်တဲ့ ဘာသာတရားတိုင်းရဲ့ နောက်ဆုံးရည်မှန်းချက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဟာ ကျန်ဘာသာ အယူဝါဒတွေနဲ့ သိသိသာသာကြီး ကွဲပြားခြားနားနေတာကို တွေ့ရပါ လိမ့်မယ်။ နောက်ပြီး ဒီပန်းတိုင်ဆီကို သွားတဲ့ နည်းလမ်းခြင်းလည်း ကွာခြားနေကြပါတယ်။
⇒ ဒါဟာ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာတရားတစ်ခုကို တည်ဆောက်ထားတဲ့ မူလအခြေခံ အုတ်မြစ်အခြေခံခြင်း ကွာခြားမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုအခြေခံတွေမှာ ကွာခြားကြတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။
(၁) အခြားသော အယူဝါဒတွေမှာ “ဖန်ဆင်းရှင်” ဆိုတာ ရှိတယ်။ လူအပါအဝင် (သတ္တလောက) နဲ့ တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်ဆိုတဲ့ (သြကာသလောက)ကြီးကို ခရစ်ယာန်မှာ ထာဝရ က ၊ အစ္စလာမ်မှာ အလာဟ်အရှင် က၊ ဟိန္ဒူမှာ မဟာဗြမ္မာကြီး က ဖန်ဆင်းတယ်လို့ အယူရှိတယ်။ ယုံကြည်တယ်။
⇒ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် မရှိဘူး။ တန်ခိုးရှင်မရှိဘူး။ သတ္တလောကကြီးနဲ့ သြကာသ လောကကြီး ဖြစ်ပေါ်လာရတာဟာ သတ္တဝါ အနန္တရဲ့ “စိတ်” ကြောင့်သာဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ အဲဒီ စိတ်က ဘယ်လို စိတ်မျိုးလည်းဆိုတော့ “တဏှာ” ဦးစီးတဲ့ “စိတ်”။ တဏှာဆိုတာ ပါဠိစကားဖြစ်ပြီး“တောင့်တခြင်း၊ လိုချင်ခြင်း၊ စွဲမက်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ရာဂ၊ လောဘ၊ ကပ်ညိခြင်း” ဆိုတဲ့ သဘောတရားတွေအားလုံး ပါဝင်နေတယ်။ ဒီလို “တဏှာနဲ့ ယှဉ်တဲ့စိတ်” ကြောင့် သတ္တလောကကြီးဟာ ပေါ်ထွန်းလာရတာဖြစ်တယ်။
“စိတ်” ဟာ အရာအားလုံးထက် ဆန်းကျယ်တယ်။ ယနေ့ခေတ်မှာ အလွန်ဆန်းကျယ်လှတဲ့ သိပ္ပံပညာနဲ့ တီထွင်ထားသမျှ လူ့ပစ္စည်း၊ လူ့အသုံးအဆောင် ဟူသရွေ့ဟာ “စိတ်”ဆိုတဲ့ အရာနဲ့ဖန်ဆင်းထားကြ တာဘဲ မဟုတ်ဘူးလား။ စိတ်ကူးကောင်းရင် ကောင်းသလောက် တီထွင် နေကြတာဘဲ မဟုတ်ပါလား။
(၂) အခြားဘာသာအားလုံးမှာ God လို့ခေါ်တဲ့ ဘုရားဟာ လူသားတွေရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ကို ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး။ God ဟာ ထာဝရ တည်မြဲတယ်။ သူ့ကိုတော့ ဘယ်သူကမှ ဖန်ဆင်းထားတာမဟုတ်ဘူး။ ဘယ်သူကမှလည်း မဖျက်ဆီးနိုင်တဲ့ အနန္တ တန်ခိုးရှင်ဖြစ်တယ်။
⇒ ဗုဒ္ဓဘာသာမှာတော့ “ဘုရား” ဆိုတာ “လူသားစစ်စစ်” ဖြစ်တယ်။ ဖန်ဆင်းရှင် မဟုတ်ဘူး။ လူသားဆိုပေမယ့် ရိုးရိုးလူသားတော့ မဟုတ်ဘူး။ “မဟာလူသား ဗုဒ္ဓ” ဖြစ်တယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လို့ခေါ်တဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဘ၀ပေါင်း အသင်္ချေကို ပါရမီဖြည့်ဆည်း ခဲ့တဲ့ ပုဂ္ဂိုလ်ထူးဖြစ်တယ်။ လူလူခြင်းမှာတော့ “ဗုဒ္ဓ” ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ အသိဉာဏ်အရာ၊ ပညာအရာ၊ ပါရမီအရာ၊ တန်ခိုးအရာ၊ မေတ္တာတရားအရာ၊ ဂရုဏာတရားအရာ ယှဉ်နိုင်သူ မရှိတဲ့ မဟာလူသား ဖြစ်တယ်။ လူသားဖြစ်လို့ “သေခြင်း” ဆိုတဲ့ သဘောတရားရှိတယ်။ ဒါကြောင့် “ပရိနိဗ္ဗာန်” ပြုရတယ်။ ဒါပေမယ့် “ဗုဒ္ဓဘုရားရှင်” ရဲ့ ဘဝဟာ နောက်ဆုံးဘဝဖြစ်ပြီး ဒီဘဝရဲ့ သေခြင်းပြီးရင်တော့ “အ,မတံ” လို့ခေါ်တဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်း” ကင်းရာ “နိဗ္ဗာန်” ကို အပြီးအပြတ် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
(၃) အခြားဘာသာတွေရဲ့ ထာဝရဘုရားတွေဟာ လူသားအားလုံး ကယ်တင်ရှင်တွေ ဖြစ်တယ်။ ထာဝရဘုရားတွေရဲ့  ကယ်တင်ခြင်းကို “ဘုရားသခင် အပေါ်မှာယုံကြည်ခြင်း”ဖြင့် ရနိုင်တယ်လို့ ယုံကြည်ကြတယ်။ “ယုံကြည်ခြင်း” အဓိက ဝါဒတွေဖြစ်တယ်။
⇒ ဗုဒ္ဓဘုရားရှင်ဟာ “ကယ်တင်ရှင်” မဟုတ်ဘူး။ “နည်းပေးလမ်းပြသူ” သာဖြစ်တယ်။ “ဗုဒ္ဓ” ဆိုတဲ့ ဝေါဟာရဟာ “ကိုယ်တိုင် ကျင့်ကြံသိမြင်သောတရားများကို အခြားသူများအားလည်း နားလည်သဘော ပေါက်အောင် ဆိုဆုံးမ ညွှန်ပြနိုင်သူ” လို့ အဓိပ္ပါယ် ရတယ်။ ဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ရာ “ယုံကြည်ခြင်း” သက်သက်ဖြင့် မရနိုင်ဘူး။ “ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်း” ဖြင့်သာ ရရှိနိုင်တယ်လို့ ဗုဒ္ဓက အတိအလင်း ပြောခဲ့ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ မှားယွင်းသော ယုံကြည်ခြင်း “အ,သမာဒိဋ္ဌိ” ရှိခဲ့ရင် လွတ်မြောက်မှုကို မရနိုင်ဘဲ “ဒုက္ခဆင်းရဲတွင်း” ကို ပိုမိုနက်ရှိုင်းစေပြီး “သံသရာ” ကို
ပိုမို ရှည်လျားစေနိုင်တယ်လို့ ဆိုဆုံးမခဲ့တယ်။
(၄) အခြားသော အယူဝါဒတိုင်းလိုလိုဘဲ လူမှာ “အတ္တ” လို့ခေါ်တဲ့ မကွယ်ပျောက်နိုင်တဲ့ သဘောတရား တစ်ခုရှိတယ်။ အဲဒီ သဘောတရားကို ဟိန္ဒူဝါဒက “အတ္တ” လို့ခေါ်ပြီး နောက်ဆုံးမှာ “မဟာဗြမ္မာကြီး” နဲ့ သွားရောက်ပူးပေါင်းတယ်လို့ အယူရှိတယ်။ ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ဝိဉာဉ် ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
⇒ ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ဝိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒ ဖြစ်တယ်။ ဗုဒ္ဓဝါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ဝါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ် ဘဝပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းသွားလာ နေတဲ့ ဝိဉာဉ် (ခေါ်) အတ္တကောင် မရှိပါဘူး။
⇒ မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာတောင် ဒီလို ဝိဉာဉ် ရှိတယ်လို့ မှားယွင်း ယူဆနေကြပါတယ်။ Soul , Ghost လို့ခေါ်တဲ့ လူသေပြီးရင် ကိုယ်ခန္ဓာထဲက ထွက်သွားတဲ့ အရာတစ်ခုလို့ ရှိတယ်လို့ ယူဆတာဟာ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်များ သတိပြုကြပါ။
⇒ ညီငယ်ညီမငယ်များတို့။ Ghost ဟာ လူသေပြီးတာနဲ့ ချက်ခြင်းဖြစ်လာတဲ့ “ဒုတိယ” ဘဝတစ်ခုသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ “ပြိတ္တာ” လို့ခေါ်တဲ့ ဘုံဘဝမျိုးဖြစ်တယ်။ ဒီဘက်က လူတစ်ဦးကွယ်လွန်ပြီး “စုတိ” စိတ်ပြီးတာနဲ့ ဟိုဘက်မှာ “ပဋိသန္ဓေ” စိတ် ချက်ခြင်း(အခြားမရှိအောင်) ဖြစ်တာမို့ ပြိတ္တာကောင် အဖြစ် “ဘွား” ကနဲဖြစ်လာတာကို “၀ိဉာဉ်” လို့ ယူဆနေကြတာဖြစ်တယ်။ ဘဝကူးပြောင်းတာ မြန်လွန်းလို့ အဲဒီပြိတ္တာကောင်ဟာ သူ့ကိုယ်သူ ယခင်ဘဝက ပုဂ္ဂိုလ်လို့ မှားယွင်း ယူဆနေမိတတ်တယ်။
နောက် အချိန်ကြာလာမှသာ သူဟာ ဘဝသစ်တစ်ခုကို ရောက်ရှိလာတာဖြစ်တယ် ဆိုတာကို နားလည်လာခြင်းမျိုး ဖြစ်ပါတယ်။
⇒ ဗုဒ္ဓဘာသာမှာ “နောက်ဘဝ” ဆိုတာ ရှိတယ်။ အဲဒီ နောက်ဘဝဆိုတာဟာ “ယခု ပစ္စုပ္ပန်ဘဝ” နဲ့ “ယခုဘဝမတိုင်မှီ ဘဝပေါင်း များစွာက” ပြုခဲ့တဲ့ “ကောင်းမှုကံ/မကောင်းမှုကံ” တွေကို စံစား/ခံစားဖို့ အတွက် ပေါ်ပေါက်လာရတဲ့ “အကျိုးရလဒ်” တစ်ခုသာဖြစ်တယ်။ ဒီလို ဘဝတစ်ခုနဲ့ တစ်ခု အဆက်ပြတ် မသွားအောင် ဆက်စပ်ပေးနေတဲ့အရာကတော့ အထက်ကပြောခဲ့တဲ့ “တဏှာ” ဘဲဖြစ်တယ် ။ ဒီလို ဘဝတစ်ခုနဲ့ တစ်ခု ကူးပြောင်းနေရတာဟာ “အကြောင်းတရား၊ အကျိုးတရား” ဆက်စပ်မှု နိယာမ သာလျှင်ဖြစ်ပြီး ဒီဖြစ်စဉ်ထဲမှာ “အတ္တ” ခေါ် “ဝိဉာဉ်” ကောင် လုံးဝမပါပါဘူး။
⇒ ဒီဘက်ဘဝတွေက လုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကို ခံစားစံစားဖို့အတွက် ရှေ့ဘဝမှာ သူနဲ့သင့်လျှော်တဲ့ “ရုပ်၊ နာမ်၊ ခန္ဓာ” ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ အမည်နာမ တပ်မယ်ဆိုရင်တော့
“လူ၊ နတ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲကောင် . .” စသည်ဖြင့် အမည်ပညတ် တပ်လို့ရပေမယ့် စင်စစ်တော့ အကြောင်းကြောင့် အကျိုးတရားဖြစ်ထွန်းနေရတဲ့ “သံကွင်းဆက်လို” အစဉ်အဆက် တန်းနေတဲ့ ကွင်းဆက် တွေသာ ဖြစ်ပါတယ်။ ဒါကိုဘဲ ဗုဒ္ဓဘာသာမှာ “သံသရာ” လို့ ခေါ်ဝေါ်နေကြပါတယ်။
⇒ ဒီဘဝပုဂ္ဂိုလ် နဲ့ နောက်ဘဝက ပုဂ္ဂိုဟ်တို့ဟာ တစ်ဦးတည်း မဟုတ်သလို အခြားလူလည်း မဟုတ်ပါဘူး။ ဥပမာ ပြရရင် ရန်ကုန်ကနေ မန္တလေးကို စာတိုက်ကနေ ငွေလွှဲလိုက်တဲ့အခါ ဟိုဘက်မှာ ထုတ်ယူရမယ့်ငွေဟာ ရန်ကုန်စာတိုက်က ငွေစက္ကူတွေ မဟုတ်ပါဘူး။ အရေအတွက် ပမာဏခြင်းတူတယ်။ ဒါပေမယ့် ရန်ကုန်ငွေစက္ကူတွေ မန္တလေးကို ရောက်သွားတာမဟုတ်ပါဘူး။ ဟိုဘက်ကလူကတော့ မန္တလေးစာတိုက်မှာ ရှိတဲ့ငွေစက္ကူတွေပဲ ထုတ်ယူသွားရမှာပါ။ ဒါပေမယ့် အဲဒီငွေဟာ အခြားလား . . ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီဘက်က လွှဲလိုက်တဲ့ “အကြောင်းတရား” ကြောင့် ဟိုဘက်မှာ ထုတ်လို့ရတာမဟုတ်လား။ ဘဝကူးတယ်၊ ဘဝဆက်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ ဒါမှ ဗုဒ္ဓအယူဝါဒ
စစ်စစ်ဖြစ်ပါတယ် ။
(၅) အခြားသော အယူဝါဒတွေနဲ့ ဗုဒ္ဓအယူတို့ကြားမှာ သိသိသာသာခြားနားစေတဲ့ နောက်ဆုံးအရာ ကတော့ “အန္တိမ” ပန်းတိုင် ပဲ ဖြစ်ပါတယ်။ ဟိန္ဒူအယူဝါဒရဲ့ အန္တိမ ပန်းတိုင်ဟာ “မဟာဗြမ္မာ” ဖြစ်တယ်။ မဟာဗြမ္မာကြီးနဲ့ ပူးပေါင်းသွားဖို့ရာ အဓိက ပန်းတိုင် ဖြစ်တယ်။ ခရစ်ယာန် နဲ့ အစ္စလာမ်ဝါဒတွေရဲ့ ပန်းတိုင်ဟာ “ဘုရားသခင်ရဲ့ကောင်းကင်ဘုံ” ဖြစ်တယ်။ ထာဝရ ဘုရား၊ အလာဟ်ရှင်တို့ရဲ့ စည်းမျဉ်း ဥပေဒတွေကို လိုက်နာပြီး “ယုံကြည်ခြင်း” အားဖြင့် “ကောင်းကင်ဘုံ” ကို ရောက်နိုင်တယ်လို့ ယုံကြည်
ကြတယ်။
⇒ ဗုဒ္ဓဘာသာရဲ့ “အန္တိမ” ပန်းတိုင်ဟာ “နိဗ္ဗာန်” ဖြစ်တယ်။ “နိဗ္ဗာန်” ဟာ ဘုံဌာနတစ်ခု မဟုတ်ဘူး။ နေရာဌာနတစ်ခု မဟုတ်ဘူး။ Paradise လို့ခေါ်တဲ့ ကောင်းကင်ဘုံလို နေရာဌာနတွေနဲ့ မနှိုင်းယှဉ် အပ်ဘူး။ “နိဗ္ဗာန်” ဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် တွေ မရှိဘူး။ အချိန်မရှိဘူး။ နေရာမရှိဘူး။ “သန္တိသုခ” လို့ခေါ်တဲ့ အနှိုင်းမဲ့ သုခသာလျှင် ရှိတယ်။ ဘဝပေါင်းများစွာက ဆက်ပြီးရင်း ဆက်လာခဲ့တဲ့ “ဒုက္ခ” ကွင်းဆက်ကြီး ပြတ်တောက် သွားခြင်းဖြစ်တယ်။ ဘဝဆိုတာ မရှိတော့ဘူး။ ဆင်းရဲအပေါင်း ချုပ်ငြိမ်းရာ
ဖြစ်တယ်။ နိဗ္ဗာန်ကို ဘာမှ မရှိဘူးဆိုရင် ဗုဒ္ဓအယူမဟုတ်တော့ပါ ။ နိဗ္ဗာန်ဆိုတာ “အတ္ထိ” ဧကန်ရှိတဲ့ တရားဖြစ်တယ်။ နိဗ္ဗာန်မှာ မရှိတာကတော့ “ဆင်းရဲဒုက္ခ” သာလျှင်ဖြစ်တယ်။ နိဗ္ဗာန်ချမ်းသာကို သာမန် မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ဖြင့် မသိနိုင်ဘူး။ ဒါကြောင့် ကိုယ်သိတဲ့ အသိနဲ့ ယှဉ်ပြီး နိဗ္ဗာန်ချမ်းသာကို နားလည် သဘောမပေါက်နိုင်ကြတာ ဖြစ်တယ်။
⇒ နိဗ္ဗာန်ကို ယုံကြည်မှုသက်သက်ဖြင့် မရနိုင်။ လက်တွေ့ကိုယ်တိုင် ကျင့်ကြံအားထုတ် ခြင်းဖြင့်သာ ရနိုင်တယ်။ ဗုဒ္ဓဘုရားရှင်တို့ မည်သည်လည်း နိဗ္ဗာန်ကို မည်သူတစ်ဦး တစ်ယောက်ကိုမှ လက်တွဲပြီး ခေါ်မသွားနိုင်ပါ။ ကျင့်ကြံရမည့် နည်းလမ်းကိုသာ ညွှန်ပြနိုင်တယ်။ ဒီလိုကျင့်ကြံတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ချမ်းသာကို လက်တွေ့ဒီဘဝမှာဘဲ ခံစားသိရှိနိုင်တယ်။ နောက်ဘဝကို ကူးစရာ မလိုပါ။
“မဂ္ဂင်” လို့ခေါ်တဲ့ အကျင့်အကြံနှင့် နိဗ္ဗာန်ကို ပထမတစ်ကြိမ် မျက်မှောက်ပြုဘူးသူဟာ နောက်ထပ် ဒီဘဝမှာတွင် နိဗ္ဗာန် အရသာကို ထပ်မံခံစားနိုင်တယ်။ (၄)ကြိမ်တိတိ မျက်မှောက်ပြုပြီးရင်တော့ ဒီဘဝမှာတွင် နိဗ္ဗာန်ကို အလိုရှိတဲ့အချိန်မှာ အလိုရှိသလို ခံစားနိုင်တယ် ။ နောက်ဘဝရောက်မှ ခံစားရမှာမျိုး မဟုတ်ဘူး။ အဲဒီလို (၄)ကြိမ်တိတိ နိဗ္ဗာန်ကို မျက်မှောက်ပြု(ခံစား)ပြီး တဲ့ ပုဂ္ဂိုလ်ဟာ
ဒီဘဝ ခန္ဓာကိုယ် ချုပ်ငြိမ်းသွားရင် ထာဝရနိဗ္ဗာန် (အနုပါဒိသေသ နိဗ္ဗာန်)ကို ခံစားရတော့မှာဖြစ်တယ်။
သရဝဏ်
https://www.facebook.com/permalink.php?story_fbid=1585967458351550&id=100008149329661
#MNM0032
No comments:
Post a Comment