“ေလာက၌အေကာင္းဆံုးေသာအရာ”
----------------------------------------
တစ္ခါတုန္းက ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္းႀကီး အုပ္စိုးစဥ္္တုန္းက
ျမတ္စြာဘုရားအေလာင္းဟာ အဲဒီျဗဟၼဒတ္မင္းႀကီးရဲ႕ ပုေရာဟိတ္ပုဏၰား
ျဖစ္ခဲ့ဖူးတယ္။ မင္းႀကီးက အင္မတန္ခ်စ္တယ္။ ေပးစရာရွိ သူမ်ားထက္
ပုိၿပီးေတာ့ ေပးတယ္။ ခ်ီးေျမွာက္စရာရွိ သူမ်ားထက္ ပိုၿပီးေတာ့
ခ်ီးေျမွာက္တယ္။ ကူညီေစာင့္ေရွာက္စရာရွိ သူမ်ားထက္ ပိုၿပီးေတာ့
ကူညီေစာင့္ေရွာက္တယ္။ အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့ ပုေရာဟိတ္
ပုဏၰားကို ျဗဟၼဒတ္မင္းႀကီးက သူမ်ားထက္ ပိုၿပီးေတာ့ ခ်စ္ျမတ္ႏိုးတယ္။
အားလံုးထက္ သိသိသာသာကို ခ်စ္ျမတ္ႏိုးေတာ့ တစ္ေန႔မွာ
ဘုရားေလာင္း ပုေရာဟိတ္ပုဏၰားက စဥ္းစားတယ္။
“ရွင္ဘုရင္ႀကီးက ငါ့ကို သူမ်ားထက္ ပိုၿပီးေတာ့ ခ်စ္ျမတ္ႏိုးတယ္။
ဒီလိုခ်စ္ျမတ္ႏိုးတာဟာ ငါ့ရဲ့အမ်ိိဳးျမတ္ျခင္းေၾကာင့္ပဲလား၊ ဒါမွမဟုတ္
ငါပညာတတ္ျခင္းေၾကာင့္ပဲလား၊ ဒါမွမဟုတ္ ငါရဲ့ကိုယ္က်င့္သီလ
ေကာင္းျခင္းေၾကာင့္ပဲလား။ စမ္းသပ္ၾကည့္ဦးမွပဲ” ဆိုၿပီးေတာ႔ ……
တစ္ေန႔မွွာ နန္းေတာ္ကေန အခစားျပန္လာတဲ့အခ်ိန္္ ရွင္ဘုရင္ရဲ႕
ေရႊပန္းတိမ္ဖိုကေနၿပီးေတာ့ ေရႊအသျပာတစ္ခု အသိမေပးပဲနဲ႔
ယူလာခဲ့တယ္။ ဒုတိယေန႔မွာ ေရႊအသျပာႏွစ္ခု။ တတိယေန႔မွာ
ေရႊအသျပာတစ္ဆုပ္ အသိမေပးပဲနဲ႔ ယူလာခဲ့တယ္။
ေရႊပန္းတိမ္သည္ကလည္းပဲ ပုေရာဟိတ္ပုဏၰားကို ႐ိုေသေလးစားတဲ့
အတြက္ေၾကာင့္ ပထမေန႔မွာ ဘာမွ မေျပာပါဘူး။ ၾကည့္ေနလိုက္တယ္။
ဒုတိယေန႔မွာလည္းပဲ ဘာမွ မေျပာပါဘူး။ ၾကည့္ေနလိုက္တယ္။
တတိယေန႔ ေရႊတစ္ဆုပ္စာလည္းယူေရာ ခ်က္ခ်င္း ဖမ္းယူၿပီးေတာ့…
“သင္ဟာ ဒီေလာက္အခိ်န္ကာလၾကာေအာင္ ကိုုယ့္ကိုကိုယ္
ကိုယ္က်င့္သီလ ရွိသလိုလိုနဲ႔ လွည့္လည္ခဲ့တာပဲ။ သင္ဟာ ႏွစ္ေပါင္း
မ်ားစြာ ကိုယ့္ကိုကိုယ္ ကိုယ္က်င့္သီလရွိသလိုလုိ အေယာင္ေဆာင္ခဲ့
တာပဲ။ ဒီေန႔ေတာ့ သင့္အမွန္တရားေပၚၿပီ။ သင္ဟာ ကိုယ္က်င့္သီလ
လံုးဝမရွိတဲ့လူတစ္ေယာက္ပဲ။ သင့္ကို ကြ်န္ုပ္ဖမ္းတယ္” ဆိုၿပီး သူခိုးဗ်ိဳ႕
သူခိုးဗ်ိဳ႕နဲ႔ တစ္ခါတည္း ေအာ္ေတာ့တာပဲ။ အဲဒီလိုေအာ္ေတာ့ အနီး
အနားမွာရွိတဲ့ လူေတြလည္း ေျပးလာၾကၿပီးေတာ့ ဟိုလူက ႏွစ္ခ်က္
သံုးခ်က္ေလာက္႐ိုက္လိုက္ ဒီလူက႐ိုက္လိုက္နဲ႔ ဝုိင္းၿပီးေတာ့
႐ိုက္ၾကတယ္။
“သင့္ကို ကြ်န္ုပ္တို႔က ပညာရွိသူေတာ္ေကာင္းႀကီး၊ ကိုယ္က်င့္သီလ
ေကာင္းတဲ့ ပုဂၢိဳလ္ႀကီးလို႔ ထင္လာခဲ့တာ။ ထင္ၿပီးေတာ့ ႐ိုေသေလးစား
လာခဲ့တာ။ ခုေတာ့ သင္ဟာ ကိုုယ္က်င့္သီလမရွိတဲ့သူတစ္ေယာက္ပဲ”
ႀကိဳးနဲ႔ လက္ျပန္တုပ္ၿပီးေတာ့ ရွင္ဘုရင္ဆီေခၚလာတယ္။
ရွင္ဘုရင္က..
“ဘာကိစၥလဲ”
“ဒီလိုပါပဲ..ရွင္ဘုရင္ရဲ႕ ေရႊပန္းတိမ္ဖိုကေန ေရႊအသျပာေတြ
သံုးရက္တိုင္တိုင္ ခိုးယူတဲ့အတြက္ေၾကာင့္ ေရွ႕ေတာ္ေမွာက္
ေခၚလာၿခင္းပါ”
“ကဲ ဒီလိုခိုးယူတယ္ဆိုရင္လည္း ေပးသင့္တဲ့ ျပစ္ဒဏ္
ေပးလိုက္ေတာ့ေပါ့။ တရားဥပေဒအတိုင္း စီရင္ပါ” လို႔
ရွင္ဘုရင္က မိန္႔လိုက္ေတာ့
ပုေရာဟိတ္ပုဏၰားၾကီးက…
“အရွင္မင္းႀကီး ကြ်န္ုပ္သူခိုးမဟုတ္ပါဘူး”
“သူခိုးမဟုတ္ရင္ ေရႊပန္းတိမ္ဖိုက ေ႐ႊေတြဘာျဖစ္လို႔ ယူရတာလဲ”
“မွန္လွပါအရွင္မင္းျမတ္ဘုရား….
အရွင္မင္းျမတ္ဟာ ကြ်န္ုပ္ကိုသူမ်ာထက္ပိုၿပီးေတာ့ ခ်စ္ျမတ္ႏိုးတယ္။
သူမ်ားထက္ ပိုၿပီးေတာ့ ခ်ီးေၿမွာက္တယ္။ သူမ်ားထက္ပိုၿပီးေတာ့
အေရးေပးတယ္။ အားလံုးထက္ ခ်စ္ျမတ္ႏိုးျခင္းခံရတာ၊ အေရးေပးခံရ
တာဟာ ကြ်န္ေတာ္မ်ိဳး အမ်ိဳးျမတ္လို႔ပဲလား၊ ပညာေတြတတ္လို႔ပဲလား၊
ကိုယ္က်င့္သီလ ေကာင္းလို႔ပဲလားဆိုတာ စမ္းသပ္ၾကည့္ခ်င္လို႔
ကြ်န္ုပ္ယခုကဲ့သို႔ ယူရျခင္းျဖစ္ပါတယ္”
“ခုေတာ့ သိပါၿပီ။ အမ်ဳိးျမတ္တာကလည္း သံုးမရပါဘူး။
ကိုယ္က်င့္သီလ ေကာင္းျခင္းကသာ သံုးရပါတယ္။ ေလာကမွာ
အေကာင္းဆံုးအရာဟာ ကိုယ္က်င့္သီလ၊ ေလာကမွာ အျမတ္ဆံုး
အရာဟာ ကိုယ္က်င့္သီလဆိုတာ ကြ်န္္ုပ္သေဘာေပါက္ပါၿပီ။
ေလာကမွာ သီလထက္ေကာင္းျမတ္တဲ့အရာ မရွိဘူးဆိုတာ
သေဘာေပါက္ပါၿပီ” ဆိုၿပီး
ေတာထြက္ခြင့္ေတာင္းကာ ေတာထြက္သြားပါတယ္။
★ ပညာတတ္လို႔ အမ်ိဳးျမတ္လို႔
ငါ့ကို ခ်စ္ျမတ္ႏိုးတာမွ မဟုတ္ဘဲ။
ကိုယ္က်င့္သီလေကာင္းလို႔သာ
ခ်စ္ျမတ္ႏိုးတာေလ။
႐ုပ္ရည္၊ ဥစၥာ၊ ပညာ တန္ခိုး
ဘာမ်ား တန္ဖိုးရွိလို႔လဲကြယ္..။★
(အရွင္ဆႏၵာဓိက ၏ “ေလာက၌အေကာင္းဆံုးေသာအရာ”
စာမ်က္ႏွာ-၁၄၊ ၁၅ မွ)
=============================
“လောက၌အကောင်းဆုံးသောအရာ”
----------------------------------------
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ်တုန်းက
မြတ်စွာဘုရားအလောင်းဟာ အဲဒီဗြဟ္မဒတ်မင်းကြီးရဲ့ ပုရောဟိတ်ပုဏ္ဏား
ဖြစ်ခဲ့ဖူးတယ်။ မင်းကြီးက အင်မတန်ချစ်တယ်။ ပေးစရာရှိ သူများထက်
ပိုပြီးတော့ ပေးတယ်။ ချီးမြှောက်စရာရှိ သူများထက် ပိုပြီးတော့
ချီးမြှောက်တယ်။ ကူညီစောင့်ရှောက်စရာရှိ သူများထက် ပိုပြီးတော့
ကူညီစောင့်ရှောက်တယ်။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ ပုရောဟိတ်
ပုဏ္ဏားကို ဗြဟ္မဒတ်မင်းကြီးက သူများထက် ပိုပြီးတော့ ချစ်မြတ်နိုးတယ်။
အားလုံးထက် သိသိသာသာကို ချစ်မြတ်နိုးတော့ တစ်နေ့မှာ
ဘုရားလောင်း ပုရောဟိတ်ပုဏ္ဏားက စဉ်းစားတယ်။
“ရှင်ဘုရင်ကြီးက ငါ့ကို သူများထက် ပိုပြီးတော့ ချစ်မြတ်နိုးတယ်။
ဒီလိုချစ်မြတ်နိုးတာဟာ ငါ့ရဲ့အမျိုးမြတ်ခြင်းကြောင့်ပဲလား၊ ဒါမှမဟုတ်
ငါပညာတတ်ခြင်းကြောင့်ပဲလား၊ ဒါမှမဟုတ် ငါရဲ့ကိုယ်ကျင့်သီလ
ကောင်းခြင်းကြောင့်ပဲလား။ စမ်းသပ်ကြည့်ဦးမှပဲ” ဆိုပြီးတော့ ……
တစ်နေ့မှာ နန်းတော်ကနေ အခစားပြန်လာတဲ့အချိန် ရှင်ဘုရင်ရဲ့
ရွှေပန်းတိမ်ဖိုကနေပြီးတော့ ရွှေအသပြာတစ်ခု အသိမပေးပဲနဲ့
ယူလာခဲ့တယ်။ ဒုတိယနေ့မှာ ရွှေအသပြာနှစ်ခု။ တတိယနေ့မှာ
ရွှေအသပြာတစ်ဆုပ် အသိမပေးပဲနဲ့ ယူလာခဲ့တယ်။
ရွှေပန်းတိမ်သည်ကလည်းပဲ ပုရောဟိတ်ပုဏ္ဏားကို ရိုသေလေးစားတဲ့
အတွက်ကြောင့် ပထမနေ့မှာ ဘာမှ မပြောပါဘူး။ ကြည့်နေလိုက်တယ်။
ဒုတိယနေ့မှာလည်းပဲ ဘာမှ မပြောပါဘူး။ ကြည့်နေလိုက်တယ်။
တတိယနေ့ ရွှေတစ်ဆုပ်စာလည်းယူရော ချက်ချင်း ဖမ်းယူပြီးတော့…
“သင်ဟာ ဒီလောက်အချိန်ကာလကြာအောင် ကိုယ့်ကိုကိုယ်
ကိုယ်ကျင့်သီလ ရှိသလိုလိုနဲ့ လှည့်လည်ခဲ့တာပဲ။ သင်ဟာ နှစ်ပေါင်း
များစွာ ကိုယ့်ကိုကိုယ် ကိုယ်ကျင့်သီလရှိသလိုလို အယောင်ဆောင်ခဲ့
တာပဲ။ ဒီနေ့တော့ သင့်အမှန်တရားပေါ်ပြီ။ သင်ဟာ ကိုယ်ကျင့်သီလ
လုံးဝမရှိတဲ့လူတစ်ယောက်ပဲ။ သင့်ကို ကျွန်ုပ်ဖမ်းတယ်” ဆိုပြီး သူခိုးဗျို့
သူခိုးဗျို့နဲ့ တစ်ခါတည်း အော်တော့တာပဲ။ အဲဒီလိုအော်တော့ အနီး
အနားမှာရှိတဲ့ လူတွေလည်း ပြေးလာကြပြီးတော့ ဟိုလူက နှစ်ချက်
သုံးချက်လောက်ရိုက်လိုက် ဒီလူကရိုက်လိုက်နဲ့ ဝိုင်းပြီးတော့
ရိုက်ကြတယ်။
“သင့်ကို ကျွန်ုပ်တို့က ပညာရှိသူတော်ကောင်းကြီး၊ ကိုယ်ကျင့်သီလ
ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်လာခဲ့တာ။ ထင်ပြီးတော့ ရိုသေလေးစား
လာခဲ့တာ။ ခုတော့ သင်ဟာ ကိုယ်ကျင့်သီလမရှိတဲ့သူတစ်ယောက်ပဲ”
ကြိုးနဲ့ လက်ပြန်တုပ်ပြီးတော့ ရှင်ဘုရင်ဆီခေါ်လာတယ်။
ရှင်ဘုရင်က..
“ဘာကိစ္စလဲ”
“ဒီလိုပါပဲ..ရှင်ဘုရင်ရဲ့ ရွှေပန်းတိမ်ဖိုကနေ ရွှေအသပြာတွေ
သုံးရက်တိုင်တိုင် ခိုးယူတဲ့အတွက်ကြောင့် ရှေ့တော်မှောက်
ခေါ်လာခြင်းပါ”
“ကဲ ဒီလိုခိုးယူတယ်ဆိုရင်လည်း ပေးသင့်တဲ့ ပြစ်ဒဏ်
ပေးလိုက်တော့ပေါ့။ တရားဥပဒေအတိုင်း စီရင်ပါ” လို့
ရှင်ဘုရင်က မိန့်လိုက်တော့
ပုရောဟိတ်ပုဏ္ဏားကြီးက…
“အရှင်မင်းကြီး ကျွန်ုပ်သူခိုးမဟုတ်ပါဘူး”
“သူခိုးမဟုတ်ရင် ရွှေပန်းတိမ်ဖိုက ရွှေတွေဘာဖြစ်လို့ ယူရတာလဲ”
“မှန်လှပါအရှင်မင်းမြတ်ဘုရား….
အရှင်မင်းမြတ်ဟာ ကျွန်ုပ်ကိုသူမျာထက်ပိုပြီးတော့ ချစ်မြတ်နိုးတယ်။
သူများထက် ပိုပြီးတော့ ချီးမြှောက်တယ်။ သူများထက်ပိုပြီးတော့
အရေးပေးတယ်။ အားလုံးထက် ချစ်မြတ်နိုးခြင်းခံရတာ၊ အရေးပေးခံရ
တာဟာ ကျွန်တော်မျိုး အမျိုးမြတ်လို့ပဲလား၊ ပညာတွေတတ်လို့ပဲလား၊
ကိုယ်ကျင့်သီလ ကောင်းလို့ပဲလားဆိုတာ စမ်းသပ်ကြည့်ချင်လို့
ကျွန်ုပ်ယခုကဲ့သို့ ယူရခြင်းဖြစ်ပါတယ်”
“ခုတော့ သိပါပြီ။ အမျိုးမြတ်တာကလည်း သုံးမရပါဘူး။
ကိုယ်ကျင့်သီလ ကောင်းခြင်းကသာ သုံးရပါတယ်။ လောကမှာ
အကောင်းဆုံးအရာဟာ ကိုယ်ကျင့်သီလ၊ လောကမှာ အမြတ်ဆုံး
အရာဟာ ကိုယ်ကျင့်သီလဆိုတာ ကျွန်ုပ်သဘောပေါက်ပါပြီ။
လောကမှာ သီလထက်ကောင်းမြတ်တဲ့အရာ မရှိဘူးဆိုတာ
သဘောပေါက်ပါပြီ” ဆိုပြီး
တောထွက်ခွင့်တောင်းကာ တောထွက်သွားပါတယ်။
★ ပညာတတ်လို့ အမျိုးမြတ်လို့
ငါ့ကို ချစ်မြတ်နိုးတာမှ မဟုတ်ဘဲ။
ကိုယ်ကျင့်သီလကောင်းလို့သာ
ချစ်မြတ်နိုးတာလေ။
ရုပ်ရည်၊ ဥစ္စာ၊ ပညာ တန်ခိုး
ဘာများ တန်ဖိုးရှိလို့လဲကွယ်..။★
(အရှင်ဆန္ဒာဓိက ၏ “လောက၌အကောင်းဆုံးသောအရာ”
စာမျက်နှာ-၁၄၊ ၁၅ မှ)

No comments:
Post a Comment