မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, September 12, 2018

ဒုတိယကမ္ဘာစစ်ကြီးအောင်နိုင်ရေးကို အထောက်အကူပြုခဲ့တဲ့ အညတြတစ်ဦး

David Marshall Williams
ဒုတိယကမ္ဘာစစ်ကြီးအောင်နိုင်ရေးကို
အထောက်အကူပြုခဲ့တဲ့ အညတြတစ်ဦး
-----------------------------------------------


>:< ဒေးဗစ် မာရှယ် ဝီလျံ ဆိုသူကို ၁၉၀၀ ပြည့်နှစ်က မြောက်ကာရိုလိုင်းနားမှာ မွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဉ်က ပညာရေးကို ကောင်းမွန်စွာမသင်ကြားခဲ့ရဘဲ အတန်းပညာတစ်ဝက်တပြက်နဲ့ ကျောင်းထုတ် ခံခဲ့ရသူဖြစ်ပါတယ်။ ဒီ့နောက် သူဟာ အသက် ၁၅ နှစ်အရွယ်မှာ အသက် ၁၇ ဆိုပြီး ရေတပ်ထဲ လိမ်ညာ ဝင်ရောက်ခဲ့ရာ မကြာခင်မှာပင် တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိသွားခဲ့ပြီး အထုတ်ခံခဲ့ရပါတယ်။


၁၉၁၇ ခုနှစ်တွင် ဘလက်စတုန်းစစ်သင်တန်းကျောင်း တက်ရောက်ခဲပြီး မကြာမီမှာပင် သင်တန်းကျောင်းမှ အစိုးရပိုင် ရိုင်ဖယ်သေနတ်များနှင့် ခဲယမ်းမီးကျောက်များ ပျောက်ဆုံးမှုအတွက် အထုတ်ခံရပြန်ပါတယ်။ ၁၉၁၈ ခုနှစ်မှာတော့ အိမ်ထောင်ကျခဲ့ပြီးနောက် အတ္တလန္တိတ်ကမ်းရိုးတန်းရထားလိုင်းမှာ အလုပ်ဝင်လုပ်ပြီး သီတင်းပတ်အနည်းငယ်အကြာ ရထားလမ်းအလုပ်သမားများနှင့် အလုပ်လုပ်နေစဉ် သူတို့ရဲ့ ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ငှက်တစ်ကောင်ကို သေနတ်ထုတ်ပြီးပစ်ခတ်ခဲ့လို့ အလုပ်ထုတ်ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ငွေရလွယ်ပြီး အမေရိကန်နိုင်ငံမှာ ဥပဒေအရ ပိတ်ပင်ထားတဲ့ အရက်ပုန်းချက် လုပ်ငန်းကို သူက စီးပွားဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၂၁ ဇူလိုင်မှာ သူ့ရဲ့ အရက်ပုန်းချက်လုပ်ရာနေရာကို အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ်အတွင်း တာဝန်ရှိသူတွေထဲက လက်ထောက်အရာရှိတစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့ရမှုအတွက် သူမပစ်ခတ်ခဲ့ပါကြောင်း ငြင်းဆိုခဲ့ ပါသော်လည်း တရားမဝင် အရက်ချက်လုပ်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီး သူ့အသက် ၂၁ နှစ်အရွယ် ၁၉၂၁ ခုနှစ် နိုဝင်ဘာလမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံစေဖို့ စီရင်ဆုံးဖြတ်ခဲ့လို့ သူဟာ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရပါတယ်။

ဟာလီဖက်စ်ကောင်တီ ကာလီဒိုးနီးယား အကျဉ်းထောင်ထဲမှာ အကျဉ်းသားတိုင်း ဝင်ရောက်ခွင့်မရနိုင်တဲ့ စက်ပစ္စည်းကိရိယာတွေပြုလုပ်တဲ့ အလုပ်ရုံမှာ သူ့ကိုသိတဲ့ ထောင်အရာရှိတစ်ဦးကြောင့် အလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ သူ အဲဒီအလုပ်ရုံမှာ စက်ပစ္စည်းကိရိယာတွေနဲ့ အလုပ်လုပ်ရတဲ့အချိန်တွင်းမှာ သေနတ်ကို ဝါသနာပါပြီး ပြုပြင်တတ်တာကြောင့် ထောင်အမှုထမ်းတွေရဲ့ သေနတ်တွေပျက်ရင် သူက ပြုပြင်ပေးခဲ့ရပြီး ညပိုင်း အားလပ်ချိန်မှာ သူ့အမေပို့ပေးတဲ့ စာရွက်နဲ့ပုံဆွဲကိရိယာတွေကို အသုံးချပြီး သေနတ်ပုံစံဒီဇိုင်း တွေကို ရေးဆွဲခဲ့ပါတယ်။ သူထောင်ကျနေစဉ်ကာလ ထောင်တွင်း စက်ပစ္စည်းကိရိယာ အလုပ်ရုံမှာ လုပ်နေစဉ် တွင်ခုံတွေကို အသုံးချပြီး သူက သေနတ်ကို ပြုလုပ်ကြည့်ခဲ့ပါတယ်။ ထောင်ဝါဒါက သူသေနတ် လုပ်နေတယ်ဆိုတာ သိသွားတဲ့အချိန်မှာ သူ့အတွက် သေနတ်တစ်လက် ပြုလုပ်ပြီးသွားပါပြီ။
အံ့သြစရာကောင်းတာက သူ့ကိုအရေးမယူဘဲ သူ့စိတ်ကြိုက် ဆက်လုပ်ခွင့်ပြုထား ခဲ့တာပဲဖြစ်ပါတယ်။
( ထောင်ဒဏ်ကျခံနေစဉ်အတွင်း သူကိုယ်တိုင် ရေးဆွဲပြုလုပ်ခဲ့တဲ့ သေနတ် ၄ မျိုးကို ပုံနဲ့ ဖော်ပြပေးထား ပါတယ်) ဒါတွေဟာ M1 Carbine သေနတ်ရဲ့ ကနဦးစိတ်ကူးတွေပဲ ဖြစ်ပါတယ်။

ထောင်ကျနေစဉ်တွင်း ပုံစံထုတ် ပြုလုပ်ခဲ့သည့် သေနတ်များ
 သူ့ရဲ့ထူးခြားတဲ့လက်ရာနဲ့ စိတ်ကူးပုံဖော်မှုတွေကြောင့် အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး ကိုလ့်လက်နက် ကုမ္ပဏီကတောင် သူ့ကို ထောင်ထဲလာတွေ့ခဲ့ရတဲ့အထိ ဖြစ်လာပါတယ်။ သူ့ရဲ့အရည်အချင်းကြောင့် ထောင်ပိုင်ကလည်း သူ့ကို စိတ်ကြိုက် ဒီဇိုင်းရေးဆွဲခွင့်ပြုခဲ့ပြီး နှစ်ပေါင်း ၃၀ ထောင်ဒဏ်ကျခံနေရတဲ့သူ့ကို ၈ နှစ်အကြာ ၁၉၂၉ ခုနှစ်မှာ ထောင်ကလွှတ်ပေးခဲ့ပြီး ဝင်ချက်စတာ လက်နက်အလုပ်ရုံမှာ သူ့ရည်မှန်းချက် အကောင်အထည်ဖော်နိုင်အောင် အလုပ်ဝင်ခဲ့ပါတယ်။ ထောင်တွင်းမှာ ရရှိခဲ့တဲ့ လက်နက်ငယ်ပြုလုပ်ဖို့ သူ့ရဲ့ စိတ်ကူးအကြံအစည်ကို ဝင်ချက်စတာ အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ကြိုးစားပြီး လက်တွေ့ အကောင်အထည်ဖော်ခဲ့ရာကနေ နောက်ဆုံး ၁၉၄၀ ခှုနှစ် အရောက်မှာတော့ ပွိုင့် ၃၀ ကယ်လီဘာ ဆီမီအော်တို အမ်ဝမ်း ကာဘိုင် သေနတ်ကို အောင်မြင်စွာ တီထွင်ပြုလုပ်နိုင်ခဲ့ပါတယ်။


 ဒုတိယကမ္ဘာစစ်အတွင်း 1942 ခုနှစ်အထိ အမေရိကန်စစ်တပ်တွင်းမှာ အသုံးပြုခဲ့တဲ့
M1 Garand Rifle သေနတ်ဟာ ပေါ့ပါးခြင်းမရှိဘဲ ကိုင်တွယ်အသုံးပြုရတဲ့ စစ်သားတွေအတွက် အနည်းငယ်လေးလံနေခဲ့ပြီး သူ့ထက်ပေါ့ပါးပြီး ပိုမိုကောင်းမွန်တဲ့ M1 Carbine ထွက်ပေါ်မလာခင် အချိန်ထိတော့ M1 Garand Rifle ကိုပဲ အသုံးပြုနေခဲ့ကြရတာဖြစ်ပါတယ်။ 1940 မှာ ဒေးဗစ် မာရှယ် ဝီလျံ က M1 Carbine ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ပြီး အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ကိုင်ဆောင်ဖို့
ဒုတိယကမ္ဘာစစ်ကာလ (၁၉၄၀-၄၅)အတွင်းမှာ သေနတ်အလက် ၆ သန်းကို ထုတ်လုပ်ခဲ့ရပါတယ်။ ယနေ့ချိန်မှာတော့ M1 ကာဘိုင်သေနတ်အလက်ပေါင်း ၈ သန်းကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
M1 ဆီမီအော်တို ကာဘိုင်သေနတ်ဟာ ပေါ့ပါးခိုင်ခန့်ပြီး စစ်သားတွေစိတ်ကြိုက် သေနတ်တစ်လက် ဖြစ်ခဲ့သလို ဒီသေနတ် ကို တီထွင်ခဲ့တဲ့ ဝီလျံ ရဲ့ နာမည်ကိုလည်း ကာဘိုင် ဝီလျံ ရယ်လို့ ကျော်ကြားသွား
စေခဲ့ပါတော့တယ်။

Short stroke piston
 သမားရိုးက တစ်တောင့်ချင်းပစ်ခတ်ရတဲ့သေနတ်ကို နောက်တစ်တောင့် ထပ်မံပစ်ခတ်ဖို့အတွက် အလိုအလျှောက် ကျည်ပြန်ထိုးပေးတဲ့ စနစ် ( Short-Stroke Piston ) ကို သူက စိတ်ကူးတီထွင်နိုင်ခဲ့ တာပါ။ အဲဒါကတော့ သေနတ်ကနေ ပစ်ခတ်လိုက်တဲ့ အချိန်တွင်းမှာ ယမ်းပေါက်ကွဲပြီးနောက် ကျည်ဆံထိပ်ဖူးကို သေနတ်ပြောင်းတွင်းမှ တွန်းထုတ်တဲ့ဖိအားကိုအသုံးပြုပြီး ကျန်ရစ်တဲ့ကျည်ဆံခွံကို
တွန်းထုတ်ပြီးနောက် တပြိုင်နက်တည်းမှာ နောက်ထပ်ကျည်ဆံ တစ်တောင့်ကို သေနတ်ပြောင်းတွင်း ထည့်သွင်းပြီး မောင်းခလုပ်ကိုပါ အသင့်တင်ပြီးဖြစ်သွားစေတဲ့ နည်းပညာကို သူက စိတ်ကူးကြံစည် ပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။


 ဒုတိယကမ္ဘာစစ်ကြီးအမီ ထွက်ပေါ်ခဲ့တဲ့ ဒီ M1 Carbine သေနတ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မက်အာသာက"ပိစိဖိတ်ဒေသတွင်းက စစ်ပွဲတွေအောင်နိုင်ရေးအတွက် အများကြီး အထောက်အကူ ပေးခဲ့ပါတယ်" လို့ ပြောခဲ့သလို ဂျေ အက်ဂ္ဂါဟူးဗားနဲ့ အခြားသောပုဂ္ဂိုလ်တွေကလည်း ဝီလျံဟာ Carbine သေနတ်ရဲ့ တကယ့်စံပြ ဖန်တီးရှင်တစ်ဦးဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ် အောင်နိုင်ရေးအတွက် အရေးပါတဲ့ သေနတ်တစ်လက်ဖြစ်တဲ့ M1 Carbine သေနတ်ဟာ မြောက်ကာရိုလိုင်းနားထောင်တွင်းမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတစ်ဦးရဲ့ စိတ်ကူးဉာဏ်ကနေ အခြေတည် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ယနေ့ချိန်ထိ အသုံးပြုနေဆဲ ထင်ရှားလှတဲ့သေနတ်တစ်လက် ဖြစ်ခဲ့ပါသော်လည်း သူ့ကို စတင်တီထွင်ခဲ့တဲ့ နှစ်ရှည်ထောင်ဒဏ်ကျ အကျဉ်းသား ဒေးဗစ် မာရှယ် ဝီလျံ ကတော့ ဒီကနေ့အချိန်မှာ အမေ့လျော့ခံဖြစ်နေတယ်လို့ အမေရိကန် ရုပ်သံ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၁ နှစ်အရွယ်ထိ ဘာအလုပ်ကိုပဲ လုပ်လုပ် အဆင်မပြေခဲ့တဲ့ သူ့ဘဝက ထောင်ကျပြီးချိန်မှာ စိတ်ကူးကြံစည်လုပ်ကိုင်ခဲ့တဲ့အလုပ်ကမှ တကယ်ကို ကြီးကျယ်အောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကလည်း သူ့ကို လူသတ်မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကိုသာ ဂျူရီလူကြီးအဖွဲ့တွေက ချမှတ်ခဲ့မယ်ဆိုရင် M1 Carbine သေနတ်ဆိုတာ အမေရိကန်နဲ့ကမ္ဘာ့သမိုင်းမှာ ရှိလာခဲ့မှာမဟုတ်ပါဘူး။
သူ့ကို တဆင့်နိမ့်ပြစ်ဒဏ်ဖြစ်တဲ့ လူသေစေမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့လို့သာ သမိုင်းတင်တဲ့ မော်ကွန်းစာမျက်နှာတစ်ခု ဖွင့်လှစ်နိုင်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။



 သူ့ရဲ့ဘဝဇာတ်ကြောင်းကို 1952 ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ MGM ရုပ်ရှင်ကုမ္ပဏီ က ဝီလျံနေရာမှာ မင်းသား James Stewart ကို သရုပ်ဆောင်စေပြီး "Carbine William" အမည်နဲ့ ရုပ်ရှင်ရိုက်ကူး ပြသ ခဲ့ရာမှာ အခြားနေရာများမှ ဒေါ်လာ ၅သိန်းကျော်၊ ကနေဒါနိုင်ငံမှ ဒေါ်လာ ၈ သိန်းကျော်နဲ့ အမေရိကန် နိုင်ငံတွင်းမှ ဒေါ်လာ ၁ သန်း ၇ သိန်းကျော် အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းကာလတွေမှာလည်း သူဟာ မြောက်ကာရိုလိုင်းနား ကမ်းဘားလန်းက သူ့ရဲ့ အလုပ်ရုံထဲမှာပဲ သေနတ်အမျိုးမျိုး ပုံစံထုတ်တီထွင်ရင်းနဲ့ အချိန်တွေကို ကုန်လွန်ခဲ့ပြီး 1975 ခုနှစ် ဇန္နဝါရီလမှာတော့ သူကွယ်လွန်ခဲ့ပါတယ်။

David Marshall Williams ၏ လက်နက်ငယ်များနှင့်ပတ်သက်၍
အခြားသော တီထွင်ဖန်တီးခဲ့မှုများကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
http://www.uscarbinecal30.com/Williams4.html

source:internet/skynet
(၁၉၃၉ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးတွင်းသို့ အမေရိကန်နိုင်ငံက
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီးနောက်ပိုင်းမှသာ
ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ M1 Carbine သေနတ်ကို ဒုတိယကမ္ဘာစစ်၊
ကိုရီးယားစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။)

facebook link -
https://www.facebook.com/permalink.php?story_fbid=1982001908748101&id=100008149329661

No comments:

Post a Comment