မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, September 28, 2018

ဒိန်းမတ်က အားဆေးတစ်ခွက်


ကြိုးစားနေတဲ့ မောင် ညီမလေးတို့ရေ....
လေ့လာ မှတ်သားစရာလေးလည်း ဖြစ်ရင်ဖြစ်မယ်.. ဒါမှမဟုတ် အားတက်စရာ၊ သင်ခန်းစာ ယူစရာလေးလည်း ဖြစ်ရင်ဖြစ်မယ်... ဒါပေမယ့် ဆရာမကြီးလုပ်ချင်တာ မဟုတ်ဘူးဆိုတာတော့ ကြိုပြောပါရစေ..😀

မဖြိုး ရဲ့  ရှည်လျားလှတဲ့ ခုထိလည်း မပြီးဆုံးသေးတဲ့ ပညာရေးခရီးစဉ်အကြောင်းပြောပြချင်လို့ပါ...
အသက် ၃ နှစ်ကတည်းက မူကြိုစနေတာ.. ၃၂ နှစ်မှ မာစတာဘွဲ့ ရပါတယ်... ကိုယ့် သူငယ်ချင်းတွေနဲ့ ယှဉ်ရင် တော့ နောက်ကျတာပေါ့နော်.. ဒါပေမယ့် လူက ကိုယ့်စံတော်ချိန်နဲ့ ကိုယ်ဆိုတော့ကာ အားလည်းမငယ်ဘူး၊ စိတ်ဓာတ်လည်း မကျပါဘူး.. Comparison is the thief of joy ဆိုတာကို အရမ်းသဘောကျတယ်.. တစ်ချိန်လုံး သူများတွေနဲ့ လိုက်ယှဉ်နေရင် ကိုယ့်မှာရှိတဲ့ အရည်အသွေး  ကောင်းတွေ မမြင်နိုင်ပဲ စိတ်တိုင်းတွေမကျ ဖြစ်နေရမှာပေါ့..  အဲ့လိုမဖြစ်ပါနဲ့.. ကိုယ့် အထွာနဲ့ကိုယ် ကိုယ်တတ်နိုင်သလောက်သာ ကြိုးစားပါ.. မကြိုးစားပဲနဲ့တော့ မနေနဲ့ပေါ့နော်.. ကမ္ဘာကြီးက အချိန်နဲ့ အမျှ တိုးတက်နေတာဆိုတော့ကာ ကိုယ် ရပ်လိုက်တာနဲ့ ကျန်ခဲ့မှာပဲလေ..

ငယ်ငယ်တုန်းကတော့ အင်ဂျင်နီယာသိပ်ဖြစ်ချင်တယ်.. စာတော်တဲ့ အထဲမှာလည်း ပါတယ်ဆိုပါတော့.. အဲ့ဒါကတော့ အမေ့ ကျေးဇူးပါ.. အမေက အရမ်းတွန်းတယ်.. ကိုယ်က တော့ တော်တော်ပျင်းပါတယ်.. အရမ်းလည်း အဆော့မက်တယ်.. လမ်းပေါ်မှာချည်းပဲ.. အမေက ဆရာဝန်ဖြစ်စေချင်တယ်.. အမျိုးထဲမှာ တစ်ယောက်မှ မရှိဘူး ဆိုလား.. ဒါနဲ့ ၁၀ တန်းအောင်တော့ ဂုဏ်ထူး ၃ ခု ပဲပါတယ်.. ဆေးအမှတ် ၄ မှတ်လို.. အမေကတော့ စိတ်မကောင်း.. ကိုယ် က တော့ ဘာမှ မဖြစ်.. စိတ်မှ မ၀င်စားတာ.. အဲ့ဒါနဲ့ GTI ပဲ လျှောက်တယ်... ဖြစ်ချင်တော့ အမေ ရန်ကုန်သွားတော့ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် ဆိုတာကြီး ကြားပြီး သူ့ဘာသာသူ လျှောက်လွှာတင်ခဲ့တာ.. ကိုယ်တောင် မသိဘူး.. ခေါ်တော့လည်း ဆေးဝါးက အရင်ခေါ်ပြီး.. GTI ကြီးက နောက်ကျနေတော့ ရန်ကုန်ကို ရောက်လာ.. အဲ့တုန်းက အဖွားက အင်းစိန် ရွာသစ်မှာဆိုတော့ အဲ့ဒီကနေ မြောက်ဥက္ကလာခြောက်ကွေ့ကို ၄၃ ချက်ပလက်ကားအိုကြီးစီးရတာ... ကျောင်းသွား အပ်အပ်ခြင်းနေ့ပဲ သေချင်စော်နံရော.. ကိုယ်တွေ သထုံမှာ က ဘယ်သွားသွား စက်ဘီးတစ်စီးနဲ့ပဲလေ... 😳😳

တက်ကလည်း မတက်ချင်တော့ အမေ သမီးကျောင်းကားမရှိရင် မတက်နိုင်ဘူး သထုံပြန်လိုက်မယ်ဆိုပြီး ပူဆာရော.. အဲ့ဒါနဲ့ တူတူပါလာတဲ့ ဦးလေးက လိုက်စုံစမ်းတော့ ကျောင်းကားက လမ်းထိပ်ထိ  ရောက်တယ်တဲ့.. အဲ့ဒါနဲ့ ကိုယ်လည်း စောဒကတက်လို့မရတော့ဘူး 😐 တက်တော့လည်း ပျော်လိုက်တဲ့  ဖြစ်ချင်း... အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေနဲ့.. ဘ၀မှာ အပျော်ဆုံးအချိန်တွေပဲလို့ ပြောလို့ရတယ်.. အခုထိ အရင်အတိုင်းပဲ လုံးဝမပြောင်းလဲသေးတဲ့ သူငယ်ချင်းတွေ... 😍  ဆေးဝါးမှာ ၂ နှစ်တက်ပြီး တတိယနှစ်တက်ခါစ ရှိသေးတယ်.. တစ်မိသားစုလုံး အကြောင်းအမျိုးမျိုးကြောင့် ဒီဘက်ကို ထွက်လာရ တာပေါ့နော်.. အဲ့ဒါကတော့ အကျဉ်းချုပ်ပေါ့. .အရှည်ရေးရင် တစ်ထောင့်တစ်ည ပုံပြင်ဖြစ်သွားမှာစိုးလို့...😄

အမှန်တော့ ပြောချင်တာက ဒီကမှ စမှာ.. နိဒါန်းတင် တော်တော်ရှည်နေပြီဟ 😁

ဒီဘက်လည်းရောက်ရော.. အဖေက ကိုယ့်နာမည်ကို ဖြိုးဖြိုးကနေ လွင်သန္တာဦးဆိုတဲ့ နာမည်  ပြောင်းထားတယ်.. ၁၀ တန်းအောင်လက်မှတ်ရော၊ ဆေးဝါးကယူလာတဲ့ ကျောင်းထွက်လက်မှတ်မှာ ရောက ဖြိုးဖြိုး.. နာမည် ၂ ခု က နည်းနည်းတောင်မတူ.. ဘာမှလုပ်လို့မရ.. ကိုယ်တွေ သိပ်အတွေ့အကြုံ မရှိတာလည်း ပါမယ်နဲ့တူတယ်.. ဒီတော့လည်း တစ် က နေ ပြန်စပေါ့.. ကိုယ် ဒီရောက်တော့ အသက် ၂၀ ရှိပြီ... ဒီက ကျောင်းတွေ ဘာမှ တက်လို့မရဘူး.. အငယ်တွေက အသက်မီတော့ သူတို့နဲ့ သင့်လျော်တဲ့ အတန်းတွေ တန်းတက်ရတာ.. ကိုယ်ကတော့ လူကြီးတွေနဲ့ဘဲ ဘာသာစကားကျောင်းကို အရင်တက်.. သူတို့က ၃ နှစ်အချိန်ပေးတယ်. ကိုယ်ကဘာသာစကားတစ်ခုတည်းကို ၃ နှစ်အချိန်မဖြုန်းချင်တာနဲ့ 
၁ နှစ်ခွဲနဲ့ စာမေးပွဲဝင်ဖြေ.. ပြီးတော့ ဒီကကျောင်းတွေမှာ လိုက်စုံစမ်း.. အဲ့ဒီတုန်းက စကားကလည်း တော်တော်ဆိုးတယ်.. ဘာ လက်မှတ်မှလည်း မရှိတော့ အကုန်လုံးက နိုး ပါပဲကွယ်..
ကိုယ့်ကို ဘယ်သူမှ အကြံပေးမယ့်သူလည်း မရှိ..
နောက်ဆုံး ဘာသွားတွေ့လည်းဆိုတော့ အသက်ကြီးတဲ့သူတွေ အများစုတက်တဲ့ Community college လိုမျိုးကျောင်းသွားတွေ့တယ်.. အဲ့မှာ စကားသွားပြောတော့ ၉ တန်းက စ တက်တဲ့.. အသက် ၂၂ ရှိပြီနော် 🙄
ကိုယ်ကလည်း ဘာမှသာ မတတ်တယ် ကြုံရာ အလုပ်ကို ဖြစ်သလို ၀င်မလုပ်ချင်ရ... စာ ပဲ သင်မယ်.. ပညာတတ်ပဲ ဖြစ်ချင်တယ်.. တစ်ချို့ တွေကလည်း ဒီက အဆင်ပြေတဲ့ လူအို စောင့်ရှောက်ရေးတို့၊ ဘာတို့ အကြံပေးတာပေါ့နော်.. ကိုယ်ကလည်း တက္ကသိုလ်မှ တက္ကသိုလ်.. 😅😅

အဲ့ဒါနဲ့ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာ ကိုယ်တိုင်တောင် မထင်ပါ.. အဲ့ဒီ college ကနေ ကျောင်းပြီးတော့ အမှတ်အများဆုံး ၄ ယောက်မြောက်လားမသိဘူး.. ဒီနိုင်ငံက ဆေးအမှတ်ကို မီ တယ်ဆိုပါတော့.. အဲ့တုန်းက ၂၆ ရှိပြီ..
ဘာကျောင်းလျှောက်မလဲ စဉ်းစားတော့ အဖေက မြို့ ပြတည်ဆောက်ရေး အင်ဂျင်နီယာ၊ အမေ နဲ့ တခြားလူတွေက ဆရာဝန်၊ ကိုယ်ကတော့ ဆေးဝါးပဲ ဆက်တက်ရမလား.. အဲ့တုန်းက အရမ်းစိတ်ဝင်စားနေတဲ့ ဓာတုအင်ဂျင်နီယာပဲ ဆက်တက်ရမလား..
ကိုယ်ကလည်း အဲ့ဒီအချိန်မှာ ကိုယ့်ကို အထင်သေးခဲ့တဲ့ သူတွေကို အရမ်းလုပ်ပြ ချင်နေတယ်...
ပြီးတော့ တစ်ချိန် ကိုယ့်နိုင်ငံကိုလည်း အကျိုးပြန်ပြုနိုင်တဲ့ ဘွဲ့မျိုးလည်း လိုချင်တယ်.. တော်တော် စဉ်းစားရတယ်..
နောက်ဆုံးတော့လည်း ဆေးတက္ကသိုလ်ကို ပထမဦးစားပေးထားပြီးလျှောက်ဖြစ်သွားတယ် ဆိုပါတော့.. ဇူလိုင် ၅ ရက်နေ့လျှောက်လွှာတင်တာ.. ၃၁ ရက်နေ့ အွန်လိုင်းကပဲ အဖြေသိရပါတယ်... လျှောက်တဲ့သူ သောင်းနဲ့ချီတဲ့အထဲက ထောင်ကျော် ခေါ်တာ ပါ သွားပါတယ်..
ကျောင်း စ တက်တော့ တော်တော်ခက်ခဲခဲ့တယ်.. ပျမ်းမျှအသက်က ၂၁ လေ.. ကိုယ်က အသက်ကကြီး၊ ဘာသာစကားကလည်း မကျွမ်း.. 😳
တက်တော့ ဆေးတက္ကသိုလ်.. ကျောင်းက website ကို ဘယ်လိုဝင်ကြည့်ရမှန်းတောင်မသိ၊ သူများတွေ နင် စာအုပ်တွေဝယ်ပြီးပြီလားဆို ကြောင်တောင်တောင်နဲ့ ဘာစာအုပ်မှန်းတောင် မသိခဲ့တဲ့ ဘ၀...
ကိုယ့်ကိုကိုယ် သဘောကျမိတာက ပျင်းပေမယ့် တော်ယုံနဲ့ ဇွဲမလျှော့တတ်တာလေးပဲ..😁 ပျင်းပြီး ဘယ်လို ဇွဲ ရှိတာလည်းဆိုတာတော့ ရှင်းမပြတတ်ဘူး.. 😅
လွယ်လွယ် အရှုံးမပေးချင်တာတော့ အမှန်ပဲ...

ဒီက ကျောင်းတွေကလည်း ကျောင်းသားတွေရဲ့  လိုအပ်ချက် အကုန်လုံးကို အကွက်စေ့ စီစဉ်ထားတော့ စာကျက်ဖော်လည်း သူတို့ ရွေးပေးတဲ့ ဒိန်းမတ်မလေးနဲ့... သူနဲ့ကိုယ်နဲ့ စာတူတူကျက်ခဲ့တာ ၃ နှစ်တိတိ... Bachelor ပြီးတော့ သူက ငါ လူနာတွေနဲ့ စကားမပြောချင်ဘူး ဆိုပြီးကျောင်းပြောင်းသွားရော.. မာစတာပိုင်းက ဆေးရုံမှာ နေရတဲ့အချိန်များတယ်လေ.. သူက စာအရမ်းတော်ပေမယ့် ပေါင်းသင်းဆက်ဆံရေး မကောင်း၊ သူငယ်ချင်းဆိုလို့ ကိုယ်ပဲ ရှိတာ.. အခုတော့ သူက Aalborg University မှာ သုသေတနပညာရှင်ဖြစ်နေပြီ.. လူနာတွေနဲ့ စကားမပြောရတော့ ပျော်နေပြီ.. ကိုယ်က စကားမတတ်ပေမယ့် လူနာတွေနဲ့ စကားပြောရရင် ပျော်နေတာ..
အဲ့ဒါနဲ့ အခု တူတူနေတဲ့ အခန်းဖော် ဆွီဒင်မလေးနဲ့ စာတူတူကျက်ရ...
သူတို့တွေ စိတ်တအားကောင်းတယ်.. မနာလိုစိတ်ဆိုတာ လုံးဝ မရှိဘူး...
အကုန်လုံးနီးပါးပဲ... Notes တွေဆို အချင်းချင်း မျှဝေလွန်းလို့ တစ်ခုခုဆို ကိုယ့်ဘာသာကိုယ်တောင် မရှာတော့ဘူး.. facebook group မှာ အဲ့ဒါလေးလိုချင်လို့ဆို ခဏနေ တစ်ယောက်ယောက်ဆီက
ရ ပြီးသားပဲ...
မိသားစုကတော့ စိတ်ဓာတ်ရေးရာ အားပေး၊ သူငယ်ချင်းတွေ အချင်းချင်းဖေးမပြီးတော့ ၆ နှစ်ကာလကို ကျော်ဖြတ်လို့.. ပန်းတိုင် တစ်ခုတော့ ရောက်လာပါတယ်.. နောက်ထပ်ပန်းတိုင်တွေ ရှိသေးတော့ အားလျှော့လို့ မရသေးဘူး..

အဓိကပြောချင်တာကတော့ တစ်နေရာက ငြင်းလိုက်တာနဲ့ အားမလျှော့ပါနဲ့..
နောက်တစ်နေရာသွားပါ... တစ်နေရာရာတော့ ကိုယ့်အတွက် အဆင်ပြေမှာပါ..
ပြီးတော့ ဟိုလူက ဒါလုပ်ပါလား၊ ဟိုဟာလုပ်ပါလားလို့ ပြောရင် နားမယောင်ပါနဲ့ .. လူတွေက သူတို့ မလုပ်နိုင်တဲ့ အရာကို တခြားသူတွေလည်း လုပ်နိုင်မယ် မထင်တတ်တာ သဘာဝပါ.. ဒါပေမယ့် သူ့မှာရှိတဲ့ capacity နဲ့ ကိုယ့်မှာ ရှိတဲ့ capacity ချင်းမတူပါ။
သူလုပ်နိုင်တာ ကိုယ်မလုပ်နိုင်သလို ကိုယ်လုပ်နိုင်တာလဲ သူလုပ်ချင်မှ လုပ်နိုင်မှာပါ..
ကိုယ့် နှလုံးသားကို ယုံပါ.. ဦးနှောက်နဲ့ စဉ်းစားပါ... ပြီးရင် ဆုံးဖြတ်ပါ...
ဇွဲ မလျှော့နဲ့...
သိချင်တာရှိရင် မဖြိုးကို မေးပါ... တတ်နိုင်သလောက် ကူညီမယ်.. ကူညီနိုင်မယ့်သူတွေ စုံစမ်းပေးမယ်...
ကိုယ့်တုန်းက ခက်ခဲခဲ့သလို သူများတွေကို မကြုံစေချင်ဘူး..  သိသလောက် ကူညီမယ်...
ဆေးတက္ကသိုလ်တက်ချင်တယ်ဆိုလည်း ၀င်ခွင့်ရဖို့ ဘယ်ဘာသာတွေ ပြင်ဆင်ရမလဲ.. ၀င်ခွင့်ရပြီးရင်လည်း လိုအပ်တဲ့ notes တွေ ပေးမယ်.. မသိတာတွေလည်း ရှင်းပြပေးမယ်..
ကြိုးစားစေချင်တယ်......

ကိုယ်လည်း အစတုန်းက ၀ါသနာမပါဘူးလိုလိုနဲ့.. လူနာတွေက Tak for god behandling (ကောင်းမွန်စွာ ကုသပေးလို့ ကျေးဇူးတင်ပါတယ်) တို့.. Du bliver en god læge  (နင်ဆရာဝန်ကောင်းတစ်ယောက်  ဖြစ်မှာ) တို့လို့ပြောရင် ရတဲ့ ပီတိကို အရမ်းသဘောကျနေပါပြီ... လူသားတစ်ယောက်ရဲ့  ဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျန်းမာရေးကဏ္ဍမှာ ပါဝင်ကူညီခွင့်ရတာ ကျေနပ်မိတယ်..
အခုလောလောဆယ်တော့ ကင်ဆာရောဂါအထူးကု ဆက်တက်ချင်တယ်.. နောက်တော့ ဘယ်လိုဖြစ်ဦးမလဲတော့ မသိဘူး...
ပျင်းပျင်းနဲ့ ဇွဲ ဆက်ရှိနေဦးမယ်နဲ့တူတယ်.. 😆

source:
https://www.facebook.com/betterfuture4us
facebook link -
https://www.facebook.com/permalink.php?story_fbid=2012749925673299&id=100008149329661

No comments:

Post a Comment