မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, September 6, 2018

Internet အန္တရာယ်

            

            ၂၀၀၃ ခု ညတစ်ညမှာ မီးလောင်းမှုဖြစ်ကြောင်း မီးသတ်ဌာနသို့ ယောက်ျားတစ်ယောက် ဖုန်းဆက်လာပါတယ်။ မီးသတ်အဖွဲ့များအမြန်လွှတ်လိုက်ပါမည်ဟု ပြန်လည်ပြောစဉ် ဖုန်းပြတ်သွားပါတယ်။
မီးသတ်အဖွဲ့ မီးလောင်ရာသို့ရောက်သောအခါ မီးလောင်နေသောအိမ်တွင် အလောင်းနှစ်လောင်းနှင့် အိမ်ရှေ့ကားထဲတွင်အလောင်းတစ်လောင်းတွေ့ပါတယ်။သုံးလောင်းစလုံး  သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ 
ကြပါတယ်။ သေနတ်အမျိုးအစား မှာလည်း တစ်မျိုးတည်း Revolver .22 ဖြစ်ပါတယ်။

         ကားထဲရှိအလောင်းမှာ Driver ခုံတွင်ထိုင်လျက် ဘယ်ဘက်နားထင်တွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေပါတယ်။ ၎င်းမှာ အသက် ၂၄ နှစ်ရှိ Taxi မောင်းသမား Kennth Maxwell ဖြစ်ပါတယ်။
        အိမ်ထဲမှ အလောင်းနှစ်လောင်းအနက် တစ်လောင်းမှာ အသက် ၅၁ နှစ်ရှိ Fred ဖြစ်ပြီး၊ ညအိပ်အင်္ကျီများဝတ်ထားပြီး၊ ထမင်းစားခန်းထဲတွင်ရှိနေပါတယ်။ နောက်စေ့တွင် သေနတ်ဒဏ်ရာတစ်ခု ရှိနေပါတယ်။ ၎င်းဘေးတွင် sandwich တစ်ခုလည်းကျနေပါတယ်။ အမျိုးသမီးအင်္ကျီနဲ့ မျက်မှန်တလက် လည်းရှိနေပါတယ်။
           ကျန်တစ်လောင်းမှာ အသက် ၄၂ နှစ်ရှိ Rebecca ဆိုသူအမျိုးသမီး အလောင်းဖြစ်ပြီး သေနတ် ဒဏ်ရာများစွာ ခေါင်းတွင်ရှိနေပြီး ဝတ်လစ်စလစ်နှင့်ဖြစ်ပါတယ်။ သေနတ်သံမကြားရန် ခေါင်းအုံးခံပြီး ပစ်ခဲ့ခြင်းဖြစ်ပါတယ်။ Rebecca အလောင်းကိုမူ အိပ်ခန်းထဲမှာ တွေ့ရတာဖြစ်ပါတယ်။ ထမင်းစားခန်းထဲရှိ အမျိုးသမီးအင်္ကျီနဲ့ မျက်မှန်တလက်မှာ Rebecca ရဲ့ အင်္ကျီနဲ့ မျက်မှန်ဖြစ်ပါတယ်။
        Rebecca နှင့် Fred တို့လွန်ခဲ့သော ၆ နှစ်က အကြင်လင်မယားအဖြစ် ပေါင်းသင်းကြပြီး၊ ယခုအခါ နှစ်ဦးသဘောတူ ကွာရှင်းရန် စောင့်နေစဉ် သူငယ်ချင်းအဖြစ် အတူနေထိုင်လျက်ရှိပါတယ်။
အိမ်တံခါးဖျက်စီးထားတာ မတွေ့တဲ့အတွက် တရားခံဟာ ၎င်းတို့နှင့်သိသူဖြစ်ရပါမယ်။
          မီးသတ်သမားများ မီးကိုငြိမ်းသတ်ပြီးနောက် အခန်းအားစစ်ဆေးရာ Rebecca ၏ပိုက်ဆံအိပ်၊ credit card များ၊ TV စသည်တို့ လက်ရာမပျက်ရှိနေသဖြင့် ဓါးပြတိုက်မှု မဟုတ်ဟု တွက်နိုင်ပါတယ်။ သို့ရာတွင် Rebecca ၏ computer မှာမူ ပျောက်ဆုံးနေပါသည်။ computer ထားရာ နေရာလွတ်ကို သာတွေ့ရပါတယ်။ မီးလောင်ရခြင်းအကြောင်းမှာလည်း မတော်တဆမှုမဟုတ်ဘဲ Gas မီးဖိုကြိုးအား တမင်ဖြတ်တောက်ပြီး မီးရှို့ထားခြင်းဖြစ်ပါတယ်။
   မီးသတ်သမားများ အချိန်မှီရောက်လာသဖြင့် အလောင်းနှင့် ခြေရာလက်ရာများ ကျန်နေခြင်းဖြစ်ပါတယ်။ Rebecca အလောင်းအားစစ်ဆေးရာ မတရားအကျင့်ခံထားရကြောင်း တွေ့ရပါတယ်။ လူသတ်တရာခံ၏ DNA ကို Rebecca ၏ မိန်းမကိုယ်မှရှာဖွေရာ၊ မီးရပ်လာနေစဉ်ဖြစ်သဖြင့် Rebecca ၏ DNA တွေသာ အများအပြားတွေ့ရပါတယ်။ Rebecca ၏လည်ပင်းတွင် တံတွေးအချို့တွေ့ရသဖြင့် ၎င်းမှ DNA ရှာရာ အနည်းငယ်သာ ရရှိပါတယ်။
      အခင်းဖြစ်သည့်ညက Fred နှင့် Rebecca တို့အိမ်နှင့် ၅ မီတာသာဝေးသော Renne ဘားသို့ ရောက်လာတာကို ဘားမင်းက သတိထားမိပါတယ်။ Fred နှင့် Rebecca အပြင် တစ်စိမ်းယောက်ျား တစ်ယောက်လဲ ပါ ပါတယ်။ အဲ့ဒီလူဟာ အရပ်တော်တော်မြင့်ပါတယ်။ Rebecca က internet မှာတွေ့တဲ့ ငါ့ရဲ့ cowboy လို့မိတ်ဆက်ပေးခဲ့တယ်လို့ပြောပါတယ်။ ၎င်းတို့ သုံးဦး Renne ဘား နံနက် ၂ နာရီ ပိတ်ချိန်မှာ အတူတကွ ပြန်သွားကြပါတယ်။ Taxi သမား မီးသတ်ထံခေါ်သည့်အချိန်မှာ နံနက် ၃နာရီခွဲဖြစ်ပါတယ်။
          cowboy နဲ့ ပတ်သက်၍ ဘာသတင်းမှ မရှိပါ။ နံမည်ရင်း၊ လိပ်စာ၊ တယ်လီဖုန်းနံပတ် စသည် ဘာမှမရှိပါ။ Rebecca အိမ်တွင် cowboy နဲ့ email ဆက်သွယ်ထားသောစာများနှင့် ဓါတ်ပုံများ print လုပ်ထားသည်ကိုတွေ့ရပါတယ်။ cowboy ရဲ့ဓါတ်ပုံမှာ နေကာမျက်မှန်တပ်ထားသဖြင့် လူပုံ မဖေါ်နိုင်ပါ။ email လိပ်စာမှ လိပ်စာရှင်ကိုရှာဖွေရန်အတွက် စုံထောက်များ internet experts များရှိရာ cyber web သို့သွားရောက်စုံစမ်းပါတယ်။ cyber web မှာ ၂၀၀၁ မှစ၍ FBI, CIC, NASA တို့နှင့်ဆက်သွယ်ပြီး internet information များ စုဝေးရာဌာနဖြစ်ပါသည်။ ၎င်းဌာနမှ Rebecca နှင့် ဆက်သွယ်ခဲ့သော cowboy ရဲ့ လိပ်စာကိုရရှိပါတယ်။
    cowboy အိမ်သို့ လိုက်သွားရာ ၎င်းသည် တစ်ခုလပ်၊ ခလေးနှစ်ယောက်အဖေ computer ကျောင်းသားဖြစ်ပြီး ၎င်း၏ မိခင်အိမ်တွင် နေထိုင်လျက်ရှိပါတယ်။ ၎င်း၏ computer တွင် ရှာဖွေရာ အမျိုးသမီး တော်တော်များများနှင့် email ဆက်သွယ်ထားသော စာများကိုတွေ့ရပါတယ်။ Rebecca နှင့် ဆက်သွယ်ထားသော စာများကိုမူ ဖျက်ထားပါတယ်။ Rebecca မသေခင်က ၎င်းနဲ့ email ပေါင်း ၇၈ ခု အပြန်အလှန် ရေးခဲ့ကြကြောင်းကို server တွင်တွေ့ရှိရပါတယ်။
            နောက်ဆုံး email တွင် Rebecca ကသူရဲ့ telephone number  ပေးထားတာ တွေ့ရပါတယ်။ Rebecca သေဆုံးပြီးနောက် Rebecca ရဲ့အမှုဖြစ်စဉ်ကို internet မှ ကြည့်ရှုထားတာကိုလည်း တွေ့ရ ပါတယ်။ အိမ်တွင် သွေးစွန်းသော T shirt တစ်ထည်လည်း တွေ့ရပါတယ်။ T shirt ကို လျော်ထားပေမဲ့ 
သွေးစွန်းကွက် ကျန်နေသေးတဲ့အတွက် အဲ့ဒီက DNA ရလိုရငြား နမူနာ ယူခဲ့ပါတယ်။ DNA စစ်ချက်အရ Rebecca ရဲ့ DNA ဖြစ်နေပါတယ်။
        Rebecca ရဲ့မိန်းမကိုယ်မှ DNA များကို ယောက်ျားနှင့်မိန်းမ DNA များအဖြစ် ခွဲထုတ်ပြီးမှ အနည်းငယ်ရရှိသော ယောက်ျား DNA များကို အဆပွားသောအခါမှ cowboy ရဲ့ DNA ကိုတွေ့ရှိပါတယ်။
အဲ့ဒီအချိန်မှာ လမ်းစည်းကမ်းဖောက်ဖျက်မှုကြောင့် cowboy ရဲ့ကားကို ယာဉ်ဖမ်းပုလိပ်မှ ဖမ်းဆီးထား ပါတယ်။ ကားထဲမှာ အသက်ငယ်ငယ် အမျိုးသမီးတစ်ယောက်လည်း ပါ ပါတယ်။ ကားထဲမှာ ပစ္စည်းများ ရှုပ်ပွနေပါတယ်။ ကြည့်ရသည်မှာ cowboy ကားထဲတွင်ပင် နေထိုင်နေသည့် သဘောဖြစ်ပါတယ်။ ယင်း အမျိုးသမီးငယ်နှင့်လည်း internet မှတဆင့် သိကြတာဖြစ်ပါတယ်။
         စုံထောက်များယူဆချက်မှာ cowboy သည် Rebecca နှင့်ဆက်ဆံရန်လာခဲ့ရာ Rebecca က cowboy ၏အခြေအနေကိုသိသွားသဖြင့် လက်မခံခဲ့ပုံရကြောင်း၊ Fred ရှိနေ၍ ဘာမှ လုပ်မရဖြစ်နေသဖြင့် ကားထဲသို့ပြန်သွားပြီး သေနတ်ယူခဲ့ကြောင်း၊ ထိုအချိန်တွင် Fred က cowboy ပြန်သွားပြီ အထင်နှင့် sandwich လုပ်နေစဉ် အနောက်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်  Rebecca အားမတရားကျင့်၊ သတ်ပြီး လက်စဖြောက်ရန် အိမ်ကို  မီးရှို့၊ computer ယူပြီးထွက်လာစဉ်၊ taxi သမားက မီးသတ်ကို ဖုန်းဆက်နေတာတွေ့၍ taxi သမားပါ သတ်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုမှာ DNA technology, DNA  ကိုပွားများနိုင်သော PCR technology,  computer websites expert များ၏ အကူအညီဖြင့် တရားခံကိုဖေါ်ထုတ်နိုင်တာဖြစ်ပါတယ်။

ဒီဇတ်လမ်းရေးနေစဉ် လွန်ခဲ့သောနှစ် ၂၀ ကျော် computer များပေါ်ကာစက ဂျပန်နိုင်ငံတွင် လူအောင်သွယ်များ ဆန္ဒပြခဲ့တာကို အမှတ်ရမိပါတယ်။ ဂျပန်နိုင်ငံမှာ လူအောင်သွယ်များမှတစ်ဆင့် အိမ်ထောင်ဖက်ရှာလေ့ရှိပါတယ်။ အိမ်ထောင်ပြုဖြစ်ပါက အောင်သွယ်ကို ကီမိုနိတစ်စုံ ပေးရပါတယ်။
(မြန်မာပြည်တွင် ခေါ်သော ကီမိုနိုမှာ တကယ့် ကီမိုနိုမဟုတ်ပါ။ ဂျပန် အိပ်ရာခင်းများကို ကီမိုနိုဟု ခေါ်ကြခြင်း ဖြစ်ပါတယ်။)

      computer များပေါ်လာသောအခါ လူအောင်သွယ် မသုံးတော့ဘဲ computer များမှတစ်ဆင့် ဖူးစားရှင်ရှာကြသဖြင့်  လူအောင်သွယ်များက လူတွေရဲ့ အိမ်ထောင်ရေးကို စက်တွေက စီမံနေတာ အဓိပ္ပါယ်မရှိဟု ပြောခဲ့ကြပါတယ်။
     နှစ်မကြာခင် ဂျပန်များ လူအောင်သွယ်များဆီသို့ ပြန်လှည့်ကုန်ကြသည်ဟု ကြားရပါတယ်။ ဘာကြောင့်လည်း ?
        computer ထဲ data ထဲ့တဲ့အခါ မိမိရဲ့ ကောင်းတဲ့အချက်တွေသာ ထဲ့ကြပြီး မကောင်းတဲ့အကျင့်တွေ မထဲ့ကြတဲ့အတွက် computer က မှန်မမှန် check မလုပ်နိုင်ပဲ သူ့ထဲမှာထဲ့ထားသော data အတိုင်း match လုပ်ပေးတဲ့အတွက် အိမ်ထောင်ပြုပြီးမှ မကောင်းတဲ့ အချက်တွေ၊ အကျင့်တွေ တွေ့ကြရတဲ့ အတွက်ဖြစ်ပါတယ်။
computer နဲ့ internet တွေဟာ အလွန်အသုံးဝင်တဲ့ သိပ္ပံပညာရဲ့ တီထွင်မှုတွေဖြစ်ပါတယ်။
ဒါပေမဲ့ မီးတို့၊ လျှပ်စစ်တွေလိုပါပဲ သုံးတဲ့သူပေါ်မူတည်ပြီး ကောင်းကျိုး၊ ဆိုးကျိုးရမှာဖြစ်ပါတယ်။
မိမိအတွက်ရော၊ တစ်ပါးအတွက်ပါ ကောင်းကျိုးဆောင်နိုင်ကြပါစေ။

(မြတ်ပန်းရဂုံ)
Wednesday, May 9, 2012

No comments:

Post a Comment