မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, September 5, 2020

ထူးခြားဖြစ်စဉ်လေးတစ်ခု

 ပစ္စည်းရောင်းချဖို့ ဆိုင်သို့လာခဲ့သော်လည်း

မမျှော်လင့်တဲ့ အဖြစ် ကြုံခဲ့ရတဲ့ အမျိုးသမီး

----------------------------------------------------

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့က ရတနာဆိုင်

တစ်ဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြား အဖြစ်အပျက်ကလေးက 

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။


နိုအာလို့ အမည်ရတဲ့ အလုပ်သမားလေးက သူလုပ်နေတဲ့ ရတနာဆိုင်မှာ 

တစ်ညနေခင်း ဆိုင်ပိတ်ဖို့ ပစ္စည်းတွေကို သိမ်းဆည်းနေခိုက် ဆိုင်ထဲကို 

အမျိုးသမီးတစ်ဦးက သူမရဲ့ကလေးနှစ်ဦးနဲ့အတူ ဝင်ရောက်လာခဲ့ပြီး ဆိုင်ထဲ

မှာရှိနေတဲ့ သူ့ကို သူမရဲ့ လက်စွပ်နဲ့ဆွဲကြိုးကို ရောင်းဖို့ ပြသခဲ့ပါတယ်။


ဘာလို့ရောင်းချင်တာလဲလို့ နိုအာ က မေးတဲ့အခါ ...

သူမမှာ လောလောဆယ် သုံးစရာငွေ ပြတ်လပ်သွားတဲ့အတွက် 

ငွေလိုနေတာကြောင့် ရောင်းချလိုကြောင်းပြောကြားခဲ့ပါတယ်။ လက်စွပ်ဟာ

သူမရဲ့ မိခင်က ပေးခဲ့တဲ့ လက်ဆောင်ဖြစ်ပြီး အမွေပစ္စည်းလိုဖြစ်ပေမယ့်လဲ

သူမအနေနဲ့ ခုနေခါမှာ လောလောဆယ် ပေးဆောင်ဖို့ရှိနေတဲ့ အခွန်ငွေတွေ

နဲ့ မိသားစုသုံးဦး စားသောက်ဖို့အတွက် လိုအပ်နေတာကြောင့် သူမ ရစရာ

ရှိတဲ့ငွေ မရသေးမီစပ်ကြားလေးမှာ အခက်အခဲ မဖြစ်ရလေအောင်သာ 

ဒါတွေကို ရောင်းချရတာပါလို့ နိုအာကို ပြောပြနေချိန်မှာ အမျိုးသမီးဖြစ်သူရဲ့

မျက်နှာမှာ မျက်ရည်တွေ ရစ်ဝဲနေပါတယ်။


ဒါနဲ့ နိုအာလည်း သူမရောင်းချလိုတဲ့ ပစ္စည်းကို ကြည့်ရှုစစ်ဆေးပြီး ဒါကို 

အခု ပိုက်ဆံလိုနေလို့ ရောင်းချင်တာ တကယ်ပဲလား လို့ ထပ်မေးပါတယ်။ 

အမျိုးသမီးကလည်း ဟုတ်ပါတယ်လို့ ဖြေပါတယ်။ အမျိုးသမီးက ရောင်းမှာ

သေချာတယ်ဆိုတာနဲ့ နိုအာ က ဒါဆို ခင်ဗျား ဒီအတွက် ဘယ်လောက်

လိုချင်တာလဲလို့ မေးတော့ သူမက ဘယ်လောက်ပဲဖြစ်ဖြစ် ရတဲ့ငွေက 

သူမတို့မိသားစုအတွက် လုံလောက်တဲ့ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်လို့ 

ဆိုတော့ နိုအာက ပေးရမယ့်ငွေကို တွက်ချက်ပြီး သူ့အိတ်ထဲမှာရှိတဲ့ 

ပိုက်ဆံတွေနဲ့ အမျိုးသမီးကို ပေးလိုက်ပါတယ်...

ဒီနေရာမှာ ထူးခြားတာက သူဟာ အမျိုးသမီးရဲ့ လက်စွပ်လေးကို

ယူမထားလိုက်ဘဲ ငွေတွေနဲ့အတူ ပြန်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ပထမတော့ အမျိုးသမီးက ပြန်ပေးတဲ့လက်စွပ်ကို ယူဖို့တွန့်နေပါတယ်။ 

ဒီတော့ နိုအာက ဒါ ခင်ဗျားအမေဆီက ရထားတဲ့ လက်ဆောင်ဆိုတော့ 

ဒါကို ခင်ဗျား ပြန်ယူထားလိုက်ပါလို့ဆိုပြီး  သူမလက်ထဲ ပြန်ထည့်ပေး

လိုက်ပါတယ်။


ကလေးနှစ်ယောက်နဲ့ အခက်အခဲကြုံနေလို့ ဆွဲကြိုးနဲ့လက်စွပ်ကို

ရောင်းဖို့ရောက်လာတဲ့ အမျိုးသမီးက ခုလို့ မထင်မှတ်တဲ့ ဖြစ်ရပ်နဲ့

ကြုံလိုက်ရတော့ သားအမိသုံးဦး အံ့သြဝမ်းသာပြီး အမျိုးသမီးက

သူ့ကို ကျေးဇူးတင်ပါကြောင်းပြောပြီး သူမသမီးကိုဖက်ပြီး 

ငိုနေတာနဲ့ သူက မငိုပါနဲ့လို့တောင် ပြောလိုက်ပါသေးတယ်...

အဲဒါအပြင် အဲဒီအမျိုးသမီးကို နောင် လိုအပ်ရင် ဆက်သွယ်လို့ရအောင် 

သူ့ရဲ့ဖုန်းနံပါတ်ပါ ရေးပေးလိုက်ပြီး အမေကိုဂရုစိုက်ဖို့ သူမရဲ့ သမီးကိုလည်း

မှာလိုက်သလို နောင်အခါမှာ ဒီလက်စွပ်လေးကို မဖြစ်မနေ ရောင်းရမှ

ဖြစ်မယ်ဆိုရင် တခြားမသွားဘဲ သူ့ဆီပြန်လာရောင်းပါ သူ ဝယ်ယူပါ့မယ်လို့ 

အမျိုးသမီးကို ပြောလိုက်ပါတယ်။


အဲဒီအဖြစ်အပျက်ဟာ ဆိုင်မှာတပ်ထားတဲ့ CCTV ကနေ မြင်တွေ့ရတဲ့ 

တညနေခင်း အဖြစ်အပျက်လေးသာ ဖြစ်ပေမဲ့ နှလုံးသားကို နွေးထွေး

သွားစေခဲ့လို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။

ကလေးနှစ်ယောက်နဲ့ ဘဝကို ရုန်းကန်နေရတဲ့ အဖြစ်ဟာ ဘယ်လောက်

ခက်ခဲမယ်ဆိုတာ နိုအာ ခန့်မှန်းနိုင်ပါတယ်။ အဲဒါကတော့ သူကိုယ်တိုင်

ပြည်တွင်းစစ်ဖြစ်လို့ အမိနိုင်ငံကနေ စွန့်ခွာခဲ့ရပြီး ဒုက္ခသည်ဘဝနဲ့ 

အမေရိကန်နိုင်ငံကိုရောက်လာတဲ့ ဆီးရီးယားလူမျိုးတစ်ဦး ဖြစ်နေခဲ့လို့ပါပဲ။

“ ခင်ဗျား ဘာ ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ ကမ္ဘာပေါ်က ဘယ်နေရာမှာ

နေသည်ဖြစ်စေ အရေးမကြီးပါဘူး..  အရေကြီးတာက လူတိုင်းဟာ လူသား

ပီပီ နေထိုင်လုပ်ကိုင် သင့်ကြတာပေါ့ ” လို့ CBS သတင်းကို နိုအာ က

ပြောသွားခဲ့ပြီး သူဟာ လောလောဆယ်မှာတော့ သူအလုပ်လုပ်နေတဲ့ 

ဒါးလက်စ်မြို့မှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပါတယ်။


source:GoodTimes

===========================




----------------------------------------------------





























































source:GoodTimes

No comments:

Post a Comment