ဂျာမနီမှ မိသားစုနာမည်များ
-----------------------------------
မိသားစုနာမည်မရှိတဲ့ကျမ ဂျာမနီကိုရောက်တော့ မိတ်ဆွေအသစ်တွေကြား၊ ရုံးဌာနတွေကြားမှာ တော်တော်လေး ကသိကအောက် ဖြစ်ခဲ့ရပါတယ်။ အစပိုင်းကတော့ ကျမတို့ မှာ အရှေ့နာမည် (Vorname) နဲ့ မိသားစုနာမည် (Nachname/Familienname)ဆိုပြီး မရှိကြောင်း စီကာစဉ်ကာ ပြောပြဖြစ်ခဲ့ပါတယ်။
ကြာလာတော့လည်း ခဏခဏအမေးခံရတဲ့ မိသားစုနာမည်နေရာမှာ ကျမနာမည်ရဲ့ နောက်ဆုံးအလုံးကိုပဲ ပေးဖြစ်ပါတော့တယ်။
ကျမက Thomas ရဲ့ မိသားစုနာမည်ကို မယူထားပါဘူး။ ဒီမှာက လက်ထပ်ပြီးရင် မိမိနာမည် အတိုင်း ထားလို့ ရသလို ၊ ယောက်ျားရဲ့ မိသားစုနာမည် ပြောင်းချင်ပြောင်း၊ မိန်းမရဲ့ မိသားစုနာမည်ကို ပြောင်းချင် ပြောင်း မိမိတို့ စိတ်ကြိုက် လုပ်လို့ ရပါတယ်။ အိမ်ထောင်ကျပြီး နှစ်တွေကြာမှ ပြောင်းချင်လည်း ရပါတယ်။
ဂျာမနီမှာက သိပ်မရင်းနှီးသေးတဲ့သူတွေကို မိသားစုနာမည်နဲ့ ပဲ ခေါ်လေ့ရှိပါတယ်။ အလုပ်မှာလည်း
တချို့ တွေက မိသားစုနာမည်နဲ့ ပဲ အချင်းချင်း ခေါ်လေ့ရှိပါတယ်။ ရင်းနှီးသွားတဲ့အခါမှသာ ငါတို့  အရှေ့ နာမည်နဲ့  ပြောကြ ရခေါ်ကြရအောင်လို့  သဘောတူကြပြီး အရှေ့ နာမည်ကို ခေါ်ကြပါတယ်။
ဒီက အရှေ့ နာမည်တွေကတော့ တခြားဥရောပ နိုင်ငံတွေမှာလိုပါပဲ။ Thomas, Peter, Daniel, Anne, Brigitte စသဖြင့်ပေါ့။ မိသားစုနာမည်တွေကြတော့ ကျမစိတ်ဝင်စားမိတယ်။ ဘယ်ကနေ ရလာတာလဲ။
ဘာလို့ ဒီလိုခေါ်တာလဲ စသဖြင့် တွေးမိခဲ့ဖူးပါတယ်။ ဂျာမန်မိသားစုနာမည်တွေ ကလည်း ကျမတို့ နိုင်ငံက နာမည်တွေလို အဓိပ္ပါယ်တွေ ရှိနေတာတွေ့ ရပါတယ်။
ဥပမာ - ဦးချမ်းသာ ဆိုရင် ဂျာမန်လိုတော့ Herr (ဦး) Reich ပေါ့လေ။
ဂျာမန်တွေရဲ့ မိသားစုနာမည်တွေ ဟာ ၁၂ ရာစုကစပြီး ဖြစ်လာတာလို့ သိရပါတယ်။
၁၈၇၅ ကစပြီး တရားဝင် မှတ်ပုံတင်ရုံးမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဂျာမန်တွေရဲ့  မိသားစုနာမည်တွေကို...
အလုပ်အကိုင်နဲ့ ပတ်သက်နေတဲ့နာမည်။ ဥပမာ - Müller( အမှုန့် ကြိတ်တဲ့သူ),
Schneider(အင်္ကျီချုပ်တဲ့သူ) , Becker(မုန့် ဖုတ်တဲ့သူ)
မိဘရဲ့  (အရှေ့ )နာမည်က ဆင်းသက်လာတဲ့နာမည်။
ဥပမာ - Walter, Peters, Martin
တစ်ဦးတယောက်ရဲ့ စရိုက်သွင်ပြင်လက္ခဏာတွေကိုလိုက်ပြီး ပေးထားတဲ့နာမည်။
ဥပမာ - Klein( အသေးလေး) , Schwarz (မဲမှောင်။ ဆံပင်အနက်ရှိတဲ့သူ),
Lange(အရှည်ကြီး), Weiß(ဖြူဖွေး), Jung(အငယ်လေး)
နောက်ပြောင်ပြီးပေးထာတဲ့နာမည်။
ဥပမာ။ Vogel(ငှက်), Winter(ဆောင်းရာသီ), Hahn(ကြက်ဖ)
မိမိတို့ ရဲ့ မွေးရပ်မြေ၊ နေထိုင်ရာဒေသတွေကို အစွဲပြုပြီးဖြစ်ပေါ်လာတဲ့နာမည်။
ဥပမာ - Frank( Franken အရပ်ဒေသကလာတဲ့သူ),
Berger( တောင်ပေါ်ဒေသကလာတဲ့သူ)
တချို့ ကတော့ တခြားနိုင်ငံက၊ တခြားယဉ်ကျေးမှုက လာတဲ့နာမည်တွေပါ။
ဂျာမနီမှာတွေ့ ရလေ့ရှိတဲ့ မိသားစုနာမည်တွေကို ဒီနေရာမှာ ကြည့်လို့ ရပါတယ်။
https://de.wikipedia.org/…/Liste_der_h%C3%A4ufigsten_Famili…
နာမည်တွေဆင်းသက်လာပုံ၊အဓိပ္ပါယ်နဲ့ ဘယ်ဒေသတွေမှာတွေ့ ရလေ့ရှိတယ်
ဆိုတာကို ရှာကြည်ချင်ရင်တော့ ဒီမှာရှာကြည့်လို့ ရပါတယ်။
http://www.namepedia.org/de/lastname/
အခုတော့ နာမည်တွေကို ကြည့်ရင်း စဉ်းစားစရာလေးတွေ ရလာတာပေါ့လေ။
ဟိုရှာဒီရှာနဲ့ မြန်မာနာမည်အကြောင်းရေးထားတာတွေ့ ပါတယ်။
ဒီမှာကြည်လို့ ရပါတယ်။
https://en.wikipedia.org/wiki/Burmese_name
Posted by Shinlay
Friday, 22 October 2010
http://shinlay.blogspot.com/2010/10/blog-post_22.html
Facebook link -
https://www.facebook.com/permalink.php?story_fbid=2010379129243712&id=100008149329661
No comments:
Post a Comment