မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, September 29, 2018

ရှေးရေစက်


ရှေးရေစက်
---------------
 ■  နာမည်ကျော် ဂျာမန်ဂီတဆရာကြီး မင်ဒယ်လ်ဇွန်း၏ အဖိုးဖြစ်သူ မိုးဇက်မင်ဒယ်လ် ဇွန်းသည် အလွန် အရုပ်ဆိုး၊ အကျည်းတန်သူတစ်ဦး ဖြစ်သည်။ လူက အရပ်ပုပြီး ကျောမှာလည်း ဘုကြီးတစ်ခုရှိကာ ခါးကုန်းနေသည်။ တစ်နေ့တွင် ဟမ်းဘာ့ဂ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူ အလည်ရောက်ရှိခဲ့သည်။

ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချောတစ်ယောက်ရှိသည်။ သူကလေးကို မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်။ သို့သော် ဖရွမ်တီယဲအဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ။
မည်သို့ဖြစ်စေ ပြန်ခါနီးအချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်။ သူမ၏ရုပ်သွင်မှာ ကောင်းကင်ဘုံမှ နတ်မိမယ်ပမာ တင့်တယ်လွန်း လှသည်။ သို့သော် သူ့ကိုကား မျက်လွှာတစ်ချက် ပင့်၍မျှ မကြည့်။ သူ့ရင်ထဲ ကြေကွဲလျက်နှင့်ပင် သူ အကြိမ်ကြိမ် စကားစကြည့်သည်။ မရ။ နောက်တော့ ရှက်ရွံ့စွာပင် သူ စကားတစ်ခွန်း ဆိုသည်။

“ အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့အတိုင်း ဖြစ်ရတယ်ဆိုတဲ့စကား မင်း ယုံသလား” ဟု သူမေးတော့။
“ ယုံတယ် ၊ ရှင်ကော ” တဲ့။ သူမက ခေါင်းငုံ့လျက်ပင် ပြန်ပြောသည်။
“ ကိုယ်လဲ သိပ်ယုံကြည်တာပေါ့ ”ဟု သူက ဆိုသည်။
“ ဒီမှာ ကိုယ်ပြောပြမယ်၊ ယောက်ျားလေးတစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့်အခါတိုင်း လူ့ပြည်မှာ သူနဲ့ထိမ်းမြားရမယ့်မိန်းကလေးဟာ ဘယ်သူ ဘယ်ဝါပဲလို့ ကြေငြာပေးလေ့ရှိတယ်။ ကိုယ့်ကို မွေးလာတဲ့အချိန် ကိုယ်နဲ့လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်ကပြောတယ်...
“ မင်းရဲ့ဇနီးသည်ကတော့ ကျောမှာဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ် ”
တဲ့။
အဲဒီတော့ ကိုယ်က ပြောလိုက်တယ်...
“ မိန်းကလေးတစ်ယောက်အဖို့ ကျောမှာဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲ ဝမ်းနည်းစရာပါ၊ ဒါကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ ကိုယ်ထဲ ထည့်ပေးလိုက်ပါ။ သူ့ကို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ ”လို့ ကိုယ် ပန်ကြားခဲ့တယ်။

သည်စကားကြားတော့ ဖရွမ်တီယဲ မျက်လွှာလေးပင့်၍ ကြည့်သည်။ သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည့် မိုးဇက်၏ရုပ်သွင်ကို ပြန်လည်အမှတ်ရသလို မြင်လာသည်။ မိုးဇက်ထံ သူမလက်ကို ဆန့်တန်း၍ ပေးလိုက်သည်။ ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင် ချစ်ခင်စုံမက်သည့် ထာဝရကြင်ဖက် ဖြစ်သွားခဲ့လေသည်။

ဖေမြင့်
နှလုံးသားအာဟာရ ရသစာများ(၂)
မူရင်း - Barry and Joyce Vissell တို့၏ True Love
facebook link -
https://www.facebook.com/permalink.php?story_fbid=1620201578261471&id=100008149329661&substory_index=4

No comments:

Post a Comment