မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, September 21, 2018

နော်ဝေသင်္ဘောပေါ်လေ့လာခွင့်ရတဲ့ မြန်မာကျောင်းသားလေး


သံအမတ်ကြီးဆီစာရေးသားပေးပို့ခဲ့သော မြန်မာမူလတန်း ကျောင်းသားလေး နော်ဝေသုတေသနလုပ်ငန်းသုံးရေယာဉ် ပေါ်သို့ တက်ရောက်လေ့လာခွင့်ရရှိ
---------------------------------------------------------------
ရန်ကုန်၊ စက်တင်ဘာ ၁၈ - သံအမတ်ကြီးဆီ စာရေးသားပေးပို့ခဲ့သော မူလတန်းကျောင်းသားလေး မောင်ဝေဟင်ထွန်းထွန်း(ခ)၀ီလျံသည် နော်ဝေသုတေသနလုပ်ငန်းသုံးရေယာဉ်ပေါ်သို့ တက်ရောက်  လေ့လာခွင့် ရရှိခဲ့ကြောင်း နော်ဝေသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။





မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နော်ဝေနိုင်ငံမှ သုတေသနလုပ်ငန်းသုံးရေယာဉ် Dr. Fritdjof Nansen ခရီးစဉ်အတွက် နော်ဝေသံရုံးသည် လိုအပ်သည်များကို ပြင်ဆင်နေချိန်တွင် နော်ဝေသံအမတ်ကြီး
ထံသို့ လှပသေသပ်စွာ ခေါက်ထားသည့် စာတစ်စောင် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းစာ မှာ ရန်ကုန်မြို့မှ အသက်ရှစ်နှစ်အရွယ် မူလတန်းကျောင်းသားလေး ၀ီလျံထံမှဖြစ်ကြောင်း၊ ငါး၊ ငါးမန်း နှင့် ဂဏန်းများကို
စိတ်ဝင်စားနှစ်သက်တတ်သူ ၀ီလျံလေးသည် အဆိုပါ ကမ်းရိုးတန်းသွား ရေယာဉ် ကြီးပေါ်တွင် ငါးများ၊ အနုကြည့်မှန်ပြောင်းများ ပါလာမည်ဖြစ်ကြောင်းကို မိခင်ထံမှတစ်ဆင့် ကြားသိခဲ့ရသဖြင့် မိမိမှာ အသက် ရှစ်နှစ်သာရှိသေးသည့် မူလတန်းကျောင်းသား တစ်ဦးပင်ဖြစ်လင့် ကစား အဆိုပါရေယာဉ်ပေါ်သို့ လေ့လာ လည်ပတ်ခွင့်ပြုပါရန် သံအမတ်ကြီးထံ အားကိုးတကြီး တောင်းဆိုလာခဲ့ခြင်းဖြစ်ကြောင်း နော်ဝေသံရုံးက
စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။


ဝီလျံလေးအတွက် Dr. Fritdjof Nansen ရေယာဉ် ပေါ်တွင် လိုက်ပါလာသည့် ရေယာဉ်အမှုထမ်း များက ၀ီလျံနှင့် ၎င်း၏မိခင်တို့အား ရေယာဉ်တစ်ပတ် တာဝန်ယူလှည့်လည်ပြသပေးပါမည်ဟု အကြောင်းပြန်ခဲ့ပြီး
နောက် ၀ီလျံအား ရေယာဉ်မှူးကြီး Aron Håpoldøy ကိုယ်တိုင်မှ လက်ခံကြိုဆိုခဲ့ပြီး ရေယာဉ်အရာရှိချုပ် ကိုယ်တိုင်ကလည်း ရေယာဉ်တစ်လျှောက် လိုက်လံပြသပေးခဲ့ကြောင်း သိရသည်။


အနာဂါတ်တွင် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာမည့် မြန်မာကလေးငယ်တစ်ဦးအား ကမ်းရိုးတန်းသွား
Dr. Fritdjof Nansen ရေယာဉ်ပေါ်တွင် ယခုကဲ့သို့ လက်ခံကြိုဆိုခွင့်၊ လိုက်လံပြသခွင့်ရရှိခဲ့သည့်အတွက်
အထူးပင်ဂုဏ်ယူဝမ်းမြောက်မိကြောင်း နော်ဝေသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

DT
source:Democracytoday
facebook link -
https://www.facebook.com/permalink.php?story_fbid=2256508491297440&id=100008149329661

No comments:

Post a Comment